စစ်တပ်ကဖမ်းဆီးသွားသူတစ်ဦးအပါအဝင် ပုဏ္ဏားကျွန်းကျော်ဇံရွာမှ သက်ကြီးပိုင်းရွာသား ၃ ဦးပျောက်ဆုံးနေ

စစ်တပ်ကဖမ်းဆီးသွားသူတစ်ဦးအပါအဝင် ပုဏ္ဏားကျွန်းကျော်ဇံရွာမှ သက်ကြီးပိုင်းရွာသား ၃ ဦးပျောက်ဆုံးနေ

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျော်ဇံကျေးရွာမှ စစ်ကောင်စီတပ်က ဖမ်းဆီးထားသူ သက်ကြီးပိုင်း တစ်ဦးအပါအဝင် နောက်ထပ် ကျေးရွာသား ၂ ဦးမှာ မိသားစုနှင့် အဆက်အသွယ်မရ ကျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသူ (၃) ဦးမှာ စစ်တပ်က ဖမ်းဆီးသွားသည့် ဦးမဲလှအောင်၊ ဦးစိန်ထွန်းနှင့် ဦးစောသိန်းတို့ဖြစ်ကြပြီး အသက် (၆၀) ဝန်းကျင်ရှိသူများဖြစ်ကြသည်။

၎င်းတို့အနက် ဦးစိန်ထွန်းနှင့် ဦးစောသိန်းမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်၊ ညနေပိုင်းက ကျော်ဇံရွာ အနီးအနားသို့ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြ၍ ထွက်ပြေးကြရာတွင် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ဦးမဲလှအောင်မှာ စစ်တပ်ကဖမ်းဆီးထားပြီးနောက် ပျောက်ဆုံးနေသည်ဟု ကျော်ဇံကျေးရွာသား တစ်ဦးကပြောသည်။

နိုဝင်ဘာလ ၁၃ ရက်၊ နံနက် ၇ နာရီခန့်က ကျော်ဇံရွာမှ ဘေးလွှတ်ရာသို့ ကြထွက်ပြေးရာတွင် ဦးမဲလှအောင်ကို ရွာ၏သင်္ချိုင်းအနီးတွင် စစ်ကောင်စီတပ်သားများမှ ခေါ်ယူသွားသည်ကို မြင်တွေ့ခဲ့ရပြီး  ယင်းနောက်ပိုင်းမှစပြီး  သတင်းအစအနမရပျောက်ဆုံးသွားကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

" ကျမတို့က လက်နက်ကြီးပစ်နေတယ်။ ထွက်ပြေးလာခဲ့တော့လို့ ဖုန်းဆက်ပြီးပြောတော့ သူက လာပြီ လာပြီဆိုပြီး ရွာသင်္ချိုင်းနားက ထွက်လာတာပါ၊ အခြားတစ်ယောက်နဲ့။ အဲဒီအချိန် သချိုင်းနားက စစ်သားတွေက သူ့ကိုဖမ်းသွားတာမြင်တော့ သူနဲ့အတူပါလာတဲ့သူက ထွက်ပြေးလို့ လွတ်လာခဲ့ပါတယ်။ အဲဒီနောက် သူ(ဦးမဲလှအောင်)ရဲ့ ဖုန်းကိုလည်း ဆက်ကြည့်ပါတယ်။ ဖုန်းလည်း လုံးဝဆက်မရပါဘူး။ ယနေ့အချိန်အထိ သတင်းတစ်စုံတစ်ရာမကြားသိရပါဘူး"ဟု ပြောသည်။

၎င်းဦးမဲလှအောင်အား စစ်သားများဖမ်းခေါ်သွားပြီးနောက် ပြန်လွှတ်မြောက်လာသလား၊ မည်သို့မည်ပုံဖြစ်သွားသည်ကို မသိရှိရသေး၍ အလွန်စိတ်ပူနေရကြောင်း နိုင်ငံရပ်ခြားကို ရောက်နေသည့် ၎င်း၏သားဖြစ်သူကပြောသည်။

"ကျနော်တို့မှာ သားအဖနှစ်ယောက်တည်းပဲ ရှိတော့ပါ။ အမေဆုံးသွားတော့ အဖေကို လုပ်ကျွေးနေတာပါ။ အခုသတင်းလည်းဘာမှ မကြားရတော့ အရမ်းစိုးရိမ်နေရပါတယ်။ ကူညီပေးကြပါ" ဟုပြောသည်။

ဦးစိန်ထွန်းနှင့် ဦးစောသိန်းတို့မှာ နိုဝင်ဘာလ ၁၂ ရက်၊ နံနက် ၈ နာရီခန့်ကနေ ပျောက်ဆုံးနေသည်ဟု ရွာသားတစ်ဦးက ပြောသည်။

" ဦးစိန်ထွန်းတို့နဲ့  ကျနော်ပြေးတဲ့အခါ ကျော်လမ်းမြောင်မှာတွေ့ခဲ့တာပါ။ သူတို့အခြေအနေ ကြည့်နေအုံးမယ်။ စစ်တပ်အခြေအနေကိုကြည့်လို့ ရွာထဲဝင်လို့ရရင်ဝင်အုံးမယ်။ ပြောနေတာတော့ ကြားခဲ့ပါတယ်။ သူနဲ့တူတူရှိခဲ့တဲ့သူတွေကျတော့ ပြေးလို့ လွှတ်လာခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းကနေ သူပျောက်သွားခဲ့တာပါ" ဟုပြောသည်။

စစ်ကောင်စီတပ်သားများသည် နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ကျော်ဇံရွာထဲ ဝင်ရောက်လာပြီး လူနေအိမ်များနှင့် ရွာ၏တောင်ဦးတွင်နေထိုင်ခဲ့ကြောင်း ဒေသခံများကပြောသည်။

နိုဝင်ဘာလ ၁၀ ရက်မှစ၍ ယနေ့အထိ စစ်တပ်သည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာအချို့သို့ လက်နက်ကြီးများ၊ ဒရုန်းများနှင့်စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ကျေးရွာအချို့မှ ဒေသခံ ၁၀ ဦးခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များကြောင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံ လေးထောင်ကျော်သည် နီးစပ်ရာ ဘေးလွှတ်မည့်နေရာများသို့ စစ်ဘေးရှောင်နေကြရကြောင်းသိရသည်။

ယင်းအပြင် နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း  ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီး ကျေးရွာအနီး စစ်ကောင်စီ၏ရိက္ခာကား မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် အနီးအနားကျေးရွာများကို လက်နက်ကြီးများ၊ ဒရုန်းများနှင့် ပစ်ခတ်ခဲ့ပြီး လေကြောင်းကပါ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်။

ဆင်အင်းကြီး ကျေးရွာထဲကိုလည်း စစ်ကြောင်းတစ်ခု ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ပြီး အသက် ၉၀ ကျော်အရွယ်အဖွားကြီးတစ်ဦး အပါအဝင် ရွာသား ၉ ဦးကိုလည်း ရက်စက်စွာ သတ်ဖြတ်သွားခဲ့သည်။

January 13, 2025
တောင်ကုတ်မြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားသည်မှာ တစ်လနီးပါးကြာမြင့်ခဲ့သော်လည်း...
January 8, 2025
စစ်ရေးတင်းမာလာနေသည့် ကျောက်ဖြူတွင် မြို့ပေါ်နေသူ ပြည်သူ ထက်ဝက်ခန့်မှာ စစ်ရှောင်သွားကြပြီး...
January 7, 2025
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ကို စစ်ကောင်စီမှ ဝင်ခွင့်ပိတ်လိုက်၍ အမ်း -...
လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် အရေပြားရောဂါဖြစ်ပွားနေသူများအား တွေ့ရစဥ်။
January 6, 2025
ရခိုင်ပြည်မှ နေရာအတော်များများတွင် သောက်သုံးရေ မသန့်ရှင်းမှု၊ နေရာထိုင်ခင်း အဆင်မပြေမှု၊ ဆေးဝါး...