ချီဖွေနဲ့ပန်ဝါမှာ ပြည်သူ့စစ်အဖွဲ့ တပ်သားသစ် အပြင်းထန်စုဆောင်းနေ

ချီဖွေနဲ့ပန်ဝါမှာ ပြည်သူ့စစ်အဖွဲ့ တပ်သားသစ် အပြင်းထန်စုဆောင်းနေ

ချီဖွေမြို့နဲ့ ပန်ဝါမြို့မှာ စစ်ကောင်စီတပ်လက်အောက် ပြည်သူ့စစ်တပ်ဖွဲ့ တပ်သားစုဆောင်းတာတွေ အပြင်းအထန်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ချီဖွေ၊ပန်ဝါဒေသ ဦးဘောမ်လန်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ မြစ်ကြီးနား– ချီဖွေ– ပန်ဝါ လမ်းသွားလမ်းလာ လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေသလို သတ္တုတူးဖော်တဲ့လုပ်ငန်းခွင်ထဲထိ လူငယ်တွေကို လိုက်လံဖမ်းဆီးပြီး ဆက်တိုက်တပ်သားစုဆောင်းနေတယ်လို့ ချီဖွေဒေသခံတွေဆီကနေ သိရပါတယ်။

“ပြည်သူ့စစ်တွေ တပ်သားအရမ်းစုဆောင်းနေတယ်။ အခုချိန် လူငယ်တွေအပြင်မထွက်ရဲကြတော့ဘူး။ ပြည်သူ့စစ်တွေ သတ္တုဆိုက်အားလုံးမှာ လိုက်စုဆောင်းနေတာ။ ဟိုတစ်နေ့ကလည်း ချီဖွေကနေ ၆ မိုင်အကွာ သတ္တုဆိုဒ်တစ်ခုမှာ လူငယ် ၆ ယောက်ကို ဖမ်းသွားတယ်။ ပြီးတော့ ဖီမှော်နဲ့ ပန်ဝါသွားတဲ့လမ်းဆုံ ပြည်သူ့စစ်နဲ့စစ်တပ်ပေါင်းထိုင်တဲ့ဂိတ်မှာ ယောက်ျားလေး ၄ ယောက် ထပ်ပါသွားတယ်။ လမ်းမှာပိတ်ပြီးစုဆောင်းတယ်။ ပန်ဝါထဲမှာက အိမ်တိုင်ရာ တစ်အိမ်ဝင်တစ်အိမ်ထွက် စုဆောင်းတယ်ပြောတယ်။လို့ ချီဖွေဒေသခံ တစ်ဦးက ပြောပါတယ်။  

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ကစပြီး ချီဖွေကနေ ၆ မိုင်အကွာမှာရှိတဲ့မြေရှားသတ္တုဆိုက်တစ်ခုမှ လူငယ် ၆ ဦးကို ပြည်သူ့စစ်တပ်ဖွဲ့တွေ တပ်သားစုဆောင်းခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။

အဲဒီနေ့ တစ်ရက်တည်းမှာပဲ ချီဖွေကနေ ၄ မိုင်အကွာ ဖီမှော်နဲ့ ပန်ဝါသွားလမ်းဆုံဂိတ်မှာလည်း လူငယ် ၄ ဦးထပ်မံဖမ်းသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၅ ရက်နေ့ ပန်ဝါဒေသ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ငန်းခွင်တွေမှာ ပြည်သူ့စစ်တပ်ဖွဲ့တွေ တပ်သားသစ်လိုက်လံစုဆောင်းရာ လူငယ် ၂၀ ဦးထက်ဖမ်းခံသွားရတယ်လို့ ဆက်လက်သိရပါတယ်။

အဖက်ဖက်ကနေ စစ်အင်အားကျဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ချိီဖွေဒေသကိုကာကွယ်ဖို့ဆိုတဲ့ခေါင်းစဉ်အောက်မှာ လူငယ်တွေကို ဖမ်းဆီးကာ စစ်အင်အားဖြည့်နေတာလို့ သိရပြီး ကချင်လူငယ်တွေကိုသာ အဓိကဖမ်းခေါ်တပ်သားစုဆောင်းနေတာလို့ ဒေသခံတွေဘက်ကပြောပါတယ်။

ဖမ်းဆီးစုထားတဲ့လူငယ်တွေကို မြစ်ကြီးနားဘက်ကို လိုင်းကားနဲ့ ဆက်တိုက်ပို့ဆောင်နေတယ်လို့ ချီဖွေဒေသခံကဆက်ပြောပါတယ်။

 “စစ်ကောင်စီတပ်တွေ အရမ်းကျရှုံးလာလို့ သူတို့ဘက်ကို အင်အားဖြည့်ပေးဖို့အတွက် နဲ့ ရှေ့တန်းပို့ဖို့အတွက်ပဲလို့မြင်တယ်။ ပြီးတော့ ချီဖွေကနေ စုဆောင်းရထားတဲ့ လူငယ်တွေကို မြစ်ကြီးနားဘက်ကို ပို့နေတယ်။ လိုင်းကားကနေ ၁ ရက်ခြား ၂ ခြား နဲ့ တစ်စုစီပို့နေတယ်။ ဆိုတော့ စစ်ကောင်စီကို အင်အားဖြည့်ပေးနေတာကိုတွေ့ရတယ်။”လို့ ဆိုပါတယ်။

 လက်ရှိ ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာ မြို့နယ်အားလုံးနီးပါးမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပေမဲ့ မြစ်ကြီးနားမြို့ထဲက ရပ်ကွက်တချို့မှာတော့ MPT ဖုန်းလိုင်းရရှိတာဖြစ်ပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီတပ်ဖွဲ့ဟာ ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာ ဆက်သွယ်ရေးလိုင်းအားလုံးပြတ်တောက်ထားပေမဲ့ ပူတာအိုနောင်မွန်မြို့နယ်မှာလည်း ဆက်သွယ်ရေးလိုင်း ရရှိသလို ချီဖွေမြို့နယ်မှာလည်း အက်တမ်(တယ်လီနော)ဖုန်းလိုင်းနဲ့  WIFI အင်တာနက်လိုင်းတစ်ချို့ ရနေတာဖြစ်ပါတယ်။

 “ချီဖွေမှာက စစ်တပ်ထောက်တိုင်တွေများတယ်။ စီးပွားရေးလုပ်တဲ့သူတွေလည်း စစ်တပ်ခရိုနီတွေများတယ်။ ဒီဘက်က စီးပွားရေးလုပ်တဲ့သူအားလုံး စစ်တပ်နဲ့ပူးပေါင်းပြီးလုပ်ရတဲ့သူတွေချည်းဆိုတော့ သူတို့ ပြည်သူ့စစ်နဲ့ပူးပေါင်းတပ်ဖွဲ့ရှိတဲ့ဒေသကို ဖုန်းလိုင်းပေးထားတာလို့မှတ်ယူတယ်။ WIFI လိုင်း အင်တာနက်လည်းကောင်းကောင်းရတယ်။”

ဒါ့အပြင် ဒီရက်ပိုင်း ချီဖွေမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ည ၁၀ နာရီနောက်ပိုင်း မြို့ထဲကို စစ်ကားတွေနဲ့ လှည့်ပြီး စျေးဝယ်တာတွေလုပ်နေတယ်လို့ ဆက်သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ပေါင်းစုတွေဟာ ဝိုင်းမော်မြို့နယ် ဝူယန်အထက်ပိုင်း ဆဒုံး–ကန်ပိုင်တီ–ဆော့လော်တစ်ခုလုံးကို ထိန်းချူပ်ထားချိန် စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ချီဖွေ၊ပန်ဝါဒေသမှာ ဩဂုတ်လ ၃ ရက်နေ့စပြီး တပ်သားသစ်စုဆောင်းနေတာလည်းဖြစ်ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...