Brexit နှင့်ပတ်သက်ပြီး ယူကေနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးရဲ့ ခံစားချက်

Brexit နှင့်ပတ်သက်ပြီး ယူကေနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးရဲ့ ခံစားချက်
by -
ခိုနူမ်းထုန်
ဆလိုင်းဗန်ကျံုးလျန် (ယူကေ) – ကျွန်တော် ယူကေနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးပါ။ Brexit နှင့်ပတ်သက်ပြီး ကျွန်တော့ အမြင်နှင့် ခံစားချက်လေး ဝေငှချင်ပါတယ်။

Brexit ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပါဘဲ ဥရောပသမဂ္ဂထဲကနေ ယူကေနိုင်ငံထွက်ခွာဖို့ (သို့) ဆက်နေဖို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပတာ ဖြစ်ပါတယ်။ ယူကေနိုင်ငံဟာ ဥရောပသမဂ္ဂထဲမှာ ဆက်နေမလား ထွက်မလားဆိုတာ သူတို့နိုင်ငံသားတွေရဲ့ ဆုံးဖြတ်ချက်ပါ။ တိုင်းတစ်ပါးကနေ ပြောင်းရွှေ့လုပ်ကိုင်သူတစ်ဦးအနေနဲ့ ဘာမှပြောဆိုခွင့်မရှိပေမယ့် နိုင်ငံခြားမှ ပြောင်းရွှေ့လုပ်ကိုင်သူတွေကို ကြိုဆိုတဲ့ နိုင်ငံဖြစ်စေချင်တဲ့အတွက် ဆက်နေဖို့မဲဆွယ်တဲ့သူတွေကို စိတ်ထဲကနေ အားပေးခဲ့တယ်။ ဆက်နေဖို့လည်း မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ဘယ်တတ်နိုင်မှာလဲ။ ထွက်ဖို့ဆုံးဖြစ်ပြီးပြီး။

တစ်ချို့တွေက ဒါဟာ ဒီမိုကရေစီရဲ့အောင်ပွဲလို့ ပြောကြပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုမမြင်ပါဘူး။ ဒီနိုင်ငံမှာ ပြောင်းရွှေ့နေထိုင်သူတစ်ဦးအနေနဲ့ လက်ယာ ဘက်အစွန်းရောက် (Right Wing Extremist) လူမျိုးရေးခွဲခြားစိတ်ရှိတဲ့သူတွေရဲ့ အောင်ပွဲလို့ဘဲမြင်ပါတယ်။ တိုင်းတစ်ပါးကနေ ယူကေနိုင်ငံကို လာရောက်ပြောင်းရွှေ့လုပ်ကိုင်သူများကို မလိုလားတဲ့သူတွေ၊ မုန်းတီးတဲ့သူတွေရဲ့ အောင်ပွဲလို့ပဲခံယူပါတယ်။ ထွက်ဖို့မဲပေးသူအားလုံးကို အစွန်းရောက်သူတွေလို့ မဆိုလိုပါ။ ဒါပေမယ့် အများစုဟာ နိုင်ငံခြားကနေ ၀င်ရောက်လာသူတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ခုလို ဥရောပသမဂ္ဂကနေထွက်ဖို့မဲပေးလိုက်ကြတာပါ။ ဥရောပသမဂ္ဂရဲ့ ဥပဒေအရ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာသွားလာနေထိုင်ခွင့်ရှိကြတယ်။ ယူကေနိုင်ငံက ထိန်းချုပ်နိုင်ခွင့်မရှိပါဘူး။ အဲဒါကြောင့် ဥရောပသမဂ္ဂ အပေါ်မှာ မကျေနပ်တဲ့သူတွေ တော်တော် များပါတယ်။

ထွက်ဖို့ (Leave) မဲဆွယ်တဲ့ခေါင်းဆောင်တွေဟာ နိုင်ငံရေးအဆိုနဲ့ပြောရမယ်ဆိုရင်တော့ လက်ယာဘက် နှင့် လက်ယာဘက်အစွန်းရောက်သူ (Right & Extreme Right Wing) တွေဘဲဖြစ်ပါတယ်။ သူတို့မဲဆွယ်ကတည်းက ငါတို့နိုင်ငံဟာ နိုင်ငံခြားကနေ ၀င်ရောက်လာသူတွေများလွန်းတယ်။ ငါတို့နိုင်ငံကို သူတို့ပိုင်သွားပြီး .. ငါတို့နိုင်ငံကို ငါ့တို့ပြန်ယူဖို့လိုတယ်..(Take back control).. ဆိုတဲ့ အဲဒီလို မုန်းတီးရေးအပေါ် အခြေခံပြီး မဲဆွယ်ခဲ့ကြပါတယ်။

ဆက်နေဖို့ (Remain) လိုလားသူတွေကတော့ Centre, Centre Right and Centre Left, Left Wing ဘက်က လူတွေဘဲဖြစ်ပါတယ်။ သူတို့မဲဆွယ်ခဲ့စဉ်က ဥရောပသမဂ္ဂထဲကနေ ငါတို့ထွက်လို့ရှိရင် စီးပွားရေးကျလာမယ်… နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေကျဆင်းသွားမယ်… စားစရိတ်စျေးနှုန်းတွေတက်လာမယ် …. ထွက်ဖို့ (Leave) ဘက်က မုန်းတီးရေးအပေါ်အခြေခံတဲ့ မဲဆွယ်ချက်တွေကို နားမထောင်ဖို့ ဆိုပြီး မဲဆွယ်ခဲ့ကြပါတယ်။ နောက် ပြီး နိုင်ငံခြားကနေ ၀င်ရောက်လာတဲ့သူတွေဟာ ယူကေနိုင်ငံရဲ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေး တဲ့သူတွေဖြစ်တယ် ဆိုပြီးမဲဆွယ်ခဲ့ကြပါတယ်။

မှန်ပါတယ်.. နိုင်ငံခြားမှ ၀င်ရောက်လာသူတွေဟာ ဗြိတိန်(ယူကေ)နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအတွက် အထောက် အကူ အများကြီးဖြစ်စေပါတယ်။ The Economist ရဲ့ဖော်ပြချက်အရ ၂၀၀၇-၂၀၁၁ အတွင်း ဥရောပထဲကနေလာတဲ့ သူတွေဟာ စီးပွားရေးအတွက် (net contribution) စတာလင်ပေါင် ၅ ဘီလီယံကျော် ပါ၀င်နိုင်ခဲ့တယ်။ ကျွန်တော့လိုမျိုး ဥရောပသမဂ္ဂပြင်ပကနေ ယူကေနိုင်ငံမှာလာရောက်အလုပ်လုပ်ကိုင်သူတွေဟာ ၈ဒသမ ၆ ဘီလီယံ ပါ၀င်နိုင်ခဲ့တယ်လို့သိရပါတယ်။ ဒါတောင်မှ ကမ္ဘာ့စီးပွားရေးကျဆင်းနေတဲ့အချိန်မျိုးမှာပါ။

တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ ယူကေနိုင်ငံသားတွေအနေနဲ့ သူတို့နိုင်ငံမှာ အင်္ဂလိပ်လိုမပြောတတ်တဲ့ သူတွေ တစ်ဖြည်းဖြည်း ၀င်ရောက်လာတာဟာ စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်သင့်ပါတယ်။ နိုင်ငံအတွင်း ၀င်ရောက် လာတဲ့ သူတွေ ထိန်းချုပ်ချင်ကြတာလည်း အပြစ်တင်လို့မရပါဘူး။

ဒါပေမယ့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထဲကနေ ယူကေနိုင်ငံကို ၀င်ရောက်လာသူအများစုဟာ အလကားနေကြတာ မဟုတ်ပါဘူး။ ဥရောပသမဂ္ဂထဲကနိုင်ငံသားတိုင်းဟာ သူတို့ကြိုက်တဲ့နိုင်ငံမှာ လွပ်လပ်စွာသွားလာ အလုပ်လုပ်နေထိုင် ခွင့်ရှိကြပါတယ်။ နောက်ပြီး Benefit လို့ခေါ်တဲ့ အလုပ်အကိုင်မရှိတဲ့သူတွေအတွက် ထောက်ပံ့တဲ့လစာလည်း သူတို့ ခံစားပိုင်ခွင့်ရှိကြတယ်။ နောက်ပြီးအစိုးရကပေးတဲ့အိမ်မှာလည်း နေထိုင်ခွင့်ရှိကြပါတယ်။ ဗြိတိန်နိုင်ငံသားတွေနဲ့ တန်းတူခံစားပိုင်ခွင့်ရှိကြတယ်။ ဆိုတော့ အရှေ့ဥရောပနိုင်ငံက ဆင်းရဲတဲ့နိုင်ငံတွေကနေ ပြောင်းရွှေ့လုပ်ကိုင်ကြ သူတွေ တော်တော်များလာပါတယ်။ ဒီလိုနဲ့အလုပ်အကိုင်မရှိသူတွေ ၀င်ငွေနည်းလွန်းတဲ့သူတွေအတွက် အစိုးရက ပေးတဲ့အိမ်တွေဟာ အားလုံးအတွက် မလုံလောက်တော့ပါဘူး။ ပြီးတော့ အစိုးရထောက်ပံ့တဲ့ အိမ်ရဖို့ဆိုရင် တန်းစီပြီးစောင့်ရတော့တယ်။ ဒါကြောင့် ဒေသခံတွေဟာ မကျေနပ်ကြတော့ပါဘူး။ ငါတို့ထက် အစိုးရက သူတို့တွေကို ဦးစားပေးတယ်.. သူတို့ဒါမျိုးအခွင့်အရေး မရသင့်ဘူး ဆိုပြီး ဥရောပသမဂ္ဂထဲမှ ပြောင်းရွှေ့လာသူနှင့် နိုင်ငံခြားမှ ပြောင်းရွှေ့လာသူတွေကို မုန်းတီးလာကြတယ်။

ဒါပေမယ့် ပြောင်းရွှေ့လာသူတွေ အများစုဟာ အလုပ်လုပ်ဖို့ဝင်ရောက်လာတဲ့သူတွေဖြစ်ပါတယ်။ ဒီမှာ ဗိုလ်(ယူကေ နိုင်ငံသား)တွေ မလုပ်ချင်တဲ့ သန့်ရှင်းရေး၊ လယ်ယာအလုပ်၊ စက်ရုံအလုပ်ကြမ်း၊ ဆောက်လုပ်ရေးလုပ်ငန်းခွင် အလုပ် ကြမ်း အစရှိတဲ့နေရာတွေမှာ နိုင်ငံကနေသတ်မှတ်တဲ့ အနည်းဆုံးလုပ်ခ (minimum wage) နဲ့ ကြိုးစားပမ်းစားလုပ်ကြ တယ်။ အခွန်ပေးကြတယ်။ နိုင်ငံရဲ့စီးပွားရေးမှာ အထောက်အကူပြုကြတယ်။ အဲဒီလိုအလုပ်လုပ်ဖို့ဝင်လာကြသူတွေ များလာတော့ အလုပ်ဟာရှာရခက်ခဲလာတယ်။ တစ်ဖက်ကနေကြည့်မယ်ဆိုရင်လည်း သူတို့နိုင်ငံသားတွေဟာ ဒါမျိုးအောက်ခြေ အလုပ်တွေ မလုပ်ချင်ကြဘူး။ သူတို့နိုင်ငံက ကျောင်းတက်၊ တက္ကသိုလ်တက်ပြီးလုပ်ငန်းခွင် ၀င်တဲ့အချိန်မှာ သူတို့လူမျိုးတွေဟာ ပထမဆုံး ဥိီးစားပေးခြင်းခံရတယ်။ တော်လည်းတော်ကြတယ်။ အများစုဟာ အောင်မြင်ကြတယ်။ ကမ္ဘာမှာ ပဥ္စမအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်အောင်လုပ်ဆောင်နိုင်ခဲ့ကြတယ်။

ဒါပေမဲ့ .. ကျောင်းလည်းမတက်၊ ပညာလည်းမရှိတဲ့ယူကေနိုင်ငံသားတွေဟာ  အောက်ခြေအလုပ်လည်း မလုပ်ချင် ကြဘူး။ အရည်အချင်း ရှိတဲ့ Professional အလုပ်ကလည်း မမှီနိုင်ကြဘူး။ အဲဒီတော့အစိုးရထောက်ပံ့တဲ့ ၀င်ငွေကို ဘဲအားကိုးပြီး အသက်ရှင် ကြတယ်။ ကိုယ်မလုပ်ချင်တဲ့အလုပ်တွေ သူများလုပ်တော့လည်း မနာလိုကြဘူး။ အဲဒါတွေ ကြောင့် နိုင်ငံခြားသားတွေ ကို မုန်းတီးလာကြတယ်။ ဒါတွေဟာ ပညာမတတ်တဲ့သူတွေရဲ့ဘဝပါ။ ကံဆိုးချင်တော့ ဒါမျိုးလူတွေ တစ်ပုံကြီးရှိတယ်။ သူတို့တစ်တွေဟာ တစ်ဖြည်းဖြည်းများလာတော့ နိုင်ငံရေးလုပ်တဲ့သူတွေကလည်း အခွင့်အရေးယူလာကြတယ်။ သူတို့ကို ကိုယ်စားပြုရင်း နိုင်ငံခြားသားတွေကို မုန်းတီးရေးပေါ်လစီ ဖန်တီးလာကြတယ်။ The UK Independent Party (UKIP), The British National Party (BNP) စတဲ့ Right Wing ပါတီတွေ အားကောင်းလာတယ်။

နောက်ဒီနိုင်ငံမှာ ဥရောပသမဂ္ဂပြင်ပကနေ ကျောင်းတက်ဖို့လာတဲ့သူတွေနဲ့ Skills အလုပ်သမားတွေအကြောင်း နည်းနည်းဆွေးနွေးချင်တယ်။ ကျွန်တော်ဟာ ဒီအုပ်စုထဲမှာပါပါတယ်။ ကျွန်တော်တို့လိုအလုပ်လုပ်တဲ့သူတွေရဲ့ ယူကေနိုင်ငံအတွက် အထောက်အကူပြုပုံကိုနည်းနည်းပြောပြချင်ပါတယ်။ ကျွန်တော်ဟာ ယူကေနိုင်ငံမှာ မြို့ပြ အင်ဂျင်နီယာဘွဲ့အတွက် ၄ နှစ်တက်ခဲ့ရတယ်။ ကျောင်းလခက တစ်နှစ်ကို စတာလင်ပေါင် တစ်သောင်း။ နေစရိတ်က စတာလင်ပေါင်ခြောက်ထောင်။ ကျောင်းပိတ်တုန်း အိမ်ပြန်လာတဲ့လေယာဉ်ခတွေနဲ့တစ်နှစ်ကို ပေါင် ၁၇၀၀၀ လောက်ကုန်ကျခဲ့တယ်။ တစ်နှစ် ပေါင် ၁၇၀၀၀ နှုန်းနဲ့လေးနှစ်ကျောင်းတက်ရတယ်။ ကျောင်းတက်တုန်းကုန်တဲ့ ပိုက်ဆံတွေဟာ ယူကေနိုင်ငံရဲ့ စီးပွားရေးအတွက် အထောက်အကူအများကြီးဖြစ်စေတယ်။ နိုင်ငံခြားကနေ ကျောင်းတက်တဲ့သူတွေ ဒီနိုင်ငံမှာ ၂ သန်း ကျော်ကျော်ရှိတယ်။

နောက် ….. ကျောင်းပြီးတော့ ဘွဲ့ရမြို့ပြအင်ဂျင်နီယာ အဆင့်နဲ့အလုပ်ထဲဝင်ခဲ့တယ်။ အလုပ်ဝင်တော့ ရတဲ့ဝင်ငွေ ထဲက ၂၅ရာခိုင်နှုန်း ဟာအစိုးရဆီမှာအခွန်ဆောင်ရတယ်။ ကျန်းမာရေးအတွက် ၂ရာခိုင်နှုန်း၊ ရပ်ကွက် (Council Tax) အတွက် ၆ရာခိုင်နှုန်း ပေးရတယ်။ ဟုတ်ပြီ .… ကျန်တဲ့ငွေလေးနဲ့အိမ်လခပေးရတယ် .. အိမ်လခက ၀င်ငွေရဲ့ ၂၅ရာခိုင်နှုန်း လောက်ပေးရတယ်။ နောက်ပြီး ရေ၊မီး၊ဂက်(စ်)၊ ဖုန်း၊ အင်တာနက်၊ တီဗီခွန်တွေက ၀င်ငွေရဲ့ ရရာခိုင်နှုန်း – ၁၀ရာခိုင်နှုန်းေ လောက်ရှိတယ်။ စားစရိတ် လည်းနှုတ်ရော ၀င်ငွေထဲကဘာမှမကျန်တော့ဘူး။ တစ်လကို ၁၅ရာခိုင်နှုန်း ကျန်ရင်တော်တော်ပျော်တယ်။ ဒါတောင် ခရီးမသွား၊ မစားရက် မသောက်ရက်ဘဲ လုံးဝချွေတာမှနော်…. ဒီလိုနဲ့ လပေါင်းများစွာငွေစုပြီး ကားလေးဝယ်လိုက် မယ်ဆိုပြီး ကားဝယ်တော့လည်း စျေးနှုန်းပေါ်မှာ VAT ၂၀ရာခိုင်နှုန်း ထပ်ပေးရတယ်။ ဟုတ်ပြီကားလေးရှိပြီဆိုတော့ လမ်းပေါ်မှာ မောင်းဖို့ Road Fund Licence Tax ထပ်ပေးရတယ်။ ကားလေးမာင်းရော ဟော.. ဆီကုန်ပြီ .. ဆီပြန်ထည့်တော့လည်း Fuel Duty Tax အပြင် VAT ထပ်ပေးရပြန်တယ်။ နောက်ပြီးဘာပစ္စည်းဝယ်ဝယ် VAT ၂၀ရာခိုင်နှုန်း ပေးရတယ်။ နေမကောင်းတော့လည်း ကျွန်တော်တို့လိုအလုပ်လုပ်ပြီး ၀င်ငွေရှိတဲ့သူတွေက ဆေးဝါးခပေးရတယ်။ ဒီလောက်အခွန်များတဲ့တိုင်းပြည်မှာ အလုပ်လုပ်တာဟာ အစိုးရနဲ့သူတို့ တိုင်းပြည်အတွက် အလုပ်အကျွေးပြုသလို ဖြစ်သွားတယ်။ ဒါကြောင့် ကျွန်တော်တစ်ဦးတစ်ယောက်ထဲကနေတောင်မှ ယူကေနိုင်ငံရဲ့စီးပွားရေးမှာ များစွာ အထောက်အကူပြုစေပါတယ်။ ကျွန်တော်တစ်ယေက်ထဲတောင်မှ တစ်နှစ်ပြီးတစ်နှစ် အစိုးရဆီအခွန်ပေးထားတာ နည်းတာမဟုတ်ဘူး။  ကျွန်တော့လို နိုင်ငံခြားကနေ လာပြီးအလုပ်လုပ်တဲ့သူတွေ သန်းနဲ့ ချီပြီးရှိတယ်။

အလုပ်မလုပ်တဲ့ သူတို့လူမျိုးတွေဟာ ကျွန်တော်တို့ပေးတဲ့ အခွန်တွေကနေ အစိုးကရ အလုပ်ကိုင်မရှိတဲ့အတွက် ထောက်ပံ့ကြေးပေးတယ်။ အိမ်ပေးတယ်။ နောက်ဆေးဝါးခလည်း အခမဲ့ရတယ်။ ဒါပေမယ့် ဒါတွေဟာ အလုပ်လုပ် တဲ့သူတွေရဲ့ အခွန်ထဲကနေရတဲ့ဝင်ငွေဆိုတာ သူတို့နားမလည်ရှာဘူး။ လူတွေအားလုံးကို ဆိုလိုတာမဟုတ်ပါ။ ပညာတတ်တဲ့သူတွေဟာ နိုင်ငံခြားသားတွေရဲ့ အခန်းကဏ္ဍကိုနားလည်ကြတယ်။ အားလည်းပေးကြပါတယ်။

Brexit မတိုင်ခင်ကဆိုရင် အင်္ဂလန်ဟာ နိုင်ငံခြားသားတွေလက်ခံတဲ့နိုင်ငံဆိုပြီးပျော်ခဲ့တယ်။ Brexit အလွန်မှာဆိုရင် လက်ယာဘက်အစွန်းရောက်တွေတက်လာတယ်။ လူမျိုးရေးခွဲခြားမှု၊ ဘာသာရေးခွဲခြားမှုတွေ ၆၀% မြှင့်တက်သွား တယ်။ သူတို့ရဲ့အောင်ပွဲဆိုတော့လည်း အောင်ပွဲခံကြတာပေါ့။ နိုင်ငံခြားသားမုန်းတီးရေးတွေအတွက် လိုင်စင်ရသလို ဖြစ်သွားတယ် … ဥရောပသမဂ္ဂထဲကနေ ထွက်လို့ရှိရင် စီးပွားရေးကျမယ်။ စားသုံးကုန်စျေးတက်မယ်။ မရေရာမသေ ချာတဲ့ အနာဂတ်ထဲရောက်သွားမယ် ဆိုတာလူတိုင်းသိတယ်။ ဒါပေမယ့် မုန်းတီးရေးတွေအခြေခံပြီး မဲဆွယ်တဲ့သူတွေ အနိုင်ရသွားတော့လည်း ဘာတတ်နိုင်မှာဘဲ။ ကြောက်စိတ်လည်းဝင်လာတယ်။ အနာဂတ်အတွက်လည်း စိတ်ပူတာ တော့အမှန်ပဲ။

Most read this week

မြေရှားသတ္တုစစ်ယူသည့် အက်ဆစ်ရေကန်များ
January 17, 2024
ဆမ်နော် — ကမ္ဘာ့မြေရှားတောင်းဆိုမှုအရ တရုတ်ရဲ့ လိုအပ်မှုအတိုင်း ကချင်မြေရှားတွေကတော့ ဆက်လက်...
March 21, 2023
ရခိုင်ပြည်ထဲက ရထားလမ်းစီမံကိန်းမှာ သံလမ်းမရောက်၊ ရထားမရောက်ဘဲ ခါးပြတ်နေသည့်...
April 27, 2022
“ကျနော်တို့ပြည်နယ်တော့ ပြန်ပြီးငြိမ်းချမ်းမယ်လို့ ထင်တယ်လေ။ မငြိမ်းချမ်းနိုင်တော့ဘူးလား။...
March 28, 2022
“ဒီစစ်အာဏာရှင်တွေနဲ့ ဆွေးနွေးပြီးတိုက်နေလို့ ဘယ်တော့မှအမြစ်ပြတ်မှာ မဟုတ်ဘူး။ စစ်ရေးအရ အပြင်...