မိုခါ မုန်တိုင်းဒဏ်သင့်ပြီး မကြာမီ စစ်ဘေးဒဏ်သင့်ခဲ့ရသော ရခိုင်ပြည်တွင် မုန်တိုင်းတိုက်ခတ်ပြီး တစ်နှစ်ကြာသည်အထိ ပြည်သူများ စားဝတ်နေရေးဒုက္ခဆင်းရဲမျိုးစုံနှင့် ဆိုးရွားစွာ ဆက်လက်ရင်ဆိုင်နေရ

မိုခါ မုန်တိုင်းဒဏ်သင့်ပြီး မကြာမီ စစ်ဘေးဒဏ်သင့်ခဲ့ရသော ရခိုင်ပြည်တွင် မုန်တိုင်းတိုက်ခတ်ပြီး တစ်နှစ်ကြာသည်အထိ ပြည်သူများ စားဝတ်နေရေးဒုက္ခဆင်းရဲမျိုးစုံနှင့် ဆိုးရွားစွာ ဆက်လက်ရင်ဆိုင်နေရ

မိုခါ မုန်တိုင်းဒဏ်သင့်ပြီး မကြာမီ စစ်ဘေးဒဏ်သင့်ခဲ့ရသော ရခိုင်ပြည်တွင် မုန်တိုင်းတိုက်ခတ်ပြီး တစ်နှစ်ကြလာသည့်ချိန်အထိ ပြည်သူများမှာ စားဝတ်နေရေးဒုက္ခဆင်းရဲမျိုးစုံနှင့် ဆိုးရွားစွာ ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်ဟု သိရသည်။

၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်သည်  ရခိုင်ပြည်၊ စစ်တွေမြို့ကို ဖြတ်သန်းပြီး အလွန့်အင်အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း " မိုခါ" ဝင်ရောက်တိုက်ခတ်သွားသည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့သောနေ့ဖြစ်သည်။

၂၀၂၃  ခုနှစ် ၊  မေလ ၁၄ ရက်တွင် စစ်တွေမြို့ကို ဗဟိုပြုပြီး တစ်နာရီလျှင်  ၁၃၇ မိုင်နှုန်းဖြင့် ဖြတ်ကျော်ဝင်ရောက် တိုက်ခတ်ခဲ့သည့် အင်အားပြင်း မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်တွင် သေဆုံးသူ ၁၄၆ဦး ရှိခဲ့ပြီး အိမ်ခြေပေါင်း ၂၁၆,၆၈၁ ပျက်စီးခဲ့ကာ ဒေသခံ ၁ သန်းကျော် ထိခိုက်နစ်နာခဲ့ကြောင်းနှင့်ပျက်စီးဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၁ ဘီလီယံခွဲခန့် ရှိသည်ဟု ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ စာရင်းအရ သိရသည်။

ယင်းသို့ ထိခိုက်သေဆုံး ပျက်စီးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည့်အတွက် ရခိုင်မှ လေဘေးသင့်ပြည်သူများသည် နေအိမ်များမပြုပြင်နိုင်သေးခင် ၊ အမိုးအကာအောက်သို့မရောက်နိုင်သေးခင် စစ်ဘေးရှောင်ဘဝသို့ ရောက်ရှိခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

စစ်ပွဲများ စတင်ဖြစ်ပွားသည်နှင့်တပြိုင်နက် ကုန်းလမ်း၊ရေလမ်းများအားလုံးကို ဖြတ်တောက်ပိတ်ဆို့လိုက်သောကြောင့် ပြည်သူများ စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲများကို ခါးစည်းခံနေရသည်ဟု မိုခါတွင်နေအိမ်ပျက်စီးခဲ့ရပြီး လက်ရှိတွင် စစ်ဘေးရှောင်နေရသူတစ်ဦးလည်းဖြစ်သည့် ပေါက်တောမြို့မှ ဒေါ်မိုးမိုးက ပြောသည်။

"အလုပ်လည်း မရှိဘူး။ နေကပူနဲ့ အလုပ်လည်း သေချာမလုပ်ရဘူး။ အခက်အခဲတွေက အများကြီး။စိတ်ညစ်တာကို မပြောပြတတ်တော့ဘူး။ ကုန်ဈေးတွေက ကြီး။ ဆီ၊ ဆား၊ငရုတ် မပါဘဲတောင် တစ်ရက်မှာလူနှစ်ယောက် သုံးယောက်တောင် တစ်သောင်းကျော် ကုန်ပါတယ်။ အိမ်တွေလည်း တတ်နိုင်တဲ့လူတွေမှာကချေးငှား ပေါင်နှံပြီးလုပ်ထားကြတယ်။ မတတ်နိုင်တဲ့လူမှာက ဒီအတိုင်း နေရတာပဲ။ ဒုက္ခခံပြီး ဖာထေးပြီးနေရတာပဲ။ ကယ်ဆယ်ရေးလည်း ဘာမှရတာမရှိပါဘူး"ဟု ပြောသည်။

မိုခါမုန်တိုင်းအပြီးတွင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ၊အရပ်ဖက်အဖွဲ့အစည်းများ၏ အကူညီအထောက်ပံ့ကို လေဘေးသင့်ပြည်သူများ ရရှိမှု အလွန်နည်းပါးခဲ့ပြီး အိုးအိမ်ပြန်လည် တည်ဆောက်‌ရေးလုပ်ငန်းများ လယ်ယာစိုက်ပျိုး‌ရေးလုပ်ငန်းများကို လုံးဝမလုပ်နိုင်ခဲ့ကြောင်း လူထုဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့(ACRO)မှ ဦးဇော်ဇော်ထွန်းက ပြောသည်။

"ပြည်သူလူထုဟာ စစ်ကောင်စီရဲ့ ကူညီထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်တွေမှာ လုံးဝ အားရကျေနပ်မှုမရှိဘူး။ ဒီအခြေအနေကြောင့် တော်လှန်ရေးအပေါ်မှာ ပြည်သူလူထုက ယုံကြည်မှုပိုများလာတယ်။ တိုက်ပွဲတွေဖြစ်လာတဲ့အပေါ်မှာလည်း ပြည်သူလူထုက လက်ခံကြိုဆိုတယ်။ လိုအပ်ချက်ကြောင့် ဖြစ်လာတဲ့ တိုက်ပွဲတွေလို့ယုံကြည်ပြီး မထူးတဲ့ဘဝမှာ ကြုံလာသမျှကို ခံကြရတော့မယ်ဆိုတဲ့စိတ်နဲ့ ထမင်းတစ်လုတ် စားရမဲ့ အရေး၊ကျောတခင်းအိပ်ရမဲ့ အရေးနဲ့ကျေနပ်ပြီး တော်လှန်ရေးကာလမှာ ကြုံရတဲ့ ဒုက္ခတွေကိုလည်း ခါးစည်းခံနေရကြတယ်"

စစ်ကောင်စီက မိုခါအလွန်ပြည်လည်တည်ဆောက်ရေးလုပ်ငန်းများကို တစ်စုံတစ်ရာ လုပ်ဆောင်နိုင်ခြင်းမရှိဘဲ အစိုးရ ဌာနဆိုင်ရာအဆောက်အအုံများကို ပြုပြင်မှုနှင့် လိုအပ်သည့် လမ်းတံတားများကိုအထိုက်အလျောက်ပြုပြင်ပေးမှုသာ ရှိခဲ့သည်ဟု ဆိုသည်။

စစ်တွေမြို့၊ ဘုမေကျေးရွာမှ မွတ်ဆလင်အမျိုးသမီး ဒေါ်မချိုကလည်း မိုခါမုန်တိုင်းဒဏ် နှင့် စစ်ရေးအခြေအနေများအကြား ကြုံနေရသည့် အခက်အခဲများကို ယခုကဲ့သို့ပြောသည်။

"မုန်တိုင်းမှာက အိမ်တောင်မကျန်ဘူး။ စားဖို့လည်း အခက်အခဲ၊ နေဖို့လည်း အခက်အခဲ။ အဲ့ဒီလောက်အခြေအနေမှာ တိုက်ပွဲလည်း ဖြစ်တယ်ဆိုတော့ လူတွေက ပိုဆိုးသွားပြီ။ အခု ထမင်းမစားရတာ သုံးရက်ရှိပြီ။ ဘယ်လိုလုပ်မလဲ။ ဆန်တစ်အိတ်ကို နှစ်သိန်းတဲ့။ အရီးမှာက လင်လည်းမရှိဘူး။ ဒုက္ခခံပြီး သားသမီးတွေနဲ့ စားသောက်နေတာ။ အရီးလည်း အလုပ်လုပ်လို့မရတော့ ဘာမှမရှိတော့ဘူးပေါ့" ဟု ပြောသည်။

ရခိုင်ဒေသတွင် ကြုံနေရသည့် ‌အခြေအနေ၊ အခက်အခဲများသည် နိုင်ငံတကာ၏ အကူအညီမပါဘဲ နလန်မထူနိုင်သည့်အတွက် UN အပါအဝင် နိုင်ငံတကာက ကူညီပေးကြရန် လိုကြောင်း ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ‌‌ပြောသည်။

"ရခိုင်ပြည်ရဲ့လက်ရှိ အခြေအနေကတော့ နိုင်ငံတကာ ရဲ့အကူအညီမပါဘဲ‌နဲ့တော့ ဘယ်လိုမှ နာလန်ထူနိုင်မယ့်အခြေအနေမရှိနေဘူး။ အဲ့ဒီတော့ UN အပါအဝင်ပေါ့လေ။ နိုင်ငံတကာအဖွဲ့တွေအနေနဲ့လည်း ရခိုင်ဒေသရဲ့ မုန်တိုင်းဒဏ်ရော လက်ရှိစစ်ဘေးဒဏ်ခံနေရတဲ့အရာတွေအပေါ်မှာ အာရုံစိုက်ဖို့လိုတယ်။ နောက်ပြီး အလှူငွေတွေပိုပြီး ရှာဖွေစုဆောင်း‌ပြီးတော့မှ ဒေသခံအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး ကူညီပေးဖို့လိုအပ်တယ်လို့ မြင်ပါတယ်"ဟု ပြောသည်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း ဘာသာရေး အဆောက်အအုံ ၁,၅၀၇ ဆောင်၊ စာသင်ကျောင်း ၉၇၁ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၂၅၂ ဆောင် ပျက်စီးသွားပြီး ကျွဲ၊ နွား စုစုပေါင်း ၁၅, ၃၈၈ ကောင် သေဆုံးခဲ့ရကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၁ ဘီလီယံခွဲခန့် ရှိခဲ့သည်ဟု ULA/AA ၏ စာရင်းအရ သိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ထုတ်ပြန်ချက်စာရင်းတွင် မိုခါမုန်တိုင်းကြောင့် ရခိုင်တွင် လူပေါင်း ၁,၁၅၆,၇၉၆ ဦး ထိခိုက်ခဲ့ပြီး သေဆုံးသူ ၁၄၈ ဦးရှိကြောင်း၊ ဒဏ်ရာရသူ ၆၂ ဦးနှင့် ပျက်စီးခဲ့သည့် အဆောက်အဦပေါင်း ၂၄၁,၀၇၁ ခု ရှိကြောင်း၊ ယာဉ်အပျက်အစီး (ရေယာဉ်+ကား) ၇၁၆ စီး၊ သေဆုံးတိရစ္ဆာန် ၂၇၆၁၇ ကောင်နှင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုး သိန်းပေါင်း ၄၈,၉၈၆ သိန်း ရှိကြောင်း ဖော်ပြထားသည်။

Most read this week

January 8, 2025
စစ်ရေးတင်းမာလာနေသည့် ကျောက်ဖြူတွင် မြို့ပေါ်နေသူ ပြည်သူ ထက်ဝက်ခန့်မှာ စစ်ရှောင်သွားကြပြီး...
January 7, 2025
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ကို စစ်ကောင်စီမှ ဝင်ခွင့်ပိတ်လိုက်၍ အမ်း -...
လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် အရေပြားရောဂါဖြစ်ပွားနေသူများအား တွေ့ရစဥ်။
January 6, 2025
ရခိုင်ပြည်မှ နေရာအတော်များများတွင် သောက်သုံးရေ မသန့်ရှင်းမှု၊ နေရာထိုင်ခင်း အဆင်မပြေမှု၊ ဆေးဝါး...
January 3, 2025
စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများနှင့် ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလို...