ထားဝယ်အကျဉ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသား အမျိုးသမီးများအပါအဝင် စုစုပေါင်း ၇ ဦး လွတ်လာသည်ဟု မိသားစုဝင်များက ပြောသည်။
လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသား အမျိုးသမီး ၃ ဦး၊ အမျိုးသား ၄ ဦး၊ စုစုပေါင်း ၇ ဦး စက်တင်ဘာ ၂၂ ရက်နေ့၊ နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။
“ပုံမှန်ဆိုရင် မလွတ်သေးပါဘူး။ လနည်းနည်းလိုသေးတယ်။ ထောင်ဥပဒေအရ လျှော့ရက်တွေရလို့ အခုလို စောစောလွတ်တာပါ။ အထဲမှာ နိုင်ငံရေး သမားတွေဆို ထောင်ဝန်ထမ်းတွေကို ငွေပေးပြီး နေရာယူထားတဲ့ တန်း စီးတွေ အလုပ် ဘုတ်ကိုင်တွေက အနိုင်ကျင့်နှိပ်စက်တာတွေ အတော်ခံခဲ့ကြရတာ။
ဖျားနာလို့ ဆေးကုသခွင့် လည်းမရဘူး” ဟု အသက် ၂၃ နှစ်အရွယ် ထောင်မှ ပြန်လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။
လွတ်မြောက်လာသူများမှာ ဦးဝင်းဇော်ထိုက်၊ ကိုမြတ်မောင်ကျော်၊ ကိုသန်းထိုက်စိုး၊ ကိုလင်းထက်ကျော်၊ မအိအိ မိုး၊ မရတနာမိုး နှင့် မမိုးမိုးစန်း တို့ ဖြစ်သည် ဟု သိရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း တစ်ခုတွင် ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ဖမ်းဆီးခံခဲ့သည့် ၎င်းတို့ကို ထားဝယ်ထောင်တွင်း အထူးတရားရုံးက ပုဒ်မ ၅၀၅ - က ၊ ပုဒ်မ - ၁၄၅ တို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခံခဲ့ကြရခြင်း ဖြစ်သည်။
ထို့နောက် ၎င်းတို့ ၇ ဦးသည် လျော့ရက်များဖြင့် ပေါင်းကာ လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာကြခြင်း ဖြစ်သည်။
သာမန်လွတ်ရက်စေ့ လွတ်မြောက်လာကြခြင်း ဖြစ်သည့်အတွက် တစ်စုံတစ်ရာ ခံဝန်လက်မှတ် ရေးထိုးပေးခဲ့ရ ခြင်း မျိုးတော့ မရှိခဲ့ဘူးဟု လွှတ်လာသူ အချို့က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်နေ့တွင်လည်း ပုဒ်မ ၅၀၅-က နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသူ ကိုမျိုးမင်း လတ် လည်း လွတ်ရက်စေ့၍ လွတ်မြောက်ခဲ့သည်။
သို့သော် ထားဝယ်အကျဉ်းထောင်အတွင်း လက်ရှိတွင် နိုင်ငံရေးအကျဉ်းသား/သူ အယောက် ၄၀၀ ကျော်ခန့် ရှိနေသေးသည်ဟု သိရသည်။