ရခိုင်ပြည်၊ စစ်တွေမြို့၊ ကသဲရပ်ကွက် (၁) မှဒေသခံတစ်ဦးကို မြန်မာစစ်တပ်က နိုဝင်ဘာလ ၂၃ ရက်နေ့၊ ည၁၀နာရီကျော်ခန့် အချိန်တွင် နေအိမ်သို့ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဖမ်းဆီးခံရသူမှာ အသက် ၅၃ နှစ်အရွယ် ဦးအောင်တင်မောင်(ခ) မြောက်ဦးချေဖြစ်ပြီး စစ်သားနှင့် ရဲ အင်အား ၅၀ ခန့်တို့က နေအိမ်သို့ရောက်ရှိလာကာ စစ်ဆေးစရာရှိသည်ဟုဆိုပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။
“အဲဒီနေ့က ည ၁၀ နာရီကျော်လောက်မှာ စစ်တပ်နဲ့ရဲက သူတို့အိမ်ထဲဝင်ပြီး သူ့ကို လက်မြှောက်ဆိုပြီးတော့ သေနတ်နဲ့ချိန်ပြီး ခေါ်သွားတာ။ သူ့မှာ အင်္ကျီတောင် မပါသွားဘူး။ စစ်သားတွေက အများကြီးပဲ လမ်းပေါ်မှာလည်းရပ်ပြီး သေနတ်တွေနဲ့ စောင့်နေကြတာ ။ အန်တီ့အိမ်ပေါ်လည်း တက်ပြီးရှာခဲ့သေးတယ်။ အိမ်ထောင်စုစာရင်းတွေကို စစ်ဆေးတယ်။ သူ့ကို ဖမ်းခေါ်သွားပြီး ခဏနေရင် ပြန်လာပြီး သူ့မိန်းမဆီက ဖုန်းတောင်းသွားသေးတယ်။ သူ့မိန်းမလည်း မိုးလင်းတော့ ဘယ်ကိုသွားလဲမသိဘူး။ အိမ်တံခါးပိတ်ပြီးထွက်သွားတယ်”ဟု သူကပြောသည်။
ဖမ်းဆီးခံရသူမှာ ဇနီးနှင့်အတူ နှစ်ယောက်တည်းနေခြင်းဖြစ်ပြီး ဆွေမျိုးများလည်း မရှိကြောင်း ဒေသခံများက ပြောသည်။
“သူတို့က လင်မယားနှစ်ယောက်တည်းပဲ နေကြတာ။ သားသမီးတွေလည်း မရှိဘူး။ ဆွေမျိုးတွေ လည်း မရှိဘူး။ မိန်းမလည်း ယောက်ျားကိုဖမ်းပြီးနောက် မနက်မိုးလင်းတော့ ဘယ်ကိုသွားမှန်းလည်း မသိဘူး”ဟု နောက်ထပ်ဒေသခံတစ်ဦးကပြောသည်။
လက်ရှိတွင် ၄င်းကို မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရှိရသေးပေ။
ယင်းနေ့တွင် တခြားနေအိမ်အချို့ကိုလည်း အိမ်ထောင်စုစာရင်း စစ်ဆေးမှုပြုလုပ်ခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် များသည် ညနေပိုင်းများတွင် လက်နက်အပြည့်အစုံကိုင်ဆောင်ပြီး လှည့်လည်ခြင်း၊စစ်ဆေးရေးဂိတ်များပြုလုပ်ကာ လမ်းသွား၊လမ်းလာများကို စစ်ဆေးခြင်းများပြုလုပ်မှု ရှိနေသည်။
စစ်တွေဒေသခံဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။