ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၁၀ ရက်မှ ၁၄ ရက်နေ့ထိ ၅ ရက်အထိ လူပေါင်း ၃၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။
ဖမ်းဆီးခံထားရသူများအထဲတွင် စစ်တွေတွင် တက္ကသိုလ်ကျောင်းသားများအပါအဝင် လူငယ် ၁၀ ဦး၊ ဘူးသီးတောင်မြို့မှ ၇ ဦး၊ မင်းပြားမြို့တွင် ရဟန်းတော်တစ်ပါး အပါအဝင် လူ ၇ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးရွာက ၆ ဦးနှင့် ကျွဲထိုးကျေးရွာက ၃ ဦး တို့ဖြစ်ကြသည်။
စစ်တွေမှာ ဖမ်းဆီးခံရသူများမှာ စစ်တွေမြို့ ဓညဝတီ(က)ရပ်ကွက်ရှိ ဂန္ဓာရုံဘုန်းတော်ကြီး ကျောင်းတွင် နေထိုင်သူ လူငယ် ၆ ဦး၊ အဆိုပါဘုန်းကြီးကျောင်းအနီးရှိ အသောကရာမ ဘုန်းတော်ကြီးကျောင်းမှ လူငယ် ၃ ဦးတို့ဖြစ်ကြပြီး ၎င်းတို့ကို နိုဝင်ဘာ ၁၁ ရက် ညဉ့်အချိန် ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။
ဂန္ဓာရုံဘုန်းတော်ကြီးကျောင်းနှင့ နီးစပ်သူ တစ်ဦးက “ သူတို့ကို နိုဝင်ဘာလ ၁၁ ရက် ညဥ့် ၁၁ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ သူတို့က နယ်ကလာပြီး ကျောင်းတက်နေသူတွေ၊ အလုပ်လာလုပ်တဲ့ လူငယ်တွေဖြစ်ပါတယ်” ဟု ပြောသည်။
နောက်ထပ် စစ်တွေမှာ ဖမ်းဆီးခံရသူမှာ စစ်တွေမြို့တွင် စီးပွားရေးလုပ်ငန်းရှင် ဦးဇော်နိုင်ဝင်း (၄၃ နှစ်)ဖြစ်ပြီး ၎င်းကို စစ်တပ်နှင့် ရဲ ပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၁၂ ရက် ညဉ့်အချိန်က နေအိမ်ကနေ ဝင်ရောက် ဖမ်းဆီးသွားသည်ဟု ဖမ်းဆီးခံရသူနှင့်နီးစပ်သူများက ပြောသည်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် အောင်မြေကုန်းရတနာဝရမေသုကျောင်းတိုက်ဆရာတော်နှင့် ရွှေဆိုင်ပိုင်ရှင် ၂ ဦးအပါအဝင် စုစုပေါင်း ၇ ဦးကိုလည်း နိုဝင်ဘာ ၁၂ ရက် ညဉ့်က စစ်ကောင်စီတပ်က နေအိမ်များမှ ဝင်ရောက် ဖမ်းဆီးသွားခဲ့သည်။
ဖမ်းဆီးခံရသူများမှာ အောင်မြေကုန်းရတနာဝရမေသုကျောင်းတိုက်မှ ဆရာတော် ဦးဝရမဉ္ဇူ သက်တော်(၅၀)နှစ်၊ တော်ဝင်ရွှေဆိုင်ပိုင်ရှင် ဦးမောင်ထွန်းသိန်း(၅၁)နှစ်၊ ဝင်းတိုး ရွှေဆိုင်ပိုင်ရှင် ဦးကျော်နုမောင်(၄၉)နှစ်နှင့် ညအချိန်အရက်ဆိုင်မှ ထွက်လာသည့် မြို့ခံလူငယ် ၄ယောက်တို့ဖြစ်
ကြောင်းသိရသည်။
နောက်ထပ် မင်းပြားမြို့ပေါ်မှ ဓမ္မပီဘုန်းတော်ကြီးကျောင်းတိုက်ကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့သော်လည်း ဆရာတော်မှာ ကျောင်းတွင် မရှိသဖြင့် ဖမ်းဆီးမှုမှ လွှတ်မြောက်သွားခဲ့သည်။
ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုးကျေးရွာမှလည်း အနည်းဆုံး ၃ ဦးဖမ်းဆီးခံထားရပြီး ၎င်းတို့မှာ ဦးရွှေသီး (၅၆ နှစ်)၊ ဦးအောင်ဝင်းသိန်းနှင့် ဦးထွန်းလှအေး(၄၉ နှစ်) တို့ (၃) ဦးကို မျက်နှာအုပ်ကာ ဖမ်းဆီးနှိပ်စက်ပြီး ၎င်းစစ်ကြောင်းနှင့်အတူ ပုဏ္ဏားကျွန်းဘက်သို့ ခေါ်ဆောင်သွားကြောင်း ကျေးရွာလူကြီး တစ်ဦးက ပြောသည်။
"ရွာသား (၃) ယောက်ကိုလည်း မျက်နှာချုပ်ပြီး ရက်ရက်စက်စက်ရိုက်နှက်ပြီး ဖမ်းခေါ်သွားပါတယ်။သူတို့ကို တန်းခိုးရွာကနေ ကျော်ဇံရွာဘက်ကူးပြီး ပုဏ္ဏားကျွန်းဘက်ကို ခေါ်ယူသွားကြပါတယ်" ဟု ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ် တန်းခိုးကျေးရွာကလည်း အနည်းဆုံး ဖမ်းဆီးခံထားရသူ ၆ ဦးအထိ ရှိကြောင်း သိရသည်
ဖမ်းဆီးခံထားရသူများမှာ ဒေါ်ဘားမ(၆၀ နှစ် ခန့်)၊ ဦးမောင်သိန်း (၄၈ နှစ်ခန့်)၊ ဦးမောင်ထွန်းအောင် (၅၇ နှစ်ခန့်)၊ ဦးမောင်ဝင်းကျိုင် (၅၆) နှစ်၊ ဦးကျော်ဇောလှ (၆၀ ကျော်) နှင့် ဦးဂျော်ဂျီအောင်(၆၀)နှစ် ဦးတို့ ဖြစ်ကြပြီး လက်ရှိအချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရရှိဟု သိရသည်။
ယင်းအထဲက ဒေါ်ဘားမနှင့် ဦးကျော်ဇောလှကို ပြန်လွှတ်ပေးလိုက်ပြီဟု ဆိုသော်လည်း သူတို့နှင့် အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။
" မနက် ၁၀ နာရီလောက်ဖြစ်မယ်။ သူတို့ ဇက်ထိုးပြီး တခါတည်းကို သေနတ်ပစ်ပြီး တန်းခိုးရွာကို တက်လာတယ်။ ဒရုန်းနဲ့လည်း ပစ်တယ်။ ပြီးတော့ ရွာသားတွေကို ဖမ်းတာ။ လက်ရှိ သက်ကြီးရွယ်အို မပြေးနိုင်တဲ့လူတွေကလွဲလို့ အကုန်ထွက်ပြေးနေရပါတယ်"ဟု ပြောသည်။
ယခုကဲ့သို့ ပစ်ခတ်ဖမ်းဆီးမှုများကြောင့် တန်းခိုး၊ ကျွဲထိုး၊ ငှက်ကြီးကျွန်း၊ အိုင်ဒင်၊ ပဒေသာ စသည့်ကျေးရွာများက လူပေါင်း ၄၀၀၀ ကျော်ခန့်သည့် ပုဏ္ဏားကျွန်းမြို့ပေါ်နှင့် စပါးထား၊ ကန်ချောင်းရွာနှင့် တခြားနီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
၎င်းပြင် ဘူးသီးတောင်မြို့နယ်တွင်လည်း လူ ၄ ဦး၊ မွတ်ဆလင်စီးပွားရေး သမား ၃ ဦးဖမ်းဆီးခံထားရသည်။
ဖမ်းဆီးခံထားရသည့် မွတ်ဆလင် စီးပွားရေး သမား ၃ ဦးမှာ ဘူးသီးတောင်မြို့နယ် သေကံခွဆုံအုပ်စု ဝက်မကျကျေးရွာက မူဆလင်ရွာမှကျွဲနွားကုန်သည် ဦးချင်းချူအာလောင်(ဘ) အာမိရ်ဟူဆောင်း (၅၀)နှစ်၊ ဦးအီဆူး (ဘ) အီဆာ (၅၀)နှစ်နှင့် ဘူးသီးတောင် မြို့ရွာမရပ်ကွက်မှ အာမီရ်ဟူဆောင်း( ဘ)မာမတ်အီနူရ်တို့ ဖြစ်ကြသည်။
၎င်းတို့သည် ကျွဲ နွားရောင်းချပြီး စက်တပ်လှေဖြင့်ပြန်လာစဉ် ဘူးသီးတောင်မြို့သင်္ဘော ဆိပ်ကမ်းမှ စစ်ကောင်စီတပ်က ခေါ်ယူစစ်ဆေးရာ နွားရောင်းငွေ ကျပ် သိန်း၆၀၀ ခန့်ကို တွေ့ရှိသဖြင့် လူကိုလည်းဖမ်းဆီးပြီး စစ်တပ် ဗျူဟာသို့ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းတို့နှင့် ဆွေမျိုးတော်စပ်သူ ကျေးရွာသားတဦးက ပြောကြားသည်။