ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အာဏာရှင် အဓွန့်ရှည်ရေးအတွက် အသုံးပြုနေ

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အာဏာရှင် အဓွန့်ရှည်ရေးအတွက် အသုံးပြုနေ

စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို စစ်တပ်ကအသုံးချနေသည်ကို လေ့လာတွေ့ ရှိရကြောင်း နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ BNI ၏ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ က ပြောဆိုလိုက်သည်။

တိုင်းရင်းသား သတင်းမီဒီယာ အဖွဲ့ ၁၅ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် BNI ၏ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေး အဖွဲ့က “စစ်အာဏာရှင် စနစ် အဓွန့်ရှည်ရေးအတွက် အသုံးချခံငြိမ်းချမ်းရေး” ဆိုသည့် စာတမ်းနှင့်အတူ “စစ် အာဏာသိမ်းကာလအတွင်း တိုင်းရင်းသားမီဒီယာများကို လေ့လာခြင်း” ဆိုသည့် စာတမ်း မိတ်ဆက်ပွဲ အခမ်းအနားတွင်ထုတ်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

စာတမ်း မိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့ပြီး BNI ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ အကြီးတန်း သုတေသနမှူးက ၎င်းတို့ လေ့လာတွေ့ရှိချက်နှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“စစ်အုပ်စုက နွေဦးတော်လှန်ရေးမှာ မပါဝင်သေးတဲ့ ERO တွေကို အသုံးချပြီးတော့ သူတို့ရဲ့အာဏာရှင်စနစ် အဓွန့်ရှည်ရေး လုပ်ငန်းစဉ်တွေကို ပြန်လည်ချမှတ်လုပ်ဆောင်နေတယ်ဆိုတာ သတိပြုမိပါတယ်။ ဒါ့ကြောင့် စစ်အုပ်စုရဲ့ စပွန်ဆာ ဒီမိုကရေစီမှာ ဆယ်စုနှစ်တစ်ခုအတွင်းမှာအထူးသဖြင့် ၂၀၁၁ ကနေပြီး ၂၀၂၀ ကာလ အတွင်း ဒီအခြေအနေတွေဟာ အာဏာသိမ်းမှုနဲ့အဆုံးသတ်ခဲ့ရသလို စစ်အုပ်စုဗဟိုပြုတဲ့ တနည်းအားဖြင့် ဒီ စစ်အုပ်စုရဲ့ စပွန်ဆာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကလည်း တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမ ခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးကို ရောက်ရှိနိုင်မှာမဟုတ်ဘူးလို့ ကျနော်တို့အနေနဲ့ သုံးသပ်တင် ပြထားပါတယ်လို့။”

စစ်တပ်ဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် ငြိမ်းချမ်းရေး ရနိုင်၊ မရနိုင်၊ ငြိမ်းချမ်းရေးအတွက် စစ်တပ်၏ ချဉ်းကပ်နည်းများအကြောင်းနှင့် စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးအတွက်ငြိမ်းချမ်းရေးပွဲများကို စစ်တပ် က အသုံးချနေသလား ဆိုသည့် မေးခွန်းများအတွက် အနီးစပ်ဆုံးအဖြေထုတ်နိုင်ရန် အထက်ပါ စာတမ်းကို BNI ၏ ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ ကရေးသားပြုစုခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

စစ်တပ်သည် NCA နှင့် ၂၀၀၈ အခြေခံ ဥပဒေကို ရစ်ပတ် ချည်နှောင်ပြီး တိုင်းပြည်၏ နိုင်ငံရေး ဦးဆောင်မှုတွင် ထာဝရ ရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းနေသည်ကိုလည်း လေ့လာတွေ့ရှိရသည်ဟုဆိုသည်။

BNI ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်တင်တင်ညိုကလည်း စစ်ကောင်စီက ဖိတ်ခေါ်နေသည့်ငြိမ်းချမ်းရေးဆွေးနွေး ပွဲများတွင် သွားရောက်တွေ့ဆုံနေသည့် EAOs/EROs များ၏အခြေအနေကိုလည်း ယခုကဲ့သို့ သုံးသပ်သည်။

“ဒီတွေ့ဆုံဆွေးနွေးမှုတွေက တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ယူဆောင်ပေးနိုင်မှာမဟုတ်ဘူးဆိုတာကို ထောက်ပြထားတယ်။ ဒါဟာစစ်အုပ်စုရဲ့ နည်းပရိယာယ်တခုပဲ ဖြစ်တယ်။ ဆိုတော့ ဒီအသုံးချနေတဲ့ ကစားပွဲမှာ လိုက်ပါနေတဲ့ တချို့သော EROs တွေကိုယ်တိုင်ကလည်း

ငြိမ်းချမ်းရေးတကယ်ရမလား မရမလားဆိုတဲ့ ယုံ ကြည်ချက် သူတို့ဆီမှာ ရှိမနေဘူး။သူတို့ကိုယ်တိုင်ကလည်း ဒရွတ်တိုက် အဆွဲခံနေရတဲ့ အနေအထားလို့ တဖက် က ကြည့်ရင်လည်းပဲမြင်သာတယ်ပေါ့နော်။”

စစ်တပ်က ငြိမ်းချမ်းရေးဆိုသည့် စကားရပ်ကို ရေပက်မဝင်အောင် ပြောဆိုသုံးနှုန်းနေသော်လည်း ပြည်တွင်း စစ် ချုပ် ငြိမ်းရေးအတွက် ဘယ်တုန်းကမှ အလေးနက်ထား စဉ်းစားခဲ့သည်ကို မတွေ့ရကြောင်းလည်း BNI က ထောက်ပြထားသည်။

ဒေါ်တင်တင်ညိုက “ဆိုတော့ သွားတွေ့မှရမယ် မတွေ့ရင် ဘာဖြစ်သွားနိုင်မလဲဆိုတဲ့ စဉ်းစား ချက်တွေပေါ့နော် သူတို့ကိုယ်ကလည်း တကယ်ငြိမ်းချမ်းရေးလိုလားနေတဲ့ အနေအထားတွေရောဖြစ်ရဲ့လား။ ဒီစစ်အုပ်စုကနေ ဖန်တီးထားတဲ့ ကစားကွက်တွေထဲမှာ EAOs တချို့ကပါနေသရွေ့ကတော့ စစ်အာ ဏာရှင် အမြစ်ပြတ်ရေး ချေမှုန်းရေးအတွက်

လုံးဝအဟန့်အတားဖြစ်တာပဲ” ဟု ဆက် ပြောသည်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးကို ဦးတည်နေသည့် နွေဦးတော်လှန်ရေးတွင် ပေါ်လာသော PDF များနှင့် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတို့ အတွက်နှစ်ပေါင်း ၇၀ ကျော် တိုက်ပွဲဝင် နေသည့် တိုင်းရင်းရင်းသားတော်လှန်ရေး အင်အားစုများ၏ တူညီသည့်သဘောထားမှာ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတွင် စစ်တပ်ကို ဖယ်ထုတ်ထားရန် ဆိုသည့် အချက်ပင်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ မရှိမဖြစ်လိုအပ်သည့် စစ်တပ်က အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု အောက်တွင် ရှိရမည်ဟုလည်း BNI က မိတ်ဆက်လိုက်သည့် အဆိုပါ သုတေသန စာတမ်းထဲတွင် တိုင်းရင်းသားခေါင်းဆောင်များ၊ တက်ကြွလှုပ် ရှားသူများနှင့် အရပ်ဘက်အဖွဲ့အစည်း တာဝန်ရှိသူများက ပြောဆိုထားသည်။

စာမျက်နှာ ၅၇ မျက်နှာပါသည့် “စစ်အာဏာရှင် စနစ် အဓွန့်ရှည်ရေးအတွက်  အသုံးချခံ ငြိမ်းချမ်းရေး”ဆိုသည့် စာတမ်းထဲတွင် စစ်တပ်ဦးဆောင်သည့် ဆွေးနွေးပွဲများက ငြိမ်းချမ်းရေး ရနိုင် မရနိုင်၊ စစ်အုပ်စု၏ နိုင်ငံရေး စိတ် ဆန္ဒ၊ ငြိမ်းချမ်းရေးအတွက် စစ်တပ်၏ ချဉ်းကပ်မှု၊ ငြိမ်းချမ်းရေးအတွက်စစ်တပ်အား ဖယ်ထား၍ ရနိုင် မရနိုင်၊ အဘယ့်ကြောင့် စစ်တပ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသနည်းစသည့်တို့ကို သုံးသပ်တင်ပြထားသည်။

Most read this week

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...