လူထု ဖျက်ဆီးခဲ့သည့် မြေရှားတူးဖော်ရေး လုပ်ငန်း ထွက်ခွာသွားခြင်း မရှိသေး

လူထု ဖျက်ဆီးခဲ့သည့် မြေရှားတူးဖော်ရေး လုပ်ငန်း ထွက်ခွာသွားခြင်း မရှိသေး
ဓါတ်ပုံ - Myu Tsaw Jet Ai
ဓါတ်ပုံ - Myu Tsaw Jet Ai

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟို၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေကြသည့် မံစီမြို့နယ်အတွင်းက မြေရှား သတ္ထု တူးဖော်ရေး လုပ်ငန်းခွင်ရှိ တဲများကို ဒေသခံရွာသားများက အင်းအားအလုံးအရင်းဖြင့် ဖျက်ဆီးခဲ့ကြသော် လည်း ရပ်ဆိုင်းသွားခြင်း ထွက်ခွာသွားခြင်းမျိုး မရှိသေးဘူးဟု ပြောသည်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ မြေရှားသတ္တုတူးဖော်မှု လုပ်ငန်းခွင်က တရုတ်လုပ်ငန်းရှင်များပိုင် တဲအိမ်များကို အင်ဘာပါနှင့် အနီးအနားက ဒေသခံရွာသားများက ဆန္ဒထုတ်ဖော်ပြီးနောက် ဖျက်ဆီး လိုက်ကြခြင်း ဖြစ်သည်။

ရွာသားတစ်ဦးက “ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထား ထွက်ခွာပေးဖို့ တောင်းဆိုချက်အပေါ် သူတို့က ဘာ မှလည်း အကြောင်းပြန်တာမျိုး မရှိဘူး။ မထွက်ခွာဘူး။ ကျနော်တို့က အခုလုပ်ဖို့လျာထားတဲ့ နေရာကနေ လုံး ၀ထွက်ခွာပေးဖို့ကို လိုချင်တယ်။ ကြားမှာလည်း သူတို့နဲ့ အကြိမ်ကြိမ် တွေ့ဆုံပြောဆိုခဲ့ပြီးပြီ။ ပြီးတော့ ကျနော် တို့ လိုချင်တာက ခင်ဗျားတို့ ဒီနေရာကနေ ထွက်ခွာပေးဖို့ပါပဲလို့လည်း ပြောတယ်။ ဒါပေမယ့် သူတို့က ဘာမှ အကြောင်း မပြန်လာဘူး” ဟု ပြောသည်။

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မတ်လ ၂၁ ရက်နေ့က အင်ဘာပါ၊ ဒိန်ဆိန်းပါကျေးရွာနှင့် အနီးအနားရှိ အခြား သောရွာများက ဒေသခံ တစ်ထောင်နီးပါးရှိသည့် စိတ်ဆိုးနေကြသော လူအုပ်ကြီးသွပ်ပြားအပြာရောင်၊ တာလ ပတ်မိုးကာအပြာတို့ဖြင့် ကာပြီး ဆောက်လုပ်ထားသည့် ယာယီတဲအဆောက်အအုံတို့အား ရိုက်ချိုး ဖျက်ဆီးခဲ့ သည့် ရုပ်သံဖိုင်များ ပျံ့နှံ့လာခဲ့သည်။

ဒေသခံများက မတ်လ ၂၁ ရက်နေ့အထိ လုပ်ငန်းရှင်များနှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးမှုများ လုပ်ခဲ့ကြသော် လည်း တစ်စုံတစ်ရာ လိုက်နာဆောင်ရွက်ပေးခြင်းမျိုး မရှိသောကြောင့် လုပ်ကွက်လျာထားသော နေရာရှိ တဲအိမ် အဆောက်အအုံများကို ဖျက်ဆီးပစ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် ရွာသားတစ်ဦးက “မနေ့က နောက်ဆုံးအနေနဲ့ဆိုပြီး ကျနော်တို့ ရွာသားတွေ ၁၂၀၀ ကျော်လောက် သွားရောက် ဆွေးနွေးခဲ့ကြ ပါ တယ်။ နေ့လည် ၁၂ နာရီလောက်ကနေအဲမှာရှိတဲ့ လော ပန်းတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ကျနော်တို့ ဖြစ်ချင်တဲ့ ဆန္ဒသဘောကမင်းတို့ဒီကနေ ထွက်သွားပေး ကြပါ။ ထွက်သွားပေးပါ့မယ်ဆိုတဲ့ ကတိ စာချုပ် ရေးပေးပါ။ အဲဆိုရင်ကျနော်တို့ ရွာသားတွေ ပြန်လိုက်ပါမယ် လို့ပြောတယ်။ သူတို့က အဲ့ ကတိစာချုပ် မရေး နိုင်ဘူးဆိုလို့ရွာသားတွေက ညနေ ၅ နာရီလောက်မှာ သူတို့ရဲ တဲအိမ်တွေ အဲ့မှာရှိနေတဲ့ ပစ္စည်းတွေကို ဖျက်ဆီးပစ်ခဲ့တယ်” ဟု ပြောသည်။

ဒေသအတွင်းရှိ ခရစ်ယာန်ဘာသာရေး အသင်းတော်များက ဘာသာရေးခေါင်းဆောင်များနှင့် ဒေသခံများ ပူး ပေါင်းကာ မြေရှားသတ္ထုတူးဖော်မှု ကန့်ကွက်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး KIOဗဟိုဌာနချုပ်အထိ ဒေသ တွင်း တရုတ်လုပ်ငန်းရှင်များ၏ မြေရှားတူးဖော်မှုလုပ်ငန်းများကို ရပ်တန့်ပေးရန် မေတ္တာရပ်ခံစာများလည်း အကြိမ်ကြိမ်ပေးပို့ခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

သို့သော် KIO ဘက်က တစ်စုံတစ်ရာ အကြောင်းမပြန်သည့်အပြင် လုပ်ငန်းရှင်များကလည်း ထွက်ခွာရပ်ဆိုင်း သွားခြင်းမျိုး မရှိသောကြောင့် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်သွားရခြင်း ဖြစ်သည်ဟုဆိုကြသည်။

KIO ထိန်းချုပ်နယ်မြေအတွင်းရှိ အင်ဘာပါ၊ ဒိန်ဆိန်းပါနှင့် အနီးအနားကျေးရွာများတွင် KIO ဗဟို၏ခွင့်ပြုချက် ဖြင့် တရုတ်လုပ်ငန်းရှင်များက မြေရှားသတ္ထုတူးဖော်ရန် အကွက်ချ စီစဉ်မှုများလုပ်ဆောင်လာခြင်း ဖြစ်သည်။

မြေရှားသတ္တုတူးဖော်နေသည့် လုပ်ငန်းရှင်များကို ယခုနှစ် ဖေဖော်ဝါရီလကုန်ကတည်းက အပြီးထွက်ခွာပေးဖို့ ဒေသခံများ တောင်းဆိုထားသော်လည်း မတ်လ ၂၃ ရက်နေ့အချိန်ထိ ထွက်ခွာသွားခြင်းမျိုး မရှိသေးပေ။

တရုတ်လုပ်ငန်းရှင်များပိုင် တဲအိမ်အဆောက်အအုံများကို ဒေသခံရွာသားများ ဖျက်ဆီးပစ်လိုက်သည့်အပေါ် လက်ရှိအချိန်ထိ KIO ကသော်လည်းကောင်း၊ လုပ်ငန်းရှင်များက သော်လည်းကောင်း တစ်စုံတစ်ရာ အရေးယူ ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုး မရှိသေးဘူးဟု ပြောသည်။

လက်ရှိ မြေရှားတူးဖော်မှု လုပ်ကိုင်နေသော နေရာများမှာ မံစီမြို့နယ်အတွင်းရှိ အင်ဘာပါ၊ ဒိန်ဆင်းပါ၊အင်ဂျုံ ဘွမ်၊ ဖိုင်ဒန်၊ ဒရောန်၊ ဂျန်မိုင်၊ ဖက်ဂွမ် စသည့်နေရာတွင် ဖြစ်ပြီး၊ ဒေသခံများအတွက် ရေရှည်တွင် မြေရှား သတ္တုတူးဖော်မှုများကြောင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများ၊ မြေယာများ ပျက်စီးကာ စားဝတ်နေ ရေး အခက်အခဲဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

လုပ်ငန်းရှင်များမှာ အင်ဘာပါကျေးရွာအနီး မြေရှားတူးဖော် စမ်းသပ်ရန် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစတင်ကာ ဝင်ရောက်လာပြီးနောက် ထွက်ခွာခြင်းမရှိဘဲ ယနေ့ချိန်ထိ စက်ပစ္စည်း အစုံအလင်နှင့် ရှိနေကြခြင်း ဖြစ်သည်။ ဒေသခံများကလည်း မြေရှားတူးဖော်မှု လုပ်ငန်းရပ်တန့်သွားသည်အထိ ဆက်လက် ကန့်ကွက်သွားကြမည်ဟု ဆိုကြသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...