ဂါလိုင်ရွာ စာသင်ကျောင်းကို TNLA က ချိတ်ပိတ်လိုက်ပြီး ဆရာ၊မတွေကိုလည်း ကျောင်းကနေမောင်းထုတ်ထား

ဂါလိုင်ရွာ စာသင်ကျောင်းကို TNLA က ချိတ်ပိတ်လိုက်ပြီး ဆရာ၊မတွေကိုလည်း ကျောင်းကနေမောင်းထုတ်ထား

ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာမှာဖွင့်ထားတဲ့ စာသင်ကျောင်းကို TNLA လက်နက်ကိုင်တပ်ဖွဲ့က ပိတ်ပေးလိုက်ပြီး ကျောင်းမှာနေတဲ့ ဆရာ၊ဆရာမတွေကိုလည်းမောင်းထုတ်လိုက်တယ်လို့ ကျောင်းတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

ဇွန် ၂၃ ရက်နေ့ မနေ့ည ၉ နာရီခွဲအချိန်လောက်မှာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့တွေဟာ အင်အားအလုံးအရင်းနဲ့ ကျောင်းကိုရောက်လာပြီး  ကျောင်းဝင်းထဲရှိနေတဲ့ဆရာ၊ဆရာမတွေကို မောင်းထုတ်ခဲ့သလို စာသင်ခန်းအားလုံးကိုလည်း သစ်သားပြားတွေနဲ့ချိတ်ပိတ်ပေးလိုက်တယ်လို့  ကျောင်းတာဝန်ရှိသူတစ်ဦးက Kachin News Group(KNG) ကချင်သတင်းဌာနကို ပြောပါတယ်။

“ မနေ့ညက သူတို့က အင်အားနဲ့လာပြီး ကျောင်းထဲနေတဲ့ ဆရာ၊ဆရာမတွေကိုမောင်းထုတ်လိုက်တယ်။ သူတို့က ဆရာ၊ဆရာမတွေကို ဖမ်းခေါ်သွားဖို့တောင် လုပ်တယ်။ ဒါပေမဲ့ ဆရာမတွေက ကလေးအငယ်တွေနဲ့ ဘာနဲ့ဆိုတော့ အပြင်ကိုပဲ မောင်းထုတ်ထားလိုက်တာ။ ပြီးတော့ ကျောင်းစာသင်ခန်း အားလုံး သစ်ပြားတွေနဲ့ ရိုက်ပြီးပိတ်လိုက်တယ်။ ကျောင်းရှေ့က အလံကိုလည်း ဖြုတ်သိမ်းသွားတယ်။” လို့ ဂါလိုင်ကျေးရွာ အလယ်တန်းကျောင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့က ကား ၃ စီး၊ အင်အား ၄၀ ခန့်နဲ့ စာသင်ကျောင်းထဲရောက်လာကာ ကျောင်းဝင်းထဲနေတဲ့ ဆရာ၊ဆရာမ မိသားစု ၃ စုလုံးကို ကျောင်းထဲကနေ မောင်းထုတ်လိုက်ပြီး ကျောင်းတံခါးအားလုံးပိတ်ကာ ကျောင်းရှေ့လွှင့်ထူထားတဲ့ ကချင်အမျိုးသားအလံကိုလည်းဖြုတ်သိမ်းသွားတယ်လို့ ဆိုပါတယ်။

ဂါလိုင်အလယ်တန်းကျောင်းမှာ TNLA တပ်ဖွဲ့ဝင်တွေက အစကတည်းကနေရာယူတပ်စွဲထားတာဖြစ်ပြီး ဇွန်လ ၂၃ ရက်ည ကျောင်းကိုပိတ်ပေးလိုက်ပြီးနောက်မှာတော့ ကျောင်းဝင်းထဲ TNLA မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၂၄ ဒီမနက်မှာတော့ ကျောင်းသား၊ကျောင်းသူများအားလုံး ကျောင်းခန်းထဲမဝင်နိုင်ပဲ ကျောင်းဘောလုံးကွင်းမှာပဲစုနေကြရပြီး ကျောင်းတာဝန်ရှိသူတွေနဲ့ TNLA တပ်ဖွဲ့ကကျောင်းနဲ့ပတ်သက်ပြီး ညှိနှိုင်းတွေ့ဆုံတာတွေလုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

“ကျနော်တို့က ဒီကျောင်းကို အရင်းကတည်းက ဖွင့်နေပြီးသားဖြစ်တယ်။ ဒါပေမဲ့ သူတို့ပြောတာက အရင်ကဖွင့်တာ သူတို့နဲ့မဆိုင်ဘူးတဲ့။ အခု ကွတ်ခိုင်ကိုသူတို့သိမ်းထားတာဖြစ်တာကြောင့် သူတို့အောက်မှာရှိရမယ်တဲ့။ ဘာပဲလုပ်လုပ် သူတို့ထံ ညှိနှိုင်းတိုင်ပင်ရမယ်တဲ့။ ကျနော်တို့ ပြောချင်တာက ဒီကျောင်းက အရင်ကတည်းက KIO အစိုးရအောက်ဖွင့်လှစ်နေပြီးသား ကျောင်းဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ကျောင်းတာဝန်ရှိသူတွေ ဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ KIO အစိုးရနဲ့ပဲဆိုင်တယ်။ ” လို့ ကျောင်းတာဝန်ခံက ဆက်ပြောပါတယ်။  

ဂါလိုင်ရွာက စာသင်ကျောင်းကို TNLA တပ်ဖွဲ့ က ခွင့်ပြုချက်နဲ့အတူ ၎င်းတို့ချပေးတဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနိုင်မှကျောင်းဖွင့်ခွင့်ပေးရမယ်ဆိုတဲ့အကြောင်းနဲ့ TNLA ထံ ခွင့်တောင်း၊ ညှိနှိုင်းခြင်းမရှိပါက ဂါလိုင်ကျောင်းကို ဇွန်လ ၁၀ ရက်နေ့နောက်ဆုံးထား ကျောင်းပိတ်လိုက်ဖို့ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ  TNLA တပ်က ကျောင်းသက်ဆိုင်သူတွေထံ စာပို့ထားတာဖြစ်ပါတယ်။

စာပို့ခဲ့ပြီးနောက် ဇွန်လ ၁၂ ရက်နေ့လောက်မှာ TNLA တပ်ဖွဲ့က ကျောင်းဝင်းထဲရောက်လာပြီး  ကျောင်းသားစာရင်း ၊ကျောင်းဆရာ၊ဆရာမ စာရင်းနဲ့ ကျောင်းကော်မတီဝင်တွေနဲ့ နာမည်စာရင်းတွေရဲ့ နေရပ်လိပ်စာ၊ ဓါတ်ပုံတွေပေးရန် လာရောက်တောင်းဆိုတာတွေရှိခဲ့ပေမယ့် ကျောင်းဆရာ၊ဆရာမတွေကတော့ မပေးခဲ့ဘူးလို့ ဆိုပါတယ်။

လက်ရှိ တအာင်းလွတ်မြောက်တပ်မတော် TNLA ဟာ နမ့်ဖတ်ကာကျေးရွာမှာ TNLA ကျောင်းဖွင့်ဖို့ KIA ကို ခွင့်တောင်းခဲ့သလို ကွတ်ခိုင်ကိုလည်း TNLA က သိမ်းထားတာကြောင့် TNLA ဆီ ခွင့်တောင်းရမယ်ဆိုတဲ့သဘောနဲ့ အကြပ်ကိုင်နေတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။။

နမ့်ဖတ်ကာကျေးရွာမှာ TNLAအောက် TLEC ကျောင်း ၃ ကျောင်း စတင်ဖွင့်လှစ်ဖို့ TNLA က KIA ထံခွင့်တောင်းခဲ့ပြီး  KIA ရဲ့ခွင့်ပြုချက်နဲ့ ကျောင်း ၂ ကျောင်းဖွင့်လှစ်နေပြီဖြစ်ပါတယ်။

ဒေသခံတွေပြောပြချက်အရ TNLA က အကြပ်ကိုင်နေပေမယ့် ဂါလိုင်ဇွပ်အောင်ကျေးရွာဟာ အရင်ကတည်းက အစိုရလက်လှမ်းမမှီတဲ့နေရာတစ်ခုဖြစ်သလို  KIO တပ်မဟာ ၄ နယ်မြေ ဖြစ်တာကြောင့် KIO အစိုးရအောက် စာသင်ကျောင်းအဖြစ် ဖွင့်လှစ်နေခဲ့တာလို့ ပြောပါတယ်။

လက်ရှိ ကွတ်ခိုင်မြို့ပြင် ဂါလိုင်ကျေးရွာ အလယ်တန်းကျောင်းမှာ ကျောင်းသားပေါင်း ၂၀၀ ကျော်၊ ဆရာ၊ဆရာမ ၂၀ ခန့်နဲ့ ပညာသင်ကြားနေတာဖြစ်ပါတယ်။

“ဒီနယ်မြေဟာ ဘယ်သူပစ်ယူထားတာပဲဆိုပါစေ ပညာရေးဟာ စစ်ရေး၊နိုင်ငံရေးလုပ်နေတာမဟုတ်ဘူး။ ကလေးတွေရဲ့ ရှေ့ရေးအတွက်ပဲ ကြိုးပမ်းနေကြတာဖြစ်တာကြောင့် ဘယ်သူပဲ အုပ်စိုးပါစေ ကျောင်းဖွင့်နေတာကိုတော့  အနှောက်အယှက်မပေးပဲ ကျောင်းဖွင့်ခွင့်ပေးထားပြီး လိုအပ်တာတွေကို အချင်းချင်း ညှိနှိုင်းဆွေးနွေးရင်းနဲ့ပဲ ကျောင်းဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးစားပေးစေချင်တယ်။” လို့ ဂါလိုင်ကျေးရွာ ကျောင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တစ်ဖက်မှာ တအာင်းပညာရေးကောင်စီ Ta’ang Land Education Council - TLEC  က ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာ အခြေခံပညာကျောင်းအပါအဝင် လုံခြုံရေးအခြေအနေ အားမကောင်းသေးတဲ့ စာသင်ကျောင်းတွေကို ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘူးလို့ ဇွန်လ ၂၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဂါလိုင်ကျေးရွာမှာ KIO အစိုးရအောက် စာသင်ကျောင်းဖွင့်လှစ်သင်ကြားနေတာနဲ့ပတ်သက်ပြီး TNLA က ကျောင်းဝင်းထဲ တပ်စွဲနေထိုင်နေမှုနဲ့ ကျောင်းပိတ်ပင်တားဆီးနေတာတွေနဲ့ ပတ်သက်ပြီး PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးရယ်ဦးကို ဇွန်လ ၂၀ ရက်နေ့က KNG ကဆက်သွယ်မေးမြန်းရာ ဆွေးနွေးညှိနှိုင်းနေဆဲအခြေအနေမှာရှိနေတယ်လို့ ဖြေကြားခဲ့ပါတယ်။

ရှမ်းမြောက်မှာ TNLA နဲ့ ကိုးကန့် MNDAA သိမ်းပိုက်ထိန်းချူပ်ထားတဲ့ နယ်မြေတွေမှာ စာသင်ကျောင်းတွေကို လိုက်လံတားဆီးပိတ်ပင်တာတွေပြုလုပ်နေတာကြောင့် ဒေသခံလူထုတွေရဲ့ ဝေဖန်ပြောဆိုမှု များစွာရှိနေတာလည်း ဖြစ်ပါတယ်။

September 27, 2024
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်တွေ သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ကို ...
September 25, 2024
ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲရက်ကြာရှည်လာတာနဲ့အမျှ စစ်ရှောင်ပြည်သူတွေ အစားအသောက်ပြတ်လပ်လာပြီး...
September 25, 2024
ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက KIA ၊KPDF ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို...
September 24, 2024
ရှမ်းမြောက် လားရှိုးမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်...