ထောင်တွင်း အကြမ်းဖက် နှိပ်စက်ခံရသည့် နိုင်/ကျဉ်း ကိုဝင်းထွန်းနိုင်၏ ဇနီးကို စစ်ကောင်စီက ဖမ်းပြီးထောင်ချလိုက်သည်။
ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်ထဲတွင် အကြမ်းဖက် နှိပ်စက်ခံရသည့် နိုင်/ကျဉ်း ကိုဝင်းထွန်းနိုင်၏ ဇနီး မစန္ဒာအေး ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဖမ်းဆီးပြီးနောက် ပုသိမ်မြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ ချလိုက်သည်ဟု တရားရေးဌာန အသိုင်းအဝိုင်းထံမှ သိရသည်။
တရားရုံး နှင့် နီးစပ်သူတစ်ဦး က “ထောင်ထဲက သူ့ရဲ့ ယောက်ကျား နိုင်ကျဉ်း ကိုဝင်းထွန်းနိုင်ဆီကို ဖုံးသွင်းပေး တယ် ဆိုပြီး အကျဉ်းဦးစီးက တိုင်ကြား အမှုဖွင့်လို့ တပ်ကကောင်တွေက ဖမ်းပြီးတော့ တရားသူကြီးက အမိန့် ချလိုက်တာ” ဟု ပြောသည်။
နှစ်ရှည် ထောင်ကျနေသည့် နိုင်ငံရေးအကျဉ်းသား ကိုဝင်းထွန်းနိုင်၏ ဇနီးဖြစ်သူ မစန္ဒာအေးကို ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်ရှိ နေအိမ်မှ ဇန္နဝါရီလ ၇ ရက်နေ့ ညနေပိုင်းတွင် အရပ်ဝတ်နှင့် စစ်ကောင်စီတပ်ဖွဲ့က လာရောက် ခေါ် ဆောင်သွားပြီးနောက် ထောင်အတွင်းသို့ ဖုန်းသွင်းသည်ဟု စွပ်စွဲကာ အကျဉ်းထောင် ဥပဒေ ပုဒ်မ-၄၂ ဖြင့် ဇန္နဝါ ရီလ ၂၃ ရက်နေ့က ထောင်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်။
ထောင်ညွှန်ကြားရေးမှူး နှင့် ထောင်ဝန်ထမ်းများက နိုင်ငံရေး အကျဉ်းသား ကိုဝင်းထွန်းနိုင် အပါအဝင် နှစ်ရှည် ထောင်ကျ နိုင်ကျဉ်းများဖြစ်သည့် ကိုမဲကြီး၊ ကိုဖိုးပြည့်တို့ကို ထောင်ထဲတွင် ဖုံးကိုင်သည်ဟုဆိုကာ ဇန္နဝါရီလ ၅ ရက်နေ့ ညက တညလုံး နှိပ်စက် ရိုက်နှက်ခဲ့ခြင်းကြောင့် အသက်အန္တရယ် စိုးရိမ်ရသည့်အထိ ဒဏ်ရာများ ရရှိခဲ့ သည်။
နိုင်ကျဉ်းများကို တညလုံး အကြမ်းဖက် နှိပ်စက် ရိုက်နှက်ခဲ့ခြင်းကြောင့် အကျဉ်းသား အခွင့်အရေးချိုးဖေါက် သည့် ညွှန်ကြားရေးမှူးနှင့် ထောင်အာဏာပိုင်များကိုလည်း နိုင်ကျဉ်းများက ဦးဆောင်ကာ ဇန္နဝါရီလ ၆ ရက်နေ့၊ နံနံက် ၉ နာရီဝန်းကျင် အချိန်ခန့်က ဆန္ဒပြခဲ့ကြသည်။
ဇန္နဝါရီလ ၄ ရက်နေ့က လွတ်ငြိမ်း ခွင့်ဖြင့် လွတ်လာသည့် အကျဉ်းသား တစ်ဦးက “ထောင်ထဲကို ဖုန်းတင် မဟုတ်ဘူး မျိုးစုံသွင်းနေတာကို ထောင်ညွှန်မှူးနဲ့ ထောင်အာဏာပိုင်တွေက ကြိုးကိုင်ပြီး စီးပွားရေး လုပ်နေကြ တာပါ။ ထောင်ထဲမှာ ကွမ်းမစားရ၊ ကွမ်းတံထွေး မထွေးရ ဆိုပြီး စာကပ်ထားတယ်။ ဒါပေမယ့် ထောင်ပိုင်ကြီး က သူတပည့်ကို ကွမ်းယာ ရောင်းခိုင်းထားတယ်” ဟု ပြောသည်။
နိုင်ကျဉ်းများ ပါဝင်သည့် ဆန္ဒပြ အကျဉ်းသား ၇၀ ကျော်ကိုလည်း စစ်ကောင်စီ လုံထိန်းအဖွဲ့ နှင့်ထောင်ညွှန်ကြား ရေးမှူး ဦးဆောင်သည့် ထောင်စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့က အကြမ်းဖက်ဖမ်းဆီးချုပ်နှောင်ကာ နေလှန်း နှိပ် စက် ရိုက်နှက်ခြင်းတို့ကြောင့် နိုင်ကျဉ်း ကိုဝေယံဖြိုး သေဆုံးကာ အားလုံး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြပြီး ၁၃ ဦးမှာ အတွင်းလူနာအဖြစ် ဆေးကုသခဲ့ရသည်ဟုအကျဉ်းဦးစီးဌာန နှင့် နီးစပ်သူ အချို့က ပြောသည်။
ထို့အပြင် ပြည်ထဲရေး ဝန်ကြီး စိုးထွဋ် ပုသိမ်ထောင်ကို ရောက်လာပြီးနောက် ဆန္ဒပြ အကျဉ်းသား ၇၀ကျော် အား ဇန္နဝါရီလ ၉ ရက်နေ့တွင် ထောင်အာဏာပိုင်အဖွဲ့ မှ ကတုံးကွက်ကြားရိတ်ပြီး အကျဉ်းထောင် ပုဒ်မ ၄၂ ဖြင့် စစ်ဆေးအရေး ယူမှုများ လုပ်ခဲ့သည် ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။