စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများ ထောင်ဝင်စွာတွေ့ရန် ခက်ခဲနေသလို ထောင်သက်တမ်းစေ့သူတချို့လည်း လွတ်မြောက်လာခြင်းမရှိသေး

စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများ ထောင်ဝင်စွာတွေ့ရန် ခက်ခဲနေသလို ထောင်သက်တမ်းစေ့သူတချို့လည်း လွတ်မြောက်လာခြင်းမရှိသေး

စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများနှင့် ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလို ထောင်သက်တမ်းစေ့သူတချို့လည်း လွတ်မြောက်လာခြင်းမရှိသေးကြောင်း အကျဉ်းသားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ရခိုင်ပြည်၊ စစ်တွေအကျဉ်းထောင်မှ ထောင်ပြောင်းရွှေ့ရန် ခေါ်ထုတ်ခံရသည့် အကျဉ်းသားများသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်သို့ ရောက်ရှိခဲ့ပြီး စားသောက်နေထိုင်ရေး ခက်ခဲလျက်ရှိကာ လွတ်ရက်စေ့သော်လည်း ပြန်လည်လွတ်မြောက်ခြင်း မရှိသေးသူများရှိနေကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က စစ်တွေအကျဉ်းထောင်မှ ပုသိမ်အကျဉ်းထောင်သို့ ရွှေ့ပြောင်းအကျဉ်းချခြင်းခံထားရသည့် ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ပါးဝကျေးရွာမှ နိုင်ငံရေးအကျဉ်းသား ၁၉ ဦးသည် ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် လွတ်ရက်စေ့၍ လွတ်မြောက်ရမည်ဖြစ်သော်လည်း ယနေ့အထိ လွတ်မြောက်မှုမရှိသေးကြောင်း နီးစပ်သူများထံမှ သိရသည်။

သူတိုနှင့် နီးစပ်သူတစ်ဦးက “သူတို့တွေက ၂၀၂၄ နိုဝင်ဘာလမှာ လွတ်ရက်စေ့တာ အခုထိ လွတ်မလာသေးဘူး၊ စစ်တွေက ပုသိမ်ပြောင်းတော့ သွားရေးလာရေး အဆင်မပြေတော့ သွားမတွေ့နိုင်ကြတော့ ဆက်သွယ်ဖို့ခက်တယ်။ လွတ်ရက်စေ့လို့ မလွတ်သေးဆိုတော့ စိုးရိမ်နေကြတယ်” ဟု ပြောသည်။

ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ပါးဝကျေးရွာမှ နိုင်ငံရေးပုဒ်မ ပုဒ်မ - ၅၂ (က) ဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ပလက်ဝမြို့တရားရုံးက အမိန့်ချမှတ်ကာ စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရသည်။

၎င်းနိုင်ငံရေးအကျဉ်းသား ၁၉ ဦးသည် ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် လွတ်ရက်စေ့၍ လွတ်မြောက်ရမည်ဖြစ်သော်လည်း ယနေ့အထိ လွတ်မြောက်မှုမရှိသေးသည့်အပြင် အဆက်အသွယ်လည်း ပြတ်တောက်နေကြောင်း အကျဉ်းသားအရေး လိုက်ပါဆောင်ရွက်သူများထံမှ သိရသည်။

ပါးဝရွာသား ၁၉ ဦးသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ စစ်ကောင်စီမှ တရားစွဲဆိုခဲ့ပြီး မတ်လ ၃၀ ရက်နေ့တွင် ၁၆ ဦးကို ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခံရပြီး ၃ ဦးကို ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ်ကာ ဧပြီလ ၆ ရက်နေ့ ပလက်ဝရဲစခန်းမှ စစ်တွေအကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပြီးနောက် အကျဉ်းကျနေစဉ် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က စစ်တွေအကျဉ်းထောင်မှ ပုသိမ်အကျဉ်းထောင်သို့ ရွှေ့ပြောင်းအကျဉ်းချခံရခြင်းဖြစ်ကြောင်း သိရသည်။

အကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ဦးသိုက်ထွန်းဦးက “ရခိုင် စစ်တွေမှာရှိစဉ်ကာလကတည်းက မြို့ပေါ်က မိသားစုတချို့ကတော့ အကျဉ်းထောင်မှာရှိတဲ့ မိမိတို့ရဲ့ မိသားစုဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပါဆယ်ပို့နိုင်ကြတယ်။ အခုက ဧရာဝတီတိုင်း ပုသိမ်ကို ပို့လိုက်တာဖြစ်တဲ့အတွက် စစ်ဘေးဒဏ်ကြောင့်မို့လို့ အရင်ကတည်းက ပါဆယ် မပို့နိုင်တဲ့သူတွေ ပုံမှန်ပါဆယ်ပို့နိုင်ခဲ့တဲ့ မိသားစုဝင်တွေတောင်မှ ပုသိမ် အကျဉ်းထောင်မှာရှိတဲ့ အကျဉ်းသားတွေဆီကို ပါဆယ်ပို့ဖို့ ခက်ခဲသွားပါပြီ။  အဲ့ဒီအခက်အခဲအပြင် သွားလာရေးအခက်အခဲလုံခြုံရေးအခက်အခဲတွေပါ ရင်ဆိုင်ရတာကြောင့် အခုအချိန်မှာ တစ်လတကြိမ် ပါဆယ်ရောက်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး” ဟု ပြောကြားထားသည်။

ပါးဝရွာသား ၁၉ ဦးသည် စစ်ကောင်စီ၏ ဥပဒေမဲ့ မတရားဖမ်းဆီးခြင်းခံရကာ နိုင်ငံရေးအကျဉ်းသားများအဖြစ် အကျဉ်းကျခံနေရသူများဖြစ်ပြီး အခါကြီးရက်ကြီးနေ့များတွင် လွတ်ငြိမ်းချမ်းသာဖြင့် လွတ်ပေးသည့် အကျဉ်းသားများထဲတွင်လည်း ပါဝင်လာခြင်းမရှိသည့်အပြင် လွတ်မြောက်ရက်စေ့နေပြီဖြစ်သော်လည်း လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

စစ်တွေထောင်မှ အကျဉ်းသားများသည် အောက်တိုဘာလ ၁၀ ရက်၊ ညနေပိုင်းတွင် ပုသိမ်ထောင်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်တွေထောင်မှ ပြောင်းရွှေ့သွားသူများအထဲမှ အချို့ကို ရန်ကုန်ရှိ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခြင်းဖြစ်ပြီး ကျန်အချို့ကို ပုသိမ်ထောင်သို့ ပြောင်းရွှေ့သွားခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် အရေပြားရောဂါဖြစ်ပွားနေသူများအား တွေ့ရစဥ်။
January 6, 2025
ရခိုင်ပြည်မှ နေရာအတော်များများတွင် သောက်သုံးရေ မသန့်ရှင်းမှု၊ နေရာထိုင်ခင်း အဆင်မပြေမှု၊ ဆေးဝါး...
January 2, 2025
ရန်ကုန်မြို့ နေရာအများအပြားတွင် စစ်ကောင်စီတပ်က ရခိုင်လူမျိုးများနေထိုင်သည့် အဆောင်များ၊...
December 20, 2024
ရခိုင်က ဂွမြို့နယ်မှာ ပြင်းထန်စွာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့...
December 17, 2024
ရခိုင်ပြည်တွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ပြည်မဘက်သို့ စစ်ဘေးရှောင်သွားရာတွင် ဖြတ်သန်း...