ထိုင်းကရင်အဖွဲ့ (KTG)ခေါင်းဆောင် ဆရာတော် စောလွဲဖော သေနတ်မတော်တဆမှုဖြစ်၍ သေဆုံး

ထိုင်းကရင်အဖွဲ့ (KTG)ခေါင်းဆောင် ဆရာတော် စောလွဲဖော သေနတ်မတော်တဆမှုဖြစ်၍ သေဆုံး

ကရင်လူမှုအဖွဲ့အစည်းအကြား ထင်ရှားသည့် ထိုင်းကရင်အဖွဲ့(KTG)၏ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ခရစ်ယာန် ဆရာတော် စောလွဲဖောသည် ယမန်နေ့ နိုဝင်ဘာလ ၁၅ရက် နေ့လည်တွင် သေနတ်မတော်တဆမှုဖြစ်ပြီး ချင်းမိုင်ဆေးရုံတွင် ကွယ်လွန်သွားကြောင်း KTG အဖွဲ့ဝင်များက ပြောသည်။

ဖြစ်စဉ်မှာ ယမန်နေ့ နေ့လည် ၁၁နာရီခွဲအချိန်ခန့်တွင် ၎င်းကိုင်ဆောင်သည့် သေနတ်ကို ၎င်း၏ ခြံရှင်းအလုပ်သမားတစ်ဦး၏ သားငယ်ကို ပြန်သိမ်းခိုင်းရာမှ မတော်တဆ သေနတ်ထိမှန်ခဲ့ခြင်းဖြစ်ပြီး ချင်းမိုင်ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း KTG ၏ အဖွဲ့ဝင်ခေါင်းဆောင်တစ်ဦးက ယခုလို ပြောသည်။

၎င်းက “ပထမက ကျနော်တို့ကြားတာက ပစ်ခံထိတယ်ထင်တာ။ ဒါပေမဲ့ သေချာပြန် ကြားမိတာက သူ့သေနတ်မှာ ကျည် ၃ တောင့်ထည့်ထားတာ။ အဲ့ဒါကို သူက ၂ချက်ပစ်လိုက်တယ်။ ကျန်တဲ့တစ်တောင့်ကို သူသတိမထားမိဘဲ သူ့ရဲ့ ခြံရှင်းအလုပ်သမားရဲ့ ကလေးကို ပေးလိုက်တာ။ ကလေးက အရမ်းငယ်သေးတယ်။ အဲ့ဒါမောင်းခလုတ်ကို သွားထိပြီး သူ့ကို ပြန်မှန်တာ။ ကျောကနေ ဖောက်ဝင်ပြီး ကျည်က ရင်ဘတ်မှာ ကျန်ခဲ့တာ။ ချင်းမိုင်ဆေးရုံမှာပဲ ကွယ်လွန်သွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

KTG အဖွဲ့ဝင် ခေါင်းဆောင်ဖြစ်သူ ဆရာတော် စောလွဲဖောသည် ထိုင်းနိုင်ငံအတွင်းရှိ ကရင်လူမျိုးများအတွက် တက်ကြွလှုပ်ရှားစွာ ကူညီထောက်ပံ့ပေးသူဖြစ်သလို မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသရှိ ကရင်လူမျိုးများအတွက် လိုအပ်သည့် အထောက်အပံ့ အကူအညီများကိုလည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားကူညီဆောင်ရွက်ပေးသူ ဖြစ်သည်။

“သူက ထိုင်းမှာရှိတဲ့ ကရင်တွေအတွက် တန်ဖိုးရှိတဲ့သူ တစ်ယောက်ပဲ။ သူက ထိုင်းမှာကော ကော်သူးလေမှာကော ရှိတဲ့ကရင်လူမျိုးတွေကို အတော်ချစ်တဲ့သူ။ ကရင်တွေ ဒုက္ခရောက်ပြီးဆိုရင် သူကကူညီပေးတယ်။ အာဏာပိုင်တွေနဲ့ နီးနီးကပ်ကပ်ပူးပေါင်းပြီးတော့ ကူညီဆောင်ရွက်ပေးတယ်။” ဟု လုပ်ဖော်ကိုင်ဖက် တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် နှစ်များအတွင်း မူတြော်(ဖာပွန်) ဒေသ၌ စစ်တပ်နှင့် ကရင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူများအတွက် လိုအပ်သည့် စားနပ်ရိက္ခာများကူညီ ပံ့ပိုးရာတွင်လည်း ဆရာတော် စောလွဲဖောသည် တက်ကြွစွာပါဝင်လှုပ်ရှားပေးခဲ့သလို ပြီးခဲ့သည့် ၂၀၁၉ခုနှစ်က ကရင်အာဇာနည်‌နေ့ ကျင်းပပြုလုပ်ခြင်း‌ကြောင့် တက်ကြွလှုပ်ရှားသူ ‌နော်အုန်းလှ တရားစွဲဆို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရမှု‌ပေါ်ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ မြန်မာ ‌ကောင်စစ်ဝန်ရုံး‌ရှေ့၌ KTG အဖွဲ့၏ ဆန္ဒထုတ်‌ဖော်မှုတွင်လည်း ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်‌နေ့က မူ‌တြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ပိုလိုးထာ‌ ကျေးရွာ‌နေ အသက် (၄၀) နှစ်အရွယ် ‌နော်မု‌နော်ကို ခိုးသွီးထာ (လှဂွန်းပျို) ‌ကျေးရွာအ‌ခြေစိုက်စခန်း အမှတ်(၈) စစ်ဆင်‌ရေး ကွပ်ကဲမှုဌာနချုပ်(စကခ) လက်အောက်ခံ၊ ‌ခြေမြန်တပ်ရင်း (ခမရ-၄၀၉)မှ ‌မောင်သန်းမိုးလွင်နှင့် ‌မောင်‌အေးမင်း သူဆိုသူ တပ်သားနှစ်ဦးမှ ‌သေနတ်ဖြင့် (၃)ချက်ပစ်ခတ်၍ လက်ဝတ်ရတနာများကို ချွတ်ယူသွားခဲ့သည့် ဖြစ်စဉ်တွင်လည်း တရားမျှတမှုရရှိရေးအတွက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ အ‌မေရိကန်သံရုံးနှင့် မြန်မာသံရုံးတို့ထံ KTGမှ တောင်းဆိုစာသွား‌ရောက်‌ပေး ပို့တောင်းဆိုရာတွင်လည်း ဆရာတော် စောလွဲဖော ကိုယ်တိုင်ပါဝင်ခဲ့သေးသည်။

ဆရာတော် စောလွဲဖောသည် ကွယ်လွန်ချိန်တွင် ဇနီးသည်၊ သမီးနှစ်ဦး နှင့် သားတစ်ဦး ကျန်ရစ်ကြောင်း မိသားစု နှင့် နီးစပ်သူများက ဆိုသည်။

Most read this week

January 11, 2025
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့ပေါ်တွင် ယခု ဇန်နဝါရီလ ဒုတိယအပတ်အတွင်းမှစ...
January 10, 2025
ဖားအံမြို့နယ်၊ သံလွင်မြစ် အနောက်ဘက်ကမ်းရှိ စစ်တပ်ပိုင် မြိုင်ကလေး ဘိလပ်မြေစက်ရုံ နှစ်ရုံ၌...
January 9, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်အချို့နှင့် မြို့အစွန်အဖျားရှိ ပြန်နေထိုင်ခွင့်မရသေးသည့်...
January 9, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အနောက်ဘက်ရှိ ပင်လယ်ပြင်တွင်...