မြစ်ဆုံဆည်ဆောက်မည့် တရုတ် ကုမ္ပဏီမှ မြစ်ကြီးနားမြို့အတွင်းက ရပ် ကွက်များတွင် အသက် ၈၅ နှစ် အထက်ရှိသူများအား ကုလားပဲ၊ ဆီနှင့် ကြာဆံများပေးဝေနေသည် ဟု ရပ်ကွက် အတွင်းနေထိုင်သူများ က ပြောသည်။
SPIC (State Power Investment Corporation) ကုမ္ပဏီက မြစ်ကြီးနားမြို့၊ မြို့ပေါ်ရပ်ကွက်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် လူတစ်ဦးလျှင် ကုလားပဲ ၄ ပိဿာ၊ ဆီ ၁ ပိဿာ နှင့် ကြာဆံတစ်ထုတ်စီ ပေးဝေခဲ့သည်ဟု မြစ်ဆုံဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“သူတို့က အမြဲတမ်း မြစ်ဆုံပြန်စဖို့ ချောင်းနေတာ။ သူတို့လူတွေကတော့ အဝင်အထွက် လုပ်နေတယ်။ နိုင်ငံရေး ရှုပ်ထွေးနေတဲ့အချိန် စီမံကိန်း လုပ်သွားမှာကို စိုးရိမ်နေရတယ်။ တရုတ်တွေကတော့ ချဉ်းကပ်တဲ့ သဘောပေါ့။ အမြဲတမ်း ငါတို့ရှိတယ် လိုအပ်တာတွေရှိရင်လည်း တောင်းပါဆိုတဲ့ သဘောမျိုးနဲ့ ပေးနေတယ်လို့မြင်တယ်” ဟု ပြောသည်။
မြစ်ဆုံတွင် ရွာသူရွာသားများကို ပုဒ်မ ၁၄၄ အမိန့်ထုတ်ထားပြီး စစ်တပ်က အာဏာသိမ်းထားသဖြင့် တဘက် တွင် နိုင်ငံရေးအရ အာရုံများနေချိန် မြစ်ဆုံကိုပြန်စရန် ကချင်လူကြီးများအား ချဉ်းကပ်သည့် ပုံစံမျိုးဖြစ်နိုင်သည် ဟု မြစ်ဆုံဒေသခံအချို့က သုံးသပ်နေကြသည်။
သို့သော် SPIC ကုမ္ပဏီက မည်သည့်အကြောင်းအရင်းကြောင့် ယခုကဲ့သို့ စားနပ်ရိက္ခာအချို့ကို ထောက်ပံ့ပေး သည်ကိုမူ ရှင်းလင်းတိကျစွာ ပြောဆိုခြင်း မရှိဘူးဟု ဒေသခံများက ပြောသည်။
ယခင်က CPI (China Power Investnent ) ယခု အခေါ် SPIC ကုမ္ပဏီသည် မြစ်ဆုံဆည်ကြောင့် ပြောင်းရွှေ့ခံ ရွာသူရွာသားများ ကို အောင်မြင်သာကျေးရွာတွင် တစ်အိမ်ထောင်လျှင် အိမ်တစ်လုံးစီ ဆောက်လုပ်ပေးထားပြီး ယခုအချိန်ထိ လူတစ်ဦးလျှင် ၄ လလျှင် တစ်ကြိမ်ခန့်၊ ဆန် ၇ ပြည်ပေးဝေနေသည်ဟု အောင်မြင်သာဒေသခံ အချို့က ဆိုသည်။
အထူးသဖြင့် ဗိုလ်ချုပ် မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်းစစ် အစိုးရကို နိုင်ငံတကာနှင့် အနောက် အုပ်စုက ဖယ်ကျဉ်ထားချိန်တွင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အရေးယူပိတ်ဆို့မှုများ အတွက် တရုတ်နိုင်ငံ၏ ထောက်ခံမှုရရှိရန် မြစ်ဆုံစီမံကိန်းနှင့် အလဲအထပ် လုပ်မည်ကို ဒေသခံများက စိုးရိမ် နေကြသည်။
၂၀၂၁ ခုနှစ် မေလတုန်းက SPIC ကုမ္ပဏီအား မြစ်ဆုံရေကာတာနှင့် မြစ်ဆုံအထက် မေခ၊ မလိခ မြစ်ညာမြစ်ဝှမ်း ရေကာတာစီမံကိန်းများ အားလုံး အပြီးဖျက်သိမ်းပြီး ထွက်သွားရန် မြစ်ဆုံဒေသခံများက တောင်းဆိုခဲ့ကြပါသေးသည်။
မြစ်ဆုံရေကာတာ စီမံကိန်းကို ယခင် ဦးသိန်းစိန် အစိုးရလက်ထက်တွင် ရပ်နားထားခဲ့သည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လက်ထက်တွင်လည်း မြစ်ဆုံဆည်နှင့် ပတ်သက်သည့် စာချုပ်ပါ အချက်အလက်များကို လူထုအား ချပြမည်ဟု ကတိပေးထားခဲ့သော်လည်း တစ်စုံတစ်ရာ ချပြခြင်း မရှိသည့် အတွက် ဝေဖန်မှုများခံခဲ့ရသေးသည်။