ရိုးရာ မြေအိုးလုပ်ငန်း ပျောက်ကွယ်လုနီး ဖြစ်နေ

ရိုးရာ မြေအိုးလုပ်ငန်း ပျောက်ကွယ်လုနီး ဖြစ်နေ

ဧရာဝတီတိုင်း အတွင်းရှိ ပုသိမ်မြို့နယ်နှင့် ရေကြည်မြို့နယ်အတွင်းက ဘိုးဘွားစဉ်ဆက် ထုတ်လုပ်လာသည့် မြေဖြင့်ပြုလုပ်သည့် ရိုးရာအိုးလုပ်ငန်းမှာ ကွယ်ပျောက်လုနီး ဖြစ်နေပြီဟု ဒေသခံ အိုးလုပ်ငန်း လုပ်ကိုင်သူများ က ပြောသည်။

ပုသိမ်မြို့၊ အမှတ် ၁ ရပ်ကွက်၊ ကမ်းနားလမ်း၊ စဉ့်အိုးဘိုအရပ်ရှိ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာသည့် အိုးဖို ၄၀ ကျော်အနက် စဉ့်ထည်ဖုတ်ဖိုလုပ်ငန်း ၂၀ ကျော်မှာ ၂ နှစ်တာ ကာလအတွင်း လုံးဝကွယ်ပျောက်သွားပြီး အခြားမြေဖြင့် လုပ်သည့် မြေထည်သောက်ရေအိုး၊ တာအိုး၊ ပန်းအိုး၊ အင်တုံ၊ မြေစဉ့်ငြုတ်ဆုံ ထုတ်လုပ်သည့် အိုးဖို ၄ ဖိုခန့်ကသာ ထုတ်လုပ်လျှက် ရှိသည်။

အလားတူ ရေကြည်မြို့နယ်ထဲက အိမ်ခြေ ၂၀၀ ကျော်ခန့်ရှိသည့် ကွင်းလျားကျေးရွာတွင်လည်း ရွာလုံးကျွတ် ဘိုးဘွားစဉ်ဆက် မြေဖြင့်လုပ်သည့် သောက်ရေအိုး၊ တာအိုး၊ ငပိအိုး၊ ထမင်းအိုး၊ ပန်းအိုး၊ အိုးပုတ် ချိုးရုပ်၊ ဆီမီး ခွက်၊ ဆီမီးအိုးများ ထုတ်လုပ်ခဲ့ရာမှ ယခုအခါ အိုးဖို ၁၅ ဖိုခန့်သာ ရှိတော့သည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ အိုးဖိုများကိုလည်း ကွင်းလျားကျေးရွရြှိ အသက်အရွယ်ကြီးရင့်သည့် သူများကသာ လုပ်ကိုင်လျှက်ရှိ သည်။

ကွင်းလျားရွာက အိုးဖို လုပ်ငန်းရှင် တစ်ဦး က “အိုးဈေးကွက်က ပျောက်လာတယ်။ အိုးလုပ်ငန်းကရတဲ့ တစ်နေ့ တာ ဝင်ငွေက တက်ပြီးရင်းတက်နေတဲ့ ကုန်ဈေးနှုန်းတွေကြောင့် အိမ်စရိတ် မလောက်ဘူးလေ။ အဲ့တော့ လူ ငယ်တွေက ပုံမှန်ဝင်ငွေ မရတဲ့ မိရိုးဖလာ လုပ်ငန်းကို မလုပ်တော့ဘူး” ဟု ပြောသည်။ အိုးလုပ်ငန်း လုပ်ကိုင်ရာတွင် အဓိက အိုးပုံဖော်သူတဦး၊ နောက်လိုက်နှစ်ဦး စုစုပေါင်း လုပ်သား ၃ ဦး အချိန်ပြည့် လုပ်ကိုင်ရသည့်အပြင် အိုးနေလှန်း မီးထိုး မြေချေ မြေလုံး လုပ်ငန်းတို့ကိုမူ အချိန်ပိုင်း လုပ်သားတို့ဖြင့် လုပ်ကိုင် ပြီး အမြင့်ဆုံးတစ်နေ့ လုပ်အားခ ကျပ် ၆၅၀၀ သာရရှိပြီး အနိမ့်ဆုံး ၃၅၀၀ ကျပ် ရရှိကြသည်ဟု အိုး လုပ်သား များက ပြောသည်။

လုပ်သား တစ်ဦး၏ တစ်နေ့ဝင်ငွေမှာ နည်းလွန်းသည့် အတွက် လူငယ်/လူလတ်ပိုင်းများက မြို့တက်၊ နိုင်ငံခြား ထွက်ကာ ရရာ အလုပ်များ လုပ်ကြလာကြသဖြင့် အိုးလုပ်ငန်း ကျွမ်းကျင်သည့် လုပ်သားများလည်း နည်းပါး သွားသည်ဟု အိုးလုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။

ပုသိမ်မြို့ရှိ အိုးလုပ်ငန်းရှင်တစ်ဦးက “မြေအိုးအစားထိုး ဒန်၊ ပလတ်စတစ်၊ ဖိုက်ဘာ၊ တာယာ အိုးတွေ ပေါ်လာ တော့ မြေအိုး စဉ့်အိုး ဈေးကွက် ပျက်လာတယ်။ ရောင်းမကောင်းတော့ လုပ်အားခ တိုးမြှင့်ပေးဖို့အတွက် အဆင်မပြေပြန်ဘူး။ လက်ရှိမှာ မိသားစုအနေနဲ့ပဲ လုပ်ကြတော့တယ်။ လုပ်သား မငှားတော့ဘူး ရေရှည်မှာ ခက်ခဲလာတယ်” ဟု ပြောသည်။

ပုသိမ်မြို့ စဉ့်အိုးဘိုအရပ်နှင့် ရေကြည်မြို့နယ် ကွင်းလျားရွာက ထုတ်လုပ်သည့် စဉ့်အိုး နှင့် သောက်ရေအိုးများ မှာ ခိုင်ခန့်အေးမြပြီး လူကြိုက်များသော်လည်း ရေခဲသေတ္တာ၊ သောက်ရေသန့်စက်၊ ရေသန့်ဗူးများ ပေါ်လာသည့် အတွက် ကျေးလက်ဒေသကိုသာ ပိုပြီး အားပြုရောင်းချနေရသည်ဟု မြစ်ချောင်းများအတွင်း စက်လှေဖြင့် လှည့် လည် ရောင်းချသည့် အိုးကုန်သည်များက ပြောသည်။ သို့သော် စစ်တပ်က အာဏာသိမ်း ပြီးနောက်ပိုင်း စက်သုံးဆီ အဆမတန် ဈေးထိုးတက်လာခြင်း၊ လမ်းခရီးတွင် စစ်ဆေး ဟန့်တားခံရမှုများပြားလားခြင်း၊ မြစ်ချောင်းများအတွင်း ဓါးပြ လုယက်သူပေါများ လာခြင်းတို့ကြောင့် ရောင်းလမ်းဝယ်လမ်းမှာလည်း ယခင်ကကဲ့သို့ မကောင်းတော့ဘူး ဟု ဆိုကြသည်။

အိုးဖုတ်သည့် လုပ်ငန်းတွင် အသုံးပြုရသည့် စဉ့်ထည်အတွက် ချော်ကို မန္တလေးတိုင်း၊ ကျောက်မြောင်း နှင့် ရန် ကုန်တိုင်း၊ တွံတေးတို့က တဆင့်ဝယ်ယူရပြီး ရွံ့စီး၊ သဲ နှင့် လောင်စာအတွက် ထင်းနှင့် ဝါးတို့ကိုမူ ဒေသ တွင်း အလွယ်တကူ ရရှိသည်ဟု အိုးလုပ်ငန်းရှင်များက ပြောသည်။

အိုးအမျိုးမျိုး လက်လီလက္ကား ရောင်းချသူများက ပုသိမ်မြို့၊ စဉ့်အိုးဘိုအရပ်နှင့် ‌ရေကြည်မြို့နယ်၊ကွင်းလျား ကျေးရွာက ထုတ်လုပ်သည့် အိုးများကို ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ် နှင့် ဧရာဝတီတိုင်း အတွင်းက မြို့ နယ်က ကျေးလက် ဒေသကို လည့်လည်ရောင်းချသည့် အပြင် မြို့ပြက အိုးဆိုင်ကြီးများ ကိုလည်း တင်ပို့ ရောင်း ချကြသည်။

January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...