စစ်မှုထမ်းသင်တန်းဆင်း ၆ ဦး အရပ်ဝတ်ဖြင့်ထွက်ပြေးရာမှ ပြန်ဖမ်းခံရ

စစ်မှုထမ်းသင်တန်းဆင်း ၆ ဦး အရပ်ဝတ်ဖြင့်ထွက်ပြေးရာမှ ပြန်ဖမ်းခံရ

တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့မှ အရပ်ဝတ်ဖြင့် ထွက်ပြေးသည့် စစ်မှုထမ်းစုဆောင်းခံရသည့် သင်တန်းဆင်း စစ်သား ၆ ဦးသည် ဂွမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခုတွင် ပြန်အဖမ်းခံလိုက်ရသည်ဟု သတင်းရရှိသည်။

ဒေသခံတစ်ဦးက “ သူတို့က ဂျိုးဖြူ စစ်တပ်လေ့ကျင့်ရေးကျောင်း အပတ်စဉ် (၁) က ဆင်းတဲ့ စစ်သားသစ်တွေလို့ သိရပါတယ်။ အရပ်ဝတ်နဲ့ ထွက်ပြေးကြတာပါ။  ၆ ဦးကို ဖမ်းမိတာပါ။ ဂွမြို့နယ် ဆပ်သွားတံတား စစ်ဆေးရေးဂိတ်မှာ မနေ့က ဖမ်းမိတာပါ။ ဒေသခံတွေရှေ့မှာ ဖမ်းဆီးပြီး ဂွမှာရှိတဲ့ တပ်ကို ပို့လိုက်ပါတယ်”  ဟု ပြောသည်။

၎င်းတို့ ၆ ဦးသည် သံတွဲမြို့တောင်ဘက် (၁၀) မိုင်အကွာ ဇလွန်ရွာ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကြောင်းမှ ထွက်ပြေးလာကြသူများဖြစ်ကြပြီး လမ်းမကျွမ်းသဖြင့် ပြန်လည် အဖမ်းခံရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

သံတွဲမြို့နယ် တိုက်ပွဲများ အတွင်း စစ်သင်တန်းဆင်း လူငယ်စစ်ကောင်စီတပ်သားများ ထွက်ပြေးမှု များပြားနေသည်ဟုလည်း စစ်တပ်မိသားစုနှင့် နီးစပ်သည့်သတင်းရင်းမြစ်များအရ  သိရသည်။

သံတွဲ ဒေသခံတစ်ဦးက "သေနတ်တွေကို ပစ်ထားခဲ့ပြီး အရပ်ဝတ်တွေနဲ့ ထွက်ပြေးကြတဲ့စစ်သား ခပ်ငယ်ငယ် အသက်(၂၀) ပတ်ဝန်းကျင်တွေ အများကြီးဘဲ။ သံတွဲတိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်သားထိခိုက် သေဆုံးမှုများတဲ့ အတွက် လူငယ်တပ်သားသစ်တွေ ထွက်ပြေးမှု ဆက်တိုက် ရှိနေပါတယ် "ဟု ပြောသည်။

ဂွမြို့နယ် ဆပ်သွားရဲစခန်းမှ ရဲသားများကို ကျိန္တလီမြို့ ရဲစခန်းတွင် တွဲထားရာမှ ထိုအထဲမှ ရခိုင်လူမျိုး ရဲနှစ်ဦး လက်နက်မဲ့ ထွက်ပြေးသွားခဲ့ရာ ၎င်းတို့နှစ်ဦးကို သာပေါင်းမြို့ တည်းခိုခန်းတစ်ခုတွင် ဇူလိုင် ၁၇ ရက်နေ့က ပြန်ဖမ်းမိခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

သံတွဲမြို့နယ်တွင် ဧပြီလ ၁၃ ရက်မှစတင်ကာ စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွား ပြီး ၎င်းအချိန်မှစပြီး လူငယ်စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ထွက်ပြေးနေကြခြင်း ဖြစ်သည်ဟု သိရသည်။ ထွက်ပြေးသွားခဲ့ကြသည့် တပ်သားများအထဲတွင် တချို့မှာ အေအေနှင့်ချိတ်ဆက်ကာ လက်နက်ချသူများရှိသလို တချို့မှာ လက်နက်မဲ့ ဘေးလွတ်ရာကို ထွက်ပြေးသူများလည်းရှိသည်ဟု ဒေသခံများ ပြောသည်။

လက်ရှိတွင် သံတွဲမြို့အား အာရက္ခတပ်တော် သိမ်းပိုက်ထားပြီး ငပလီ ဂျိတ္တောဘက်တွင် တိုက်ပွဲဖြစ်ပွားနေရာ စစ်ကောင်စီတပ် အကျအဆုံးများနေပြီး စစ်သားများမှာ ကစင့်ကလျား ဆုတ်ခွာထွက်ပြေးနေကြသည်ဟု သိရသည်။

ငပလီအခြေစိုက် ခလရ (၅၅)၊ ခမရ (၅၆၆) နှင့် မဇင်လေဆိပ်ကို အာရက္ခတပ်တော်(AA) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့စဉ်ကလည်း ကြံခင်း၊ မြန်အောင်ဘက်က စစ်မှုထမ်း စုဆောင်းခံရသူ သင်တန်းသားသစ် တစ်ဝက်ခန့် သေဆုံးခဲ့ကြောင်း သင်တန်းသားသစ် ညီမဖြစ်သူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ဇူလိုင် ၇ ရက်နေ့က အာရက္ခတပ်တော်၏ စစ်ရေး သတင်း ထုတ်ပြန်ချက်တွင်  တပ်မ (၁၀၁) မှ တပ်ရင်း (၁၀) ရင်းစလုံး သံတွဲမြို့စစ်ဆင်ရေးတွင်ပါဝင်ခဲ့ကြပြီး အဆိုပါ တပ်ရင်းများ အားလုံး နီးပါးကိုလည်း အပြတ်အသတ်ချေမှုန်းနိုင်ခဲ့ကြောင်း၊ သံတွဲဒေသတိုက်ပွဲများအတွင်း ရန်သူ့ စစ်ကောင်စီ အလောင်း (၄၀၀) ကျော်အား ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

Most read this week

September 30, 2024
အိန္ဒိယနိုင်ငံသည် သူ့အကျိုးစီးပွားများအားကာကွယ်ရန် အာရက္ခတပ်တော်(AA)အား အသိအမှတ်ပြုပြီး...
September 27, 2024
မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့အား စက်တင်ဘာလ  (၂၅)  ရက်နေ့က အကြမ်းဖက် စစ်ကောင်စီက...
September 26, 2024
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် ကျေးရွာအများအပြားမှ ရွာသူ ရွာသားများကို စစ်ကောင်စီက...
September 26, 2024
ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို အကြမ်းဖက် စစ်ကောင်စီမှ ဂျက်တိုက် လေယာဥ်ဖြင့်...