မဏိပူရ်အကျဉ်းထောင်က မြန်မာဒုက္ခသည်တွေ ထောင်ကနေလွှတ်ပေးဖို့ တောင်းဆိုတာမရသေးတဲ့အတွက် အစာငတ်ခံ ဆန္ဒဆက်ပြမယ်

မဏိပူရ်အကျဉ်းထောင်က မြန်မာဒုက္ခသည်တွေ ထောင်ကနေလွှတ်ပေးဖို့ တောင်းဆိုတာမရသေးတဲ့အတွက် အစာငတ်ခံ ဆန္ဒဆက်ပြမယ်

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်က စစ်ဘေးဒုက္ခသည် မြန်မာနိုင်ငံသားတွေကို ထောင်ကနေလွှတ်ပေးဖို့နဲ့ စစ်ကောင်စီထံလွှဲပြောင်းပေးတာမလုပ်ဖို့ အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့မှုကို ထောင်အာဏာပိုင်တွေက ဗဟိုအစိုးရကို တင််ပြပေးမယ်လို့ ကတိပြုထားပေမယ့် ယနေ့ချိန်ထိ ထူးခြားတဲ့ ရလဒ် မရရှိတာကြောင့်  ဒီကနေ့ သြဂုတ်လ ၂၆ ရက်နေ့က စတင်ပြီးထပ်မံ အစာငတ်ခံ ဆန္ဒပြမယ်လို့ သိရပါတယ်။

မဏိပူရ်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေက ထောင်ကနေ အမြန်ဆုံးလွှတ်ပေးဖို့ စစ်ကောင်စီထံပြန်လွှဲပြောင်းတာတွေ မလုပ်ဖို့ ဇွန်လ ၁၆ ရက်နေ့ကနေ ဇူလိုင် ၃ ရက်နေ့အထိအစာငတ်ခံ ဆန္ဒပြခဲ့ကြပြီးနောက် ထောင်အာဏာပိုင်တွေက ဗဟိုအစိုးရထံ တင်ပြပေးမယ်လို့ ကတိပြုတာကြောင့် အစာငတ်ခံ ဆန္ဒပြတာ ယာယီဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယ - မြန်မာအရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ India for Myanmarက ဦးဆောင်သူ ဆလိုင်းဒိုခါရ်က “ထောင်အာဏာပိုင်တွေက ဗဟိုအစိုးရကို တင်ပြပေးမယ် ကတိပြုထားပေမယ့် ဒီကနေ့ချိန်အထိ ထူးခြားတဲ့ ပြောင်းလဲမှု အဖြေမရကြတာကြောင့် ဒီကနေ့ ကစလို့ ယောကျားလေး ၅၂ ဦးက အစာငတ်ခံပြီး အမြန်ဆုံးလွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုသွားဖို့ရှိတယ်။ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေအနေနဲ့ နိုင်ငံတကာက သိရှိ ကူညီပေးလာနိုင်ရေး ဝိုင်းဝန်းကာ ဖမ်းဆီးခံသူတွေ အသံတွေ ဖော်ထုတ်ပေးကြဖို့ India for Myanmar အနေနဲ့ မေတ္တာရပ်ခံအပ်ပါတယ်” လို့ပြောပါတယ်။

မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်က စစ်ဘေးဒုက္ခသည် မြန်မာနိုင်ငံသားတွေအနေနဲ့ မဏိပူရ်အစိုးရက လက်ရှိမြန်မာစစ်ကောင်စီလက်ထဲ ပြန်မပို့ဘဲ သူတို့ကို မူလဖမ်းဆီးခဲ့တဲ့ မိုရေးမြို့ကိုဘဲ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။

လက်ရှိဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၉၅ ဦးရှိပြီး အများစုဟာ စစ်ကိုင်းတိုင်းဒေသခံတွေနဲ့ ချင်းလူမျိုးတွေဖြစ်ကြပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကလည်း အင်ဖာထောင်ကနေ  မြန်မာဒုက္ခသည် ၃၈ ဦးကို မြန်မာနိုင်ငံကို ပြန်လွှဲပြောင်းတာမျိုး ရှိခဲ့ပါတယ်။

Most read this week

September 21, 2024
နေပြည်တော်ကောင်စီနယ်မြေ  လယ်ဝေးမြို့နယ် ကျောက်အိုးကျေးရွာက အသက် ၁၄ နှစ်ကနေ ၄၀ အကြားရှိ...
September 20, 2024
စက်တင်ဘာလ ၄ ရက် ညနေပိုင်းမှာ ကလေးမြို့ တောင်ဖီလာရပ်ကွက်က အများပြည်သူတွေရဲ့နေအိမ်တွေမှာ...
September 13, 2024
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...