မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြ နိုင်/ကျဉ်း ၅၀ ဦးရှိလာပြီး မူးလဲသူ ၃ ဦး ဆေးကုသခွင့်မရ

မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြ နိုင်/ကျဉ်း ၅၀ ဦးရှိလာပြီး မူးလဲသူ ၃ ဦး ဆေးကုသခွင့်မရ

မုံရွာအကျဉ်းထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများ စုစုပေါင်း  ၅၀ ဦးအထိ ရှိလာ ကြောင်းနှင့် ထိုအထဲမှ သွေးအားနည်းပြီး မူးလဲကျသည့် သုံးဦးကို ထောင်အာဏာပိုင်များက ဆေးကုသခွင့်မပေး ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီထံမှ သိရသည်။

အစာငတ်ခံ ဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် ကိုဝေမိုးနိုင်ပါဝင်လာသည်ဟု ဆိုသည်။

မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က “ကိုဝေမိုးနိုင်ပါ ဝင်လာပါတယ်။ အရင်က ၁၄ ယောက်ကို သီးခြားခွဲထားတယ်။ ဒါပေမဲ့ အခုလက်ရှိ အယောက် ၅၀ ဖြစ်လာတဲ့အချိန်မှာတော့ သီးခြားခွဲမထား တော့ဘဲနဲ့ အရင်နေနေကျအဆောင်တွေမှာပဲ ပြန်ထားထားတယ် လို့သိရပါတယ်” ဟု စက်တက်ဘာလ ၁၁ ရက် နေ့တွင် ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ နံနက်က မုံရွာထောင်တွင်းသို့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများက ဝင်ရောက်စစ်ဆေးပြီး နိုင်ငံရေးအကျဉ်းသားများ၏အစားအသောက်၊ အဝတ်အစား၊ စာအုပ်နှင့် အသုံးအဆောင် ပစ္စည်းများကို သိမ်းယူသွားရာ နိုင်ငံရေးအကျဉ်းသား ၁၄ ဦးက အစာငတ်ခံဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူ ၃၆ ဦး ထပ်တိုးပါဝင်လာပြီး စက်တင်ဘာလ ၁၁ ရက်နေ့၊ ညနေ အထိ အယောက် ၅၀ ဦးထိ ရှိလာကာ  ထိန်းသိမ်းခံထားရသည့် မုံရွာလူထု သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်လည်း ပါဝင်လာသည်။

“အယောက် ၅၀ ထဲမှာ ဒီနေ့မနက်ခင်းမှာ သုံးယောက်ကတော့ သွေးအားနည်းပြီးတော့ မူးလဲတယ်လို့ သိရတယ်။ ဒါပေမဲ့ အဲ့ဒါကို အကျဉ်းထောင်ဘက်က ဆေးကုသခွင့် လုံးဝမပေးဘူးလို့ ပြောပါတယ်” ဟု ကိုရှင်းသန့်က ပြော သည်။

ကိုဝေမိုးနိုင်သည် စစ်တပ် အာဏာသိမ်းပြီးနောက် မုံရွာမြို့မှ အာဏာရှင်ဆန့်ကျင်ရေး သပိတ်များတွင် ဦး‌ဆောင် ပါဝင်ခဲ့သူ ဖြစ်သည်။

၂ဝ၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင်  ကိုဝေမိုးနိုင်နှင့် ဆန္ဒပြကျောင်းသား အချို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကားဖြင့်တိုက်ပြီး ရိုက်နှက် ဖမ်းဆီးခဲ့သည်။ ထို့နောက် ပုဒ်မ ဆယ်ခုထက်မနည်းဖြင့် တရားစွဲပြီး ထောင်ဒဏ် နှစ် ၅၄ နှစ်ချမှတ်ကာ မုံရွာအကျဉ်းထောင်၌ ချုပ်နှောင်ထားသည်။ ယခုအခါ ကိုဝေမိုးနိုင်သည် သီးခြား တိုက်ပိတ် ခံထားရပြီး အသေးစိတ်ကို မသိရသေးကြောင်း ကိုရှင်းသန့်က ‌ဆိုသည်။

ယခု အစာငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများက ၎င်းတို့ထံမှ သိမ်းဆည်းသွားသော အကျဉ်းသား ပိုင် ပစ္စည်းများကို ပြန်လည်ပေးအပ်ရန်၊ ပြန်ပမှပေးပို့သော ထောင်ဝင်စာပါဆယ်များအား ကန့်သတ်ချုပ်ချယ်မှု မရှိဘဲ လွတ်လပ်စွာ ပေးပို့ခွင့်ပြုရန်နှင့် အစာငတ်ခံဆန္ဒပြနေသော ရဲဘော်များ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ် များကို အပြည့်အဝ တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုနေကြသည်။

မူးလဲသွားသည့် နိုင်ငံရေးအကျဉ်းသား သုံးဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်နိုင်ငံရေး အကျဉ်းသား များက တောင်းဆိုထားသော်လည်း အစာငတ်ခံ ဆန္ဒပြနေသည့်ကိစ္စမှာ တရားဝင်ခွင့်ပြုထားခြင်း မဟုတ်သည့် အတွက် ဆေးဝါးကုသခွင့်ရမည် မဟုတ်ကြောင်း ထောင်အာဏာပိုင်များက ပြောဆိုခဲ့သည်ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများနှင့် အတူရပ်တည်ကြောင်း ပြသသည့် အနေဖြင့် စက်တင်ဘာလ ၁၁ ရက်နေ့၊ နံနက်ပိုင်းကလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ သပိတ်အင်အားစု မှ ရဲဘော်များ၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်များနှင့် ပြည်သူများစုပေါင်းပြီး “သံဖြတ်လွှ” ဓာတ်ပုံကမ်ပိန်းကို ပြု လုပ်ခဲ့ကြသည်။

နောက်ဆုံးရရှိထားသော သတင်းအချက်အလက်များ အရ လက်ရှိအကျဉ်းထောင်တွင် ဒုတိယအသုတ်အနေဖြင့် နိုင်ငံရေးအကျဉ်းသား ၃၆ ဦးသည်လည်း အစာငတ်ခံဆန္ဒပြနေသော နိုင်ငံရေးအကျဉ်းသား ၁၄ ဦးနှင့် အတူ ပူးပေါင်း၍ တောင်းဆိုချက်သုံးချက်ကို ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်ဟု မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ထုတ်ပြန်ထားသည်။

Most read this week

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...