ကျားဖြန့်ကိစ္စအကြောင်းပြု တော်လှန်ရေးထိခိုက်စေမည့် စစ်ကောင်စီ၏ အကြံအစည်ကို သတိထားရန် KNU ပြော

ကျားဖြန့်ကိစ္စအကြောင်းပြု တော်လှန်ရေးထိခိုက်စေမည့် စစ်ကောင်စီ၏ အကြံအစည်ကို သတိထားရန် KNU ပြော

နိုင်ငံတကာဖိအားရှိနေသည့် ထိုင်း-မြန်မာ နယ်စပ်မှ ကျားဖြန့်နှိမ်နင်းရေးကို အကြောင်းပြပြီး တော်လှန်ရေးထိခိုက်အောင် လုပ်ဆောင်နိုင်သည့် စစ်ကောင်စီ၏ အကြံအစည်ကို သတိထားကြရန် ကရင်အမျိုးသားအစည်းအရုံး - KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောသည်။

လက်ရှိ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် - BGF နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် - DKBA ထိန်းချုပ်နယ်မြေတွင် လူကုန်ကူးမှုလုပ်ငန်းများနှင့် အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းများ အမြစ်ပြတ်ရှင်းလင်းနိုင်ရေးအပေါ် လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့၏ လှုပ်ရှားမှုများအား နိုင်ငံတကာမှ စောင့်ကြည့်နေသလို ထိုင်းနှင့် တရုတ်အစိုးရကလည်း ဖိအားပေးမှုအမျိုးမျိုး လုပ်ဆောင်နေကြသည်။

နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများအတွင်း ပါဝင်ပတ်သက်နေသည့် စစ်ကောင်စီကမူ ၎င်းတို့အနေဖြင့် ကျားဖြန့်နှင့် လူကုန်ကူးမှုနှိမ်နင်းရေးတွင် အိမ်နီးချင်းနိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းတို့ထိန်းချုပ်ထားသည့် မီဒီယာများမှတဆင့် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြသည်။

ယင်းကြောင့် စစ်ကောင်စီက ကျားဖြန့်နှိမ်နင်းရေး၌ နိုင်ငံတကာ ပါဝင်လာခြင်းမှသည် နိုင်ငံရေးအမြတ်ထုတ်နိုင်မှုနှင့် တော်လှန်ရေးအား အနှောင့်အယှက်ပေးနိုင်မှုအပေါ် သတိထားရမည့် စိုးရိမ်စရာကိစ္စဖြစ်သည်ဟု KNU ပြောခွင့်‌ရ ပဒိုစောကလယ်စေးက ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကေအိုင်စီနှင့် သီးသန့် အင်တာဗျူး၌ ပြောဆိုသည်။

“ကျားဖြန့်ကို အကြောင်းပြပြီး စစ်ကောင်စီက တော်လှန်ရေးခရီးကို အနှောင့်အယှက်ပေးမှာတွေ သတိထားရပါတယ်။ ဒီထဲမှာ နိုင်ငံတကာရဲ့ ပါဝင်မှုကနေ အားယူအသုံးချပြီးတော့ တော်လှန်ရေးကိုပါ ရောပြွမ်းချေမှုန်းဖို့ဆိုတာ မြင်နေရတယ်။ ဒါက စိုးရိမ်စရာပါ။ ဒီတော့ ကျားဖြန့်လှုပ်ရှားနေတဲ့နယ်မြေ တိတိကျကျ နိုင်ငံတကာကို မက်ဆေ့ပေးလို့ရတယ်။ တဖက်ကလည်း ကာကွယ်ဖို့ ပြင်ဆင်ထားရတယ်။ ဒီလိုလုပ်မှသာ ကျားဖြန့်ကို တော်လှန်ရေးနဲ့ရောပြီး နှိမ်နင်းသွားမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ အကြံအစည်ကို နိုင်ငံတကာဆီ အသိပေးဖို့ ကျနော်တို့ စဥ်းစားထားပါတယ်” ဟု ပဒိုစောကလယ်စေးက ကေအိုင်စီသို့ ပြောသည်။

လူကုန်ကူးမှုနှင့် ကျားဖြန့်နှိမ်နင်းရေးများ ကျယ်ကျယ်လောင်လောင်ဖြစ်လာသည့် အခြေအနေတွင် အဓိကအားဖြင့် ကရင့်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့အပေါ် လူထုနှင့် နိုင်ငံတကာအမြင် ဆိုးရွားမှုများပြားလာကြောင်း ထိုင်းအခြေစိုက်သတင်းဌာနများက ဖော်ပြချက်အရ သိရသည်။

ကရင့်လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း ရက်ပိုင်းအတွင်း နှိမ်နင်းရေးအဖွဲ့များဖွဲ့ကာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပြီး ထိုင်းအာဏာပိုင်များထံမှတဆင့် ရာဇဝတ်မှုကျူးလွန်သူ၊ ကျူးလွန်ခံရသူများကို သက်ဆိုင်ရာနိုင်ငံသို့ ပို့ဆောင်ပေးလျက်ရှိသည်။

ပဒိုစောကလယ်စေးက “ဒါတွေက စစ်ကောင်စီ ဖန်တီးထားတာ။ ကရင့်လက်နက်ကိုင်တွေအနေနဲ့ စစ်ကောင်စီရဲ့ ကျားဖြန့်နဲ့ပတ်သက်လို့ တော်လှန်ရေးပါရောပြီး နိုင်ငံရေးအမြတ်ထုတ်မခံရဖို့ နိုင်ငံတကာပညာရှင်တွေနဲ့လည်းကောင်း၊ ကိုယ့်ကရင်အချင်းချင်းက ပညာရှင်တွေနဲ့လည်းကောင်း အကြံဉာဏ်ရယူပြီးတော့ သူဖန်တီးထားတာထဲက ရုန်းထွက်သင့်တယ်” ဟု အင်တာဗျူးတွင် ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အစောပိုင်းက BGF ခေါင်းဆောင် (၃) ဦးကို ထိုင်းဘက်က တရားစွဲဆိုရန် စီစဥ်သည်အထိ ရှိခဲ့သည်။

ယင်းကို ဆက်လက်လုပ်ဆောင်ရန်နှင့် တရားမဝင်လုပ်ငန်းများအတွင်း BGF နည်းတူ ပါဝင်ပတ်သက်နေသည့် စစ်ကောင်စီအရာရှိများကိုလည်း တရားစွဲဆိုရန် Justice for Myanmar အဖွဲ့က ယမန်နေ့က ထုတ်ပြန်တောင်းဆိုသည်။

ထုတ်ပြန်ချက်အတွင်း စစ်ကောင်စီသည် လူကုန်ကူးမှုနှင့် အွန်လိုင်းငွေကြေးလိမ်ဂိုဏ်းများအတွင်း အဓိက ပံ့ပိုးကူညီပေးနေသူဖြစ်ပြီး မြန်မာပြည်သူများအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအတွက် ၎င်းပံ့ပိုးမှုမှ ဘဏ္ဍာငွေ အဓိကရနေသည်ဟုလည်း JFM က ဆိုသည်။

Most read this week

April 9, 2025
စစ်ကောင်စီက ဧပြီ ၂ ရက်မှ ၂၂ ရက်နေ့ထိ ယာယီ အပစ်ရပ်ထားမည်ဟု ပြောဆိုထားသော်လည်း ကော့ကရိတ်မြို့နယ်၊...
April 8, 2025
သံလွင်နဲ့ သောင်ရင်းမြစ်ဆုံရာ ကမ်းနံဘေး သဲသောင်ပြင်ပေါ် သဘာဝလရောင်အောက်မှာ ကလေးငယ် ၈ ဦးနဲ့...
April 8, 2025
ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ် (၄) ရပ်ကွက်တွင် လူငယ် အမျိုးသမီး၊ အမျိုးသား ဖြစ်ခြင်းအပေါ် မူတည်...
April 7, 2025
KNU - ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ လယ်မူလား (ပုလော) မြို့နယ်တွင်...