စစ်ကိုင်းတိုင်းဒေသကြိီး ဟုမ္မလင်းမြို့နယ်မှာ ရှမ်းနီအမျိုးသားတပ်မတော် SNA နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ တပ်စွဲထားတဲ့ကျေးရွာနှစ်ရွာကို ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။
ဟုမ္မလင်းနယ်ထဲက ရှမ်းနီအမျိုးသားများတပ်မတော် SNAနဲ့ ပျူစောထီးတွေပူးပေါင်းတပ်ထိုင်နေတဲ့ မနောသာရွာနှင့်အင်ကြင်းမော်ကျေးရွာတို့ကို ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတပ်တွေက ဧပြီလ ၁ ရက်နေ့ မနေ့ကမနက်အစောပိုင်းမှာ တိုက်ခိုက်ပြီး ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ ဟုမ္မလင်း PDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။
“တိုက်ပွဲ ဖြစ်နေတာတော့ ၄ ရက်လောက်ရှိပြီဗျ မနေ့ကပဲဟုမ္မလင်းနယ် ကျွန်းကုန်းအုပ်စုထဲက မနောသာရွာနှင့်အင်ကြင်းမော်ရွာကို ၂၀၂၄ ခုနှစ် ဧပြီ ၁ ရက်နေ့ မနက် ၆ နာရီမှာ ကာကွယ်ရေးဘက်က ထိန်းချုပ်လိုက်ပါတယ်”လို့ ပြောပါတယ်။
မနောသာရွာ နဲ့ အင်ကြင်းမော်ရွာထဲမှာ SNA နဲ့ ပျူစောထီးတွေဟာ တစ်ရွာကို အင်အား ၅၀ အထက်နဲ့ ၂၀၂၂ ခုနှစ်ကတည်းကတပ်ထိုင်နေတာဖြစ်ပြီး ဟုမ္မလင်းPDF မဟာမိတ်ပူးပေါင်းတပ်တွေက မတ်လ ၂၉ ရက်နေ့ကတည်းကနေထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၃ ရက်အကြာမနေ့ကသိမ်းပိုက်လိုက်တာဖြစ်တယ်လို့သိရပါတယ်။
မနောသာရွာ နဲ့ အင်ကြင်းမော်ရွာထဲက SNA နဲ့ ပျူစောထီးတပ်တွေဟ PDF ပူးပေါင်းတိုက်ခိုက်မှုကြောင့် ကျွန်းကုန်းရွာဘက်ကိုပူးပေါင်းထွက်ပြေးသွားပေမယ့် လက်ရှိကျွန်းကုန်းရွာကိုလည်း PDF တပ်တွေ ပိတ်စို့တိုက်ခိုက်နေတာကြောင့် အထိနာနေပြီးစစ်ကောင်စီတပ်ကလေကြောင်းပစ်ကူနေတယ်လို့ သိရပါတယ်။
“ကျွန်းကုန်းမှာလည်းရှိတယ် မနောသာရွာနဲ့အင်ကြင်းမော်ထွက်ပြေးသွားတဲ့အဖွဲ့တွေက ကျွန်းကုန်းမှာသွားပေါင်းနေတာ အခုဒီဘက် PDF က ပိတ်စို့ထားတော့သူတို့ပိတ်မိနေတယ် ဒီကနေ့မနက်တော့ MI 2 တစ်စီးနဲ့ ကျွန်းကုန်းအနီးဝန်းကျင်တွေကိုကျဲချသွားတယ် ပြည်သူတွေလည်းထိခိုက်တာရှိတယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့တာဝန်ရှိသူကဆက်ပြောပါတယ်။
ကျွန်းကုန်းမှာ SNAနဲ့ ပျူစောထီးတွေပိတ်မိနေတာကြောင့် စစ်ကောင်စီဟာ ဒီကနေ့ မနက် ၁၀ နာရီတိတိအချိန်မှာ ဟုမ္မလင်းလေတပ်ကနေ MI 2 လေယာဥ် အမျိုးအစားနဲ့ ကျွန်းကုန်းအနီးတစ်ဝိုက်ကို လေယာဥ်နဲ့ဗုံးကျဲခဲ့တာကြောင့် ကလေးငယ် ၃ ဦး ပခုံးနဲ့ ခြေထောက်တွေမှာ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။
ဟုမ္မလင်း PDF မဟာမိတ်ဟာ လက်ရှိ ကျွန်းကုန်းကိုလည်းဆက်လက်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေဆဲလို့သိရပါတယ်။
လက်ရှိနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေရှိနေတာကြောင့် ကျွန်းကုန်းကျေးရွာအပါအဝင်ကျွန်းကုန်းအုပ်စုထဲက မနောသာရွာ၊အင်ကြင်းမော်ရွာနဲ့အနီးဝန်းကျင်က ကျေးရွာနေပြည်သူတွေဟာတောတောင်တွေထဲတိမ်းရှောင်နေရတယ်လို့လည်းသိရပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲမှာ PDF မဟာမိတ်ပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲနှင့်စခန်းသိမ်းတိုက်ပဲတွေကို ၂၀၂၃ ခုနှစ် ကတည်းက ဆင်နွဲခဲ့တာဖြစ်ပြီး လက်ရှိ ရွှေပြည်အေးမြို့၊လွှစင်ကုန်းရွာတွေကိုထိန်းချုပ်ထားတဲ့အပြင် စစ်ကောင်စီတပ်နဲ့ SNA တပ်စခန်းအများအပြားကိုလည်းသိမ်းပိုက်ရရှိထားပြီလို့သိရပါတယ်။