KNU - ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေထဲ၌ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၂,၈၃၅ ခုရှိသည်ဟု KNU၊ လူ့အခွင့်အရေးကော်မတီ (KNU - Human Rights Committee - KHRC) က ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
ကော်သူးလေဒေသအတွင်းရှိ စစ်ကောင်စီကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို လူအများသိမြင်စေရန်နှင့် ပြည်လူထုများအတွက် တရားမျှတမှုတောင်းဆိုရာတွင် ပံ့ပိုးနိုင်ရန်ရည်ရွယ်၍ “ကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးကြုံ ကလေးငယ်များနှင့် မိသားစုများ ကော်သူးလေမှ အစုလိုက်အပြုံလိုက် လူသတ်မှု” ခေါင်းစဉ်ဖြင့် အစီရင်ခံစာကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ကော်မတီက ယခုလို ထုတ်ပြန်ခြင်းဖြစ်သည်။
အစီရင်ခံစာထဲတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလတွင် ခလယ်လွီထူခရိုင်၊ မူး (မုန်း) မြို့နယ်အတွင်းရှိ စစ်ဆင်ရေးတစ်ခုအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA၊ တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီ ၅ ဦး ကျဆုံးသွားပြီးနောက် ထိုဒေသရှိ ညောင်ပင်သာကျေးရွာထဲသို့ ဝင်ရောက်ပြီး ဒေသခံ ၁၉ ဦးကို စစ်ကောင်စီက ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ကို မီးမောင်းထိုးဖော်ပြထားသည်။
ထိုသို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် အရပ်သား ၁၉ ဦးထဲတွင် သက်ကြီးရွယ်အို၊ မသန်စွမ်းသူများပါဝင်ပြီး အမျိုးသမီး ၁၁ ဦးနှင့် အသက် ၅ နှစ်အရွယ် ကလေး ၄ ဦး ပါဝင်သည်။
သတ်ဖြတ်ပြီးနောက် ရွာမှထွက်သည့်အချိန်တွင် အလောင်းများကို စုပုံမီးရှို့ထားသည့် သက်သေမှတ်တမ်းများသည် ဒေသခံပြည်သူများအတွက် မမေ့နိုင်စရာ စစ်ကောင်စီ၏ အကြမ်းဖက်မှုလုပ်ရပ်တစ်ခုဖြစ်ခဲ့ကြောင်း အစီရင်ခံစာထဲ၌ ဖော်ပြထားသည်။
၎င်းအပြင် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ဒူးပလာယာခရိုင် ငပုအင်းဘုန်းကြီကျောင်း၌ ဝါဆိုသင်္ကန်းကပ်လှူရန် ပြင်ဆင်နေချိန်တွင် စစ်ကောင်စီက ထိုဘုန်းကြီးကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ် ၅ ဦး၊ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၅ ဦး သေဆုံးသွားရသည့်ဖြစ်စဉ်ကိုလည်း အစီရင်ခံစာထဲတွင် ထပ်ဆင့်ဖော်ပြထားသည်။
ထို့ကြောင့် ကော်သူးလေနယ်မြေအတွင်း အဆိုပါကျေးရွာ ၂ ရွာတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ၏ ပြင်းထန်ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူမှုဖြစ်ပေါ်လာရန်အတွက် စတင် မီးမောင်းထိုးပြထားခြင်းဖြစ်သည်ဟု KNU - လူ့အခွင့်အရေးကော်မတီ၊ တာဝန်ခံ ပဒိုနော်ဘလူးမင်းနိုက်ဇန်က ယခုလိုပြောသည်။
“လူ့အခွင့်အရေးနေ့မှာ ဘာဖြစ်လို့ ထုတ်ပြန်ရတာလဲဆိုရင်တော့ နိုင်ငံတကာရဲ့ လူ့အခွင့်အရေးနေ့ကို အားလုံးက လေးစားအောင်၊ နောက် လူ့အခွင့်အရေးချိုးဖောက်မှုများ ပပျောက်သွားအောင် ကျမတို့ ကရင်ပြည်နယ်ရဲ့ အတိုင်းအတာလဲ ဒါပါဝင်တယ်။ ဒီလို ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်ခံရမှုဟာ ရှိနေသေးတဲ့အတွက်ကြောင့်မို့လို့ ကျမတို့ရဲ့ ကရင်ပြည်နယ်မှာရှိတဲ့ ပြည်သူလူထုအားလုံး၊ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားပြည်သူလူထုအားလုံးသော်လည်းကောင်း ဒီလိုဆိုးဝါးတဲ့လူအခွင့်အရေးကို ကျမတို့ရှုတ်ချပြီး ချိုးဖောက်သူမှန်သမျှ ပညာပေးနိုင်တဲ့အပိုင်း၊ အရေးယူနိုင်တဲ့အပိုင်း အားလုံးပါဝင်ဖို့အတွက် ရည်ရွယ်ပါတယ်” ဟု ၎င်းကပြောသည်။
ထို့အပြင် လူ့အခွင့်အရေးချိုးဖောက်သူများကို ထိရောက်စွာ အရေးယူနိုင်ရန်အတွက် မှတ်တမ်းအထောက်အထားများသည်လည်း လွန်စွာအရေးကြီးသလို လူ့အခွင့်အရေးနှင့်ပတ်သက်၍ ပြည်သူလူထုသို့ ပညာပေးလုပ်ငန်းများ ဆက်လုပ်ဆောင်ရန် လိုအပ်သည်ဟု ပဒိုနော်ဘလူးမင်းနိုက်ဇန်က ဆက်ပြောသည်။
KNU - ကရင်အမျိုးသားအစည်းအရုံးအနေဖြင့်လည်း ၎င်းတို့၏ KNU - လူ့အခွင့်အရေးကော်မတီကို ချုပ်ကိုင်ထားခြင်းမရှိသလို နိုင်ငံတကာ စံချိန်စံနှုန်းအတိုင်း လုပ်ဆောင်နိုင်ရန် လမ်းဖွင့်ပေးထားသည်။
ထို့အပြင် အဖွဲ့အစည်းအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု ရှိ/မရှိအတွက် ခရိုင်၊ မြို့နယ် အဆင့်ဆင့်သို့ ကွင်းဆင်းလုပ်ဆောင်မည်ဖြစ်ပြီး ရှိပါက တိုင်ကြားနိုင်ရန် ပြင်ဆင်ထားသည်ဟု ကော်မတီထံမှ သိရသည်။
KNU - လူ့အခွင့်အရေးကော်မတီကို ဖွဲ့စည်းရန် KNU ၁၆ ကြိမ်မြောက် ကွန်ဂရက်၌ အတည်ပြုဆုံးဖြတ်ပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။