PDF ၅ ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် မော်လမြိုင်ဇေယျာသီရိရပ်ကွက်ကို ပစ်မိန့်ပေးထား

PDF ၅ ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် မော်လမြိုင်ဇေယျာသီရိရပ်ကွက်ကို ပစ်မိန့်ပေးထား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက် ဇေယျာ(၃)လမ်းအတွင်းရှိ နေအိမ်တစ်လုံးကို ယမန်နေ့ စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းခဲ့ပြီး မြို့ပြအထူးမြေအောက်လှုပ်ရှားမှု အင်အားစုတပ်ဖွဲ့ဝင် (၅)ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် ၎င်းရပ်ကွက်ကို စစ်ကောင်စီဘက် ကင်းလှည့်မှုများ လုပ်ဆောင်နေပြီး ပစ်မိန့်ပေးထားသည်ဟု ၎င်းရပ်ကွက်နေပြည်သူများက ပြောသည်။

မော်လမြိုင်မြို့ ဇေယျာသီရိရပ်ကွက်တွင် ယမန်နေ့ ညနေ(၄)နာရီခွဲအချိန်၌ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းခဲ့ရာတွင် အပြန်အလှန် နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များက ဇေယျာသီရိရပ်ကွက် ဇေယျာ (၃)လမ်းကို လော့ဒေါင်းပိတ်ချထားကာ ပစ်မိန့်ပေးထားသည်ဟု ဒေသခံပြည်သူတစ်ဦးက ယခုလို ပြောသည်။

“မနေ့က ညနေ(၄)ခွဲလောက်မှာ ပစ်ခတ်မှုဖြစ်ပြီး ဖမ်းခံထိသွားတဲ့ကလေးတွေ ရှိတယ်။ သူတို့ အခု မနက်ဇေယျာသီရိရပ်ကွက် (၃)လမ်းမှာ ပစ်မိန့်ပေးထားတယ်။ ရဲတွေလည်း ဖြစ်သွားတဲ့နေရာ ပတ်ပတ်လည်မှာ ကင်းလှည့်နေတယ်။ ရဲတစ်ဦးကို ကျည်အလုံး (၆၀)ပေးထားတယ်တဲ့လို့ ကြားတယ်။ အဲ့ဒီရပ်ကွက်ထဲကလူတွေကို လော့ဒေါင်း ပုံစံလုပ်ထားတယ်။ သူတို့ပေးထွက်တဲ့ လူပဲထွက်လို့ရတယ် ”ဟု ကေအိုင်စီသို့ပြောသည်။

ထို့နောက် ဇေယျာသီရိရပ်ကွက် (၃)လမ်းအတွင်းသို့ စစ်ကောင်စီတပ်များက ည ၇ နာရီခွဲအချိန်တွင် အင်အား (၃၀၀)ခန့်ဖြင့် လက်နက်ကြီးလက်နယ်ငယ်များ ပိတ်ဆို့ပစ်ခတ်ခဲ့ခြင်းကြောင့် အထူးမြေအောက်လှုပ်ရှားမှုအင်အားစု (Special Underground Movement Force)တပ်ဖွဲ့မှ ရဲဘော်(၅)ဦး လက်နက် ၃လက်ဖြင့် ဖမ်းဆီးခံခဲ့ရသည်ဟု ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ထုတ်ပြန်ချက်ရေးသားထားသည်။

ထို့အပြင် အဆိုပါ ဝင်ရောက်စီးနင်းပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ ၎င်းတို့ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏သားဖြစ်သူနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားပြီး မြေအောက်လှုပ်ရှားမှု အင်အားစုအဖွဲ့ဝင်တွင်မူ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးကို စစ်ကောင်စီဘက်မှ ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ဆက်လက် တော်လှန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ စစ်ကောင်စီတပ်များက ယနေ့နိုဝင်ဘာလ ၁၅ရက်နေ့ နံနက်ပိုင်းမှစ၍ မော်လမြိုင်စျေးကြိုအဝိုင်းနေရာ၊ ကျိုက်သလ္လံဘုရားနေရာများတွင်လည်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေကြောင်း မြို့ခံများ ပြောစကားအရ သိရှိရသည်။

Most read this week

January 13, 2025
ကော့ကရိတ်-မြဝတီ ဒေါနတောင်ကျော် လမ်းဟောင်းနှင့် လမ်းသစ်တို့ကို ပြန်သိမ်းနိုင်ရန်...
January 11, 2025
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့ပေါ်တွင် ယခု ဇန်နဝါရီလ ဒုတိယအပတ်အတွင်းမှစ...
January 10, 2025
ဖားအံမြို့နယ်၊ သံလွင်မြစ် အနောက်ဘက်ကမ်းရှိ စစ်တပ်ပိုင် မြိုင်ကလေး ဘိလပ်မြေစက်ရုံ နှစ်ရုံ၌...
January 9, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်အချို့နှင့် မြို့အစွန်အဖျားရှိ ပြန်နေထိုင်ခွင့်မရသေးသည့်...