ပျူစောထီး ခေါင်းဆောင် ပစ်သတ်ခံရပြီးနောက် အမျိုးသမီးများ အပါအဝင် လူ ၃၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်က ပျူစောထီး ခေါင်းဆောင်တစ်ဦး လက်ဘက်ရည်ဆိုင်တွင် ပစ်သတ် ခံရပြီးနောက် ၃ ရက်ခန့်အတွင်း အမျိုးသမီး ၁၀ ဦး အပါအဝင် ဒေသခံ လူငယ် ၃၀ ကျော်ကို စစ်ကောင်စီက ဖမ်း ထားသည်ဟု ဒေသခံများက ပြောသည်။
မြို့နယ်အဆင့်ရှိ ပျူစောထီး ခေါင်းဆောင် ဦးခင်မောင်ကြည် ဆိုသူ အောက်တိုဘာလ ၅ ရက်နေ့က ဆာဝါရီ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေချိန် ဆိုင်ကယ်နှင့် လူ ၂ ဦးက ဝင်ရောက် ပစ်သတ်ခဲ့ပြီးနောက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ဝင်များက ဒေသခံများကို အောက်တိုဘာလ ၆ ရက်နေ့ မှ ၉ ရက်နေ့ အတွင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“လွှတ်တဲ့သူ ပြန်လွတ်လာကြတယ်။ ဒါပေမယ့် ဆက်ဖမ်းတုန်းပဲ ကိုသက်၊ ကိုထွန်းလွင်၊ ကိုဘလှိုင် တို့ အပါအ ဝင် လူအတော်များများက ရိုက်စစ်ခံနေရတယ်။ သူတို့ ပြန်မလွတ်သေးဘူး” ဟု ပြန်လွတ်လာသူ အချို့၏ မိသား စုများနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ဆာဝါရီ လက်ဖက်ရည်ဆိုင်ပိုင်ရှင် မမော်မော် ဆိုသူ နှင့် ရပ်ကွက်တွင်းက အမျိုးသမီး ၁၀ ဦး အပါအဝင် လူ အယောက် ၃၀ ကျော် အဖမ်းခံထားရကာ အများစုမှာ မော်လမြိုင်ကျွန်းမြို့၊ ၁၃ လမ်းက လူငယ်များဖြစ်ကြပြီး အချို့မှာ ပြန်လွတ်လာသည်ဟု တစ်ရပ်ကွက်တည်းနေသူများက ပြောသည်။
ဧရာဝတီတိုင်း စစ်ဒေသခွဲ၏ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မော်ကျွန်းမြို့ ပျူစောထီး ခေါင်းဆောင် ဦးခင် မောင်ကြည် ကို ဘိုကလေး PDF နှင့် မော်လမြိုင်ကျွန်း ပကဖ အဖွဲ့တို့က ပူးပေါင်း ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု Ayay arwaddy Dolphin People’s Defence Force အဖွဲ့က ထုတ်ပြန် အသိပေးခဲ့သည်။
ပျူစောထီး ခေါင်းဆောင် ဦးခင်မောင်ကြည်အား ဆိုင်ကယ်နှင့် လူ ၂ ဦး ရောက်ရှိလာပြီး ပစ်သတ်သွားသည်ကို အားလုံး သိကြမြင်ကြသည့်အပြင် အဆိုပါ ဖြစ်စဉ်ကို စစ်သားများလည်း မြင်တွေ့ခဲ့ကြသည်ဟု ဒေသခံအချို့က ဆိုသည်။
သို့သော် စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ မသက်ဆိုင်သူများကို သိမ်းကျုံးဖမ်းဆီးနေခြင်းမှာ ပြည်သူများက စစ်တပ် ကို ပိုမို ကြောက်ရွံ့လာစေရန် နှင့် အကြပ်ကိုင် ငွေညှစ်ရန်အတွက် ဖြစ်နိုင်သည်ဟု အသက် ၆၀ နှစ်အရွယ်ခန့်ရှိသူ နိုင်/ကျဉ်းဟောင်းတစ်ဦး က ပြောသည်။
လက်ဖက်ရည်ဆိုင်တွင် လာထိုင်သည့်သူများ၊ ဆိုက္ကားဆရာများ၊ လမ်းသွားလမ်းလာများ၊ ပစ်ခတ်မှုဖြစ်သည့် နေ့က လာရောက်ကြည့်ခဲ့သူများ အဖမ်းခံထားရပြီး ၎င်းတို့ကို ရဲစခန်းနှင့် စစ်တပ်၏ စစ်ကြောရေးစခန်းတွင် ချုပ်နှောင်ထားသည် ဟု စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ အချို့က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်ကျွန်းမြို့နယ်တွင် စစ်ကောင်စီ သတင်းပေး ဒလန်များ၊ ပျူစောထီးများ၊ ဒေသခံများကို အနိုင်ကျင့်နေ သည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးများအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဖြစ် စဉ်မှာ ၅ ကြိမ်ထက် မနည်းရှိခဲ့ပြီဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။