ဝိုင်းမော်မြို့နယ် နောင်းချိန်းအုပ်စု အင်ဂန်းကျေးရွာတွင်ယမန်နေ့ညနေအိမ်မီးလောင်မှုဖြစ်ပွားပြီးမိသားစုဝင်၇ ဦး သေဆုံးသွားကြောင်း သိရသည်။
ဒီဇင်ဘာ ၁ ရက်ည၁၁ နာရီခန့်တွင် ထပ်ခိုးတိုက် အိမ် ၁ အိမ် ဝါယာရှော့ခ်ဖြစ်ပြီး မီလောင်ခဲ့ရာကလေး ၆ဦး နှင့် သက်ကြီးရွယ်အို တစ်ဦးစုစုပေါင်း ၇ ဦး အသက်သေဆုံးခဲ့ရကြောင်း ကျေးရွာတာဝန်ရှိသူတစ်ဦးKNGကိုပြောသည်။
“ဝါယာရှော့ခ်ဖြစ်ပြီး အိမ်အောက်ကနေ မီးစလောင်လာတာ။ အမေဖြစ်သူက အညော်နံ့ရတော့ အောက်ဆင်းသွားပြီး သွားငြိမ်းသတ်ကြည့်တာ မရတော့ဘူး။ အိမ်အောက်မှာ ဓါတ်ဆီနဲ့ ဒီဇယ် ၂ ဂါလန်က ရှိနေတော့ အဲ့ဒီကနေ ပြန်လောင်ပြီး ပိုးဆိုးသွားတော့ သူလည်းအပေါ် တက်မရ၊ အပေါ်ကလူတွေလည်း ဆင်းမရ၊ အခုက အဘွားဖြစ်သူနဲ့ အတူ မောင်နှမ အားလုံးပါသွားတာပေါ့။”ဟု ပြောသည်။
သေဆုံးသွားသည့် မိသားစုဝင်များသည် ဒေါ်အင်ဂန်းခါး (အသက် ၇၀ နှစ်) ၊ မရန်ဂျာဆိုင်းနန် (အသက် ၁၁ နှစ်) ၊ မရန်ဘောက်ဂျာ(အသက် ၉ နှစ်) ၊ မရန်ရွယ်ဆိုင်း(အသက်၇ နှစ်)၊ မရန်ထုရှန်(အသက် ၆ နှစ်)၊ မရန်မွန်းအောင်(အသက် ၄ နှစ်) ၊ မရန်ရိန်ကျိန်(အသက် ၂ နှစ်) စုစုပေါင်း ၇ ဦးဖြစ်သည်။
မီးလောင်ခဲ့သော နေအိမ်မှာအင်းဂန်းရွာထိပ်မှ ဦးမရန်ဇော်လိုင်၏နေအိမ်ဖြစ်ပြီး ဖခင်ဖြစ်သူ လယ်ယာခင်း၌ အလုပ်ဝင်နေချိန် အိမ်တွင် အဘွားဖြစ်သူနှင့်အတူ သားအမိများရှိနေစဉ် ထိုသို့ကြုံရပြီး မိခင်ဖြစ်သူသာ လွတ်မြောက်ခဲ့ကြောင်း ပြောသည်။
နေအိမ်နှင့်အတူ မိသားစုဝင်များ၏ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးခဲ့ရသောကြောင့် ကူညီမှုများလိုအပ်နေကြောင်းလည်း ကျေးရွာတာဝန်ရှိသူများကတောင်းဆိုထားပါသည်။