CDM ဝန်ထမ်းများကို ပြန်ခေါ်ခြင်းသည် လူထု တော်လှန်ရေးကို ဖြိုခွဲခြင်းသာ ဖြစ်ဟု လှုပ်ရှားသူများပြော

CDM ဝန်ထမ်းများကို ပြန်ခေါ်ခြင်းသည် လူထု တော်လှန်ရေးကို ဖြိုခွဲခြင်းသာ ဖြစ်ဟု လှုပ်ရှားသူများပြော

အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM တွင် ပါဝင်ခဲ့သည့် နိုင်ငံဝန်ထမ်းများကို အမည်ပျက်စာရင်း (Black lists) မှ ဖြေလျှော့ပေးမည့် စစ်ကောင်စီ၏ ပြောဆိုမှုသည် လူထုတော်လှန်ရေးကို ပြိုကွဲစေရန် သွေးထိုးသည့် လုပ်ရပ် တစ်ခုသာ ဖြစ်သည်ဟု ကရင်နီပြည်နယ်ရှိ တက်ကြွလှုပ်ရှားသူများနှင့် CDM ဝန်ထမ်းများက ပြောဆိုလိုက်သည်။

နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့ပြီး အမည်ပျက်စာရင်း (Black lists) တွင် ပါဝင်နေသူများအား ဖြေလျှော့ပေးမည်ဟု စစ်ကောင်စီက ဇူလိုင်လ ၁၂ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး (၂) ဦးဗညားက CDM ဝန်ထမ်းများသည် လူထု တော်လှန်ရေးတွင် ဘက်စုံ ထောင့်စုံမှ ပါဝင်နေပြီး တော်လှန်ရေးကို အားဖြစ်စေတွန်းအား ဖြစ်သောကြောင့် ယခု ကြေညာချက်သည် လူထုတော်လှန်ရေး အားနည်းသွားစေရန် ကြိုးပမ်းမှု ဖြစ်သည်ဟု ပြောသည်။  

“လူထုတော်လှန်ရေး မှာ ပါဝင်တဲ့ CDM နဲ့ ကျနော်တို့ တခြားတခြားသော ကျနော်တို့ လှုပ်ရှာသူတွေကြားမှာ ဒီစစ်ကောင်စီကို အတူ တကွ တော်လှန်တဲ့အတွက်ကြောင့်မို့ ဒီသွေးခွဲဖို့အတွက်ဖြစ်စေ မဟုတ်လည်း ကျနော်တို့ တော်လှန်ရေး အင်အားစုတွေမှာ အားနည်းသွားစေအောင်ဆိုတဲ့ စဉ်းစားချက်နဲ့ပဲ လုပ်တာဖြစ်တယ်လို့ ကျနော်မြင်ပါတယ်” ဟု ဦးဗညားက ပြော သည်။

CDM ဝန်ထမ်းများကို လုပ်ငန်းစွန့်ခွာခဲ့သည့် အကြောင်းရင်းပေါ်မူတည်၍ အမည်ပျက်စာရင်းမှ ပယ်ဖျက်ဖြေလျော့ပေးပြီး တရားဝင် နေထိုင်ခွင့် ပေးသွားမည်ဟု ဖော်ပြထားသည်။ ဇူလိုင်လ ၁၅ ရက်နေ့မှ စ၍ သက်ဆိုင်ရာ တာဝန်ထမ်းဆောင်သည့် ဌာနများတွင် သတင်းပို့ရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ထုတ်ပြန်ချက်အပေါ် CDM ရဲဝန်ထမ်းက တစ်ဦးက အာဏာရှင် လက်အောက်တွင် အလုပ်မလုပ်လိုတော့ကြောင်း၊ ပြည်သူဘက်က ရပ်တည်သွားမည်ဖြစ်ကြောင်း၊ ပြည်သူကို တော်လှန်သွားရန် မရှိကြောင်း ပြောခဲ့သည်။

“ပြည်သူကို ကိုယ်တွေက ထိခိုက်နစ်နာစေတဲ့ အရာအားလုံး မလုပ်ချင်တဲ့အတွက် CDM လုပ်ရခြင်း ဖြစ်တယ်။ ပြန်ခေါ် ရင်လည်း သွားစရာအကြောင်း မရှိဘူး။” ဟု CDM ရဲဝန်ထမ်းက ပြောသည်။

ဝန်ထမ်းအများစု CDM ပြုလုပ်ခြင်းကြောင့် နိုင်ငံအတွက် လုပ်အား ဆုံးရှုံးသကဲ့သို့ CDM ဝန်ထမ်းများ၏ လူမှုဘဝများလည်း နစ်နာကြရသည့်အပေါ်ပြန်လည် ကုစား ပေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းပြောဆိုထားသည်။

ထိုပြောဆိုချက်ကို ယုံကြည်စရာ အကြောင်းမရှိဟု အဆိုပါ CDM ရဲဝန်ထမ်းက ဆက်ပြောသည်။

“ဘာကြောင့်လဲဆို မင်းအောင်လှိုင်က အမြဲ တမ်း လိမ်တာ။ သမိုင်း တစ်လျှောက်လုံး အမြဲတမ်း လိမ်လာတာ။ ပြန်ကုစားပေးမယ် ဆိုတဲ့ အရာက ကိုယ်တွေ ကို ထောင်ထဲ ဆွဲသွင်းတာနဲ့ အတူတူပဲ ဘယ်တော့မှ ပြန်သွားမှာ မဟုတ်ဘူး။ ဘယ်သူ့မှလည်း မသွားနဲ့လို့ တိုက် တွန်းချင်တယ်။”

စစ်ကောင်စီ၏ လုပ်ရပ်များကို လက်မခံနိုင်သောကြောင့် CDM လုပ်လာသူများဖြစ်သောကြောင့် လက်ရှိစစ်တပ် ၏ အမည်ပျက်စာရင်း (Black lists) မှ ဖြေလျှော့ပေးမည့်ကိစ္စနှင့် စည်းရုံးပြောဆိုမှုက အောင်မြင်မည်မဟုတ်ဟု ဆိုကြသည်။

ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ မူစဲက “လူ့အရင်းအမြစ်တွေက ဘယ်မှ မဆုံးရှုံးဘူးပေါ့နော်။ လူ့ အရင်းအမြစ် တွေက ရှိနေပြီးသားပဲ။ အဓိက က ဒီ CDM လုပ်တဲ့ သူတွေက ဒီစစ်ရဲ့ အုပ်ချုပ်မှု၊ စစ်ရဲ့ လူထုအပေါ်မှာ ပေါ့နော် စစ်အုပ်စုက အာဏာကို ဓားပြတိုက် သွားတာကို သူတို့ လုံးဝ မကျေနပ်လို့ လက်မခံလို့ CDM လုပ်တာ ဖြစ် တယ်။” ဟု ပြောသည်။

CDM ဝန်ထမ်းများသည် လူထုတော်လှန်ရေးတွင် အတက်ကြွဆုံး စုပေါင်းအင်အားကြီး တစ်ခုဖြစ်ပြီး စစ်ကောင် စီ၏ လုပ်ငန်းယန္တရား အများအပြားကို ရပ်တန့်သွားစေခဲ့သည့်အတွက် CDM ဝန်ထမ်းများ၏ အခန်းကဏ္ဍ မှေးမှိန် သွားစေရန် ပြန်ခေါ်နေခြင်းဖြစ်သည် ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC က ပြော သည်။

အားကောင်းသည့် လူထုတော်လှန်ရေးကို စစ်ကောင်စီသည် ယခင်ကလည်း နည်းမျိုးစုံဖြင့် ဖြိုခွဲခဲ့ရာ အောင်မြင်မှု မရရှိခဲ့သည့်အတွက် ယခုတွင် CDM များအား သီးသန့် ပြန်လည်ခေါ်ယူပြီး ဖြိုခွဲရန် လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု ဦးဗညား က ပြောသည်။

“လူမျိုးရေး အခြေခံလုပ်တယ်။ နယ်မြေအခြေခံကို လုပ်တယ်။ ပုဂ္ဂိုလ်ရေးစွဲကို အခြေခံလုပ်တယ်၊ အခုက CDM ကို အရင်တုန်း သူတို့လုပ်နေကြပုံစံ မဟုတ်ဘူးပေါ့နော်။ လူထုဝန်ထမ်းတွေ သို့မဟုတ် ပြည်သူ့ ဝန်ထမ်း တွေ ပေါ့နော် အဲ့ကြောင့် ဒီဟာက အရင်တုန်းက စနစ်နဲ့ သူတို့ ဖြိုခွဲလို့ မရတဲ့အတွက်ကြောင့်မို့ သီးသန့်ကို သူတို့ ပြန် ပြီးတော့မှ မြူစွယ် ပြန်ပြီးတော့မှ ဆွဲသွင်းတယ်ပေါ့။” ဟု ဦးဗညားက ပြောသည်။  “အဲ့ဒီဟာကို ဖယ်ထုတ် လိုက်နိုင်မယ်ဆိုတော့ တော်လှန် ရေးမှာလည်း အားနည်း သွားမယ်ဆိုတာ သူတို့က ကောင်းကောင်း သိတဲ့အတွက်ကြောင့်မို့ ဒါက ဖြိုခွဲဖို့အတွက် လုပ်တဲ့ လုပ်ရပ်ပဲ ဖြစ်တယ်။” ဟု ဆက်ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းမှုကို မလိုလားသည့်အတွက် စစ်တပ်ထိန်းချုပ် လိုက် သည့် အုပ်ချုပ်ရေး ယန္တရားများအား ပျက်စီးသွားစေရန် သက်ဆိုင်ရာဌာန အသီးသီးမှ ဝန်ထမ်းများက အကြမ်း မဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည်။

လက်ရှိ အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) ၏ စာရင်းအရ ယခုလက်ရှိ နိုင်ငံတစ်ဝန်းတွင် CDM ဝန်ထမ်း လေးသိန်းကျော် ရှိသည်။

Most read this week

September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...
September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...