ကိုယ်ဝန်ဆောင်အမျိုးသမီးတို့သည် သူ၏ ရင်သွေးငယ်ကိုမွေးဖွားရာ၌ လင်ယောကျ်ား (သို့မဟုတ်) မိသားစု ရင်းချာများကို အနီးအနားတွင် ရှိစေလိုသည့် ဆန္ဒရှိကြသည်။ သို့သော် အသက် ၂၉ နှစ်အရွယ် မသန်းသန်းနုတွင်ကား ရင်သွေးငယ်ကို မွေးဖွားသန့်စင်ခဲ့စဉ် အနီးအနားတွင် မည်သူမျှမရှိခဲ့။ ထို့ပြင် ဆေးရုံ၊ဆေးခန်း၌ မွေးဖွားခြင်းလည်း မဟုတ်။ ဘုန်းတော်ကြီးကျောင်းတစ်ခုအတွင်း တစ်ကိုယ်တည်း မွေးဖွားခဲ့ရခြင်းဖြစ်သည်။
အချိန်က နံနက် ၃ နာရီ။ ကျွဲထိုးကျေးရွာ တစ်ရွာလုံးသည်လည်း မှောင်မှောင်မဲမဲနဲ့ တိတ်ဆိတ်ငြိမ်သက်လျက် ရှိသည်။ ရွာဦးဘက်ရှိ ဘုန်းတော်ကြီးကျောင်းအောက်တွင်ကား မသန်းသန်းနုမှာ သူမ၏ ရင်သွေးငယ်ကို မွေးဖွားရန် တစ်ကိုယ်တည်း ရုန်းကန်နေသည်။
ဘုန်းတော်ကြီးကျောင်းအောက်တွင် ကလေးမမွေးလိုသောကြောင့် နာကျင်နေသည့်ကြားမှ ခြေလှမ်းကို တစ်လှမ်း ချင်းရွှေ့ကာ ဘုန်းကြီးကျောင်း အနောက်ဘက်ရှိ သမံတလင်းပြင်သို့ အရောက်သွားခဲ့သည်။ ထိုနေရာအရောက်တွင် မသန်းသန်းနု မထူးဇာတ်ခင်းခဲ့ရတော့သည်။
စစ်ဘေးတိမ်းရှောင်ရခြင်း
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ငှက်ကြီးကျွန်းကျေးရွာမှာ နေထိုင်တဲ့ မသန်းသန်းနုမှာ မွေးဖွားခါနီး ကိုယ်ဝန်ကို လွယ်ထားသည်။ ဒေသအခြေအနေကလည်း မတည်ငြိမ်လှ။ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာနေချိန်ဖြစ်သည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၆ နာရီခန့်မှာ မြန်မာစစ်တပ်၏ ရိက္ခာကားကို ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်ရှိ ပဒေသာကျေးရွာနဲ့ ဆင်အင်းကြီးကျေးရွာကြားအရောက်မှာ ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
ထိုသို့ ကားမိုင်းဆွဲခံရပြီးနောက် မြန်မာစစ်တပ်၏ ပုဏ္ဏားကျွန်းအခြေစိုက် တပ်ရင်းများမှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သည့်အပြင် လေကြောင်းကလည်း လာရောက်ပစ်ခတ်သဖြင့် အိုင်ဒင်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ကာ ကျေးရွာသားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ယင်းသို့ လက်နက်ကြီးများပစ်ခတ်နေခြင်းကြောင့် ငှက်ကြီးကျွန်းကျေးရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံတို့မှာ စိုးရိမ်ထိတ်လန့်ကာ ဗုံးခိုကျင်းများတွင် ပုန်းခိုရင်း တစ်နေ့တာကို ဖြတ်သန်းခဲ့ကြသည်။
နောက်တစ်နေ့ (နိုဝင်ဘာလ ၁၁ ရက်) နံနက်လင်းချိန်တွင် စစ်သားများက ကျေးရွာအတွင်းဝင်ရောက်ကာ အရွယ်ရှိသူများကို ဖမ်းဆီးနေသည်ဆိုသည့်သတင်းကြောင့် မသန်းသန်းနု၏ လင်ယောကျ်ားဖြစ်သူ ကိုမောင်မြင့်နိုင်မှာ ကျေးရွာမှ ခေတ္တတိမ်းရှောင်နေခဲ့သည်။ မကြာမီအချိန်တွင် ငှက်ကြီးကျွန်းကျေးရွာအနီးသို့ လက်နက်ကြီးကျည်များ ကျရောက်လာသဖြင့် ကျေးရွာသားများမှာ အချင်းချင်းတိုက်မိလုမတတ် သူ့ထက်ငါဦးအောင် ရွာလုံးကျွတ်ထွက်ပြေးကြတော့သည်။
စစ်ဘေးရှောင်ရန် အကြောင်းဖန်လာသည့် မသန်းသန်းနုမှာ လင်ယောကျ်ားဖြစ်သူမှာလည်း မည်သည့်နေရာကို ရောက်နေမှန်း မသိတော့သဖြင့် အသက်(၁)နှစ်အရွယ်သားလေးနဲ့ အသက်(၆)နှစ်အရွယ်သမီးလေးတို့၏ လက်ကိုဆွဲကာ အခြားသူများနည်းတူ ရွာမှထွက်ပြေးလာခဲ့သည်။
မသန်းသန်းနုတို့ ဦးတည်သွားသည်ကား ယောကျ်ားတစ်ဦးသွားလျှင် ၂ နာရီမျှသာ သွားရမည့် ကျွဲထိုးကျေးရွာသို့ ဖြစ်သည်။ သို့သော် မွေးဖွားခါနီး ကိုယ်ဝန်လွယ်ထားရသူဖြစ်သည့်အပြင် ကလေးနှစ်ဦးနှင့်ပြေးရသောကြောင့် မသန်းသန်းနုတို့ သားအမိသုံးယောက်မှာ အခြားသူများနောက်တွင်ကျန်ခဲ့ကာ ငှက်ကြီးကျွန်းကျေးရွာမှ ကျွဲထိုးကျေးရွာသို့ တစ်ညအိပ်သွားခဲ့ရသည်။
“ငှက်ကြီးကျွန်းကနေ ကျွဲထိုးကို နေ့ချင်းမရောက်ပါဘူး။ ကျမတို့ လမ်းကတဲတစ်ခုမှာ တစ်ညအိပ်ခဲ့ရသေးတယ်။ နောက်တစ်နေ့မှ ကျွဲထိုးရွာကို ကျမတို့ရောက်တယ်”
မသန်းသန်းနုတို့ သားအမိသုံးဦးမှာ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျွဲထိုးကျေးရွာသို့ ရောက်ရှိလာကာ ရွာဦးရှိ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေထိုင်ခဲ့သည်။ ထိုနေ့တွင်လည်း မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းပစ်ခတ်မှုများက ရပ်တန့်ခြင်းမရှိသေးပေ။
နောက်တစ်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကျွဲထိုးကျေးရွာနှင့် နာရီဝက်ခန့်သာသွားရမည့် တန်းခိုးကျေးရွာသို့ မြန်မာစစ်တပ်၏ စစ်ကြောင်းတစ်ခု လာရောက်နေပြီဆိုသောသတင်းကြောင့် တန်းခိုးနှင့် ကျွဲထိုးကျေးရွာတို့မှ ဒေသခံများမှာလည်း ရွာကိုစွန့်ခွာကာ ထွက်ပြေးကြတော့သည်။ သည်တကြိမ်တွင် မသန်းသန်းနု မပြေးနိုင်တော့ပေ။
မြန်မာစစ်တပ်၏ စစ်ကြောင်းတစ်ခုသည် တန်းခိုးကျေးရွာသို့ ဝင်ရောက်နေထိုင်ကာ ထိုအထဲမှ စစ်သား ၂၀ ဦးခန့်က ထိုနေ့ နေ့လည်ပိုင်းတွင် ကျွဲထိုးကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။
“ဒီကို စစ်သားတွေရောက်တော့ အစစ်ဆေးခံရပါတယ်။ စစ်သားတွေက ဒီရွာကလူတွေရော။ ရွာမှာ ဘယ်သူမှ မရှိကြတော့ဘူးလားလို့ မေးပါတယ်”
ထို့နောက် စစ်သားများက ရွာအတွင်းမှ စားသောက်ဖွယ်ရာများကိုယူဆောင်ကာ တန်းခိုးကျေးရွာသို့ ပြန်လည်ထွက်ခွာသွားကြသည်။
ကျွဲထိုးကျေးရွာတွင် ဆရာတော်တစ်ပါး၊ အသက်(၇၀)အရွယ် ဥဇင်းကြီးတစ်ပါး၊ အသက်(၉၅)နှစ်အရွယ် ဦးစောသာအောင်နှင့် မသန်းသန်းနုတို့မိသားစုသာ ဘုန်းတော်ကြီးကျောင်းတွင် ကျန်ခဲ့ကြသည်။ အခြားရွာသားများက ပြေးသူပြေး၊ ရှောင်သူရှောင်သွားကြသည်။
ထိုရက်ပိုင်းအတွင်း ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဆင်အင်းကြီး၊ ပဒေသာ၊ ယာချောင်း၊ အလယ်ကျွန်း၊ တန်းခိုး၊ ရေပေါက်ချောင်း၊ ကျော်ဇံ၊ ကျွဲထိုး စသည့်ကျေးရွာများမှ ဒေသခံဦးရေ ငါးထောင်ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
စစ်နိုင်အောင်ကို မွေးဖွားခြင်း
စစ်သားများဝင်ရောက်ခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့ ညတွင် မသန်းသန်းနုမှာ အတူထွက်ပြေးလာကြသည့် (၁)နှစ်ကျော်အရွယ်သားဖြစ်သူ မောင်ရန်နိုင်ချေ၊ (၆)နှစ်အရွယ်သမီးဖြစ်သူ မခိုင်သဇင်ဦးတို့နှင့် ကျွဲထိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းအောက်တွင် အိပ်ပျော်လျက်ရှိသည်။
အချိန်ကား ညသန်းခေါင်ကျော်ကာ နိုဝင်ဘာလ ၁၄ ရက်နေ့သို့ တစ်ဖြည်းဖြည်း ကူးပြောင်းလာခဲ့သည်။ ထိုစဉ် မသန်းသန်းနုမှာ သူမ လွယ်ထားသည့်ကိုယ်ဝန်ကို မွေးဖွားရန်အတွက် နာကျင်မှုကို စတင်ခံစားလာရတော့သည်။ သို့ဖြစ်၍ ဘုန်းကြီးကျောင်းရှိ အသက်(၉၅)နှစ်အရွယ် ဦးစောသာအောင်ကို ပြောပြခဲ့သည်။ သို့သော် ဦးစောသာအောင်မှာ အားပေးစကားပြောရုံမှလွဲ၍ မတတ်နိုင်ခဲ့ပေ။
“အဲဒီဦးလေးကြီးက စိတ်ကိုလျော့ထား။ ကိုယ်က အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာဆိုပြီး ပြောပါတယ်။ ကျမလည်း ကြောက်ပါတယ်။ နံဘေးမှာ လူလည်းမရှိတော့။ ဦးလေးက မကြောက်နဲ့ဆိုပြီး အားပေးစကား ပြောပါတယ်”
မသန်းသန်းနုမှာ ဘုန်းကြီးကျောင်းအောက်တွင် ကလေးမမွေးလို၍ ဘုန်းကြီးကျောင်းနောက်ဘက်သို့ တရွေ့ရွေ့လှမ်းလာခဲ့ကာ အမိုးအကာမရှိသည့် သမံတလင်းပြင်သို့အရောက်တွင် မထူးဇာတ်ခင်းကာ တစ်ကိုယ်တည်း ကလေးမွေးလိုက်တော့သည်။
“ဘုန်းကြီးအိမ်သာနားမှာ အကာအကွယ်တွေ မရှိဘဲ ဒီတိုင်းမွေးရတာပါ။ ဒီအတိုင်း အောက်ကလည်း အခင်းမရှိပါဘူး ကြမ်းပြင်မှာ မွေးလိုက်တာပါ”
ကလေးမွေးဖွားပြီးချိန်တွင် မသန်းသန်းနုမှာ သတိလစ်မေ့မျောသွားခဲ့ကာ ကလေးမှာလည်း အချင်းကြိုး တန်းလန်းဖြင့် ရှိနေခဲ့သည်။ ထိုအချိန် ဦးစောသာအောင်မှလာရောက်ကာ စောင်တစ်ထည်ဖြင့် ခြုံပေးခဲ့လေသည်။
ထိုသို့သော အခြေအနေများကို ကျွဲထိုးဘုန်းတော်ကြီးကျောင်းမှ ဥဇင်းကြီးက မသန်းသန်းနု၏ ယောက္ခမရှိရာ ကံချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့သဖြင့် ယောက္ခမဖြစ်သူက ချက်ချင်းလိုက်လာခဲ့သည်။
ကလေးမွေးဖွားပြီးချိန်အထိ လင်ယောကျ်ားဖြစ်သူ ကိုမောင်မြင့်နိုင်နှင့် အဆက်အသွယ် မရသေးပေ။
နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မသန်းသန်းနုတို့ရှိရာ ကျွဲထိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ယောက္ခမဖြစ်သူ ရောက်ရှိလာခဲ့သည်။ ထိုအချိန်မှ အချင်းကိုဖြတ်ခဲ့ရသည်။
“ကလေးမွေးပြီးတော့ ၄ နာရီကြာအထိ အချင်းတန်းလန်းနဲ့ ကျွန်မ သတိလစ်မေ့မျောသွားခဲ့တယ်။ ကလေးငိုတာလည်း မသိတော့ဘူး။ ကျမယောက္ခမရောက်မှ ကလေးကိုကောက်ပြီး အချင်းကိုဖြတ်ရပါတယ်”
မသန်းသန်းနုနှင့် ကိုမောင်မြင့်နိုင်တို့တွင် အသက်(၁၅)နှစ်အရွယ် သားကြီး၊ (၁၀)နှစ်အရွယ် သားလတ်၊ (၆)နှစ်အရွယ်သမီးနှင့် (၁)နှစ်ကျော်အရွယ်သားတစ်ဦးတို့ရှိပြီး ယခု စစ်ဘေးရှောင်ရင်း မွေးဖွားခဲ့သည့် သားအငယ်ဆုံးမှာ ငါးယောက်မြောက်ဖြစ်သည်။
မသန်းသန်းနုတို့ ကျေးရွာမှထွက်ပြေးရချိန်တွင် သားကြီးဖြစ်သူ မောင်ကျော်မြင့်နိုင်မှာ ပုဏ္ဏားကျွန်းမြို့ပေါ်တွင် အလုပ်လုပ်ကိုင်လျက်ရှိနေပြီး (၁၀)နှစ်အရွယ် သားလတ်မှာလည်း အဖွားဖြစ်သူနှင့်အတူ ကံချောင်းကျေးရွာတွင် နေထိုင်လျက်ရှိနေသည်။
လက်ရှိတွင် မသန်းသန်းနုတို့မိသားစုမှာ မိမိတို့နေထိုင်ရာ ငှက်ကြီးကျွန်းကျေးရွာသို့ ပြန်လည်ရောက်ရှိ နေကြပြီဖြစ်ကာ လင်ယောကျ်ားဖြစ်သူ ကိုမောင်မြင့်နိုင်မှာလည်း မိသားစုနှင့် ပြန်လည်ဆုံဆည်း သွားကြပြီဖြစ်သည်။
မသန်းသန်းနု၏ စစ်ဘေးရှောင်ရင်း မွေးဖွားခဲ့သော အငယ်ဆုံးသားလေးကို “စစ်နိုင်အောင်”ဟု အမည်မှဲ့ထားလေသည်။
ဝင်းညွန့် - ရေးသည်