အနက်ရောင် အထုပ်များ၊ ပလပ်စတစ်ပုံးများတွေ့ရှိပါက ပြည်သူများအနေဖြင့် ရှောင်ရှားပြီးသွားလာကြရန် တောင်ကြီးမြို့ပြ ပြောက်ကျားအဖွဲ့ဖြစ်သည့် Taunggyi Guerilla Force (TGF) မှသတိပေးထားသည်။
TGF အဖွဲ့က အဝေးထိန်းစနစ်ဖြင့် ချိန်ကိုက်မိုင်းများ ထောင်ထားသည့် အနက်ရောင် အမှိုက်အိတ်အား စက်တင် ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းတွင် ပြည်သူတစ်ဦးမှ မဆင်မခြင် ကောက်ယူသွားမှုကြောင့် စစ်ဆင်ရေး (mission) ပျက်စီးခဲ့ရ၍ နောက်နောင် ထိုသို့ ထပ်မဖြစ်ရန် သတိပေးခြင်းဖြစ်သည်ဟု အဖွဲ့၏ တာဝန်ရှိသူ က ပြောသည်။
TGF အဖွဲ့မှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “မြို့ပေါ်မှာက ကျနော်တို့ မစ်ရှင်လုပ်ဖို့ နေရာရှားလို့ အဲဒီနေရာ ပဲ ရွေးခဲ့တာပါ။ မိုင်းကိုတော့ စစ်သားတွေနဲ့ နီးနိုင်သမျှနီးအောင် ထားခဲ့တာ။ သူတို့ရောက်လာတဲ့ အချိန်ကို စောင့်ပြီး ခွဲမယ်ပေါ့။ ဒီလို ကောက်ယူသွားတော့ မိုင်းက မီတာကျော်သွားပြီး အသက်မဲ့သွားတယ်။ သူ့ကိုလည်း ထိမှာစိုးလို့ မစ်ရှင် ပြန်ရုတ်လိုက်တာပါ” ဟု ပြောသည်။
TGF အဖွဲ့ စစ်ဆင်ရေး ပြုလုပ်သည့်နေရာမှာ တောင်ကြီးမြို့ အတက်လမ်း အေးသာယာ ထုံးဖို စစ်ဆေးရေးဂိတ် နေရာ ဖြစ်ပြီး ထိုနေရာတွင် စစ်ကောင်စီတပ်သားများက မကြာခဏ မူးရူးရမ်းကားကာ ပြည်သူများအား ငွေတောင်းခံလေ့ရှိသည်ဟု ၎င်းက ပြောသည်။
ထိုနေရာတွင် စစ်ဆင်ရေး ဖော်ဆောင်ရန်အတွက် TGF အဖွဲ့အနေဖြင့် အချိန် ၂ လနီးပါး ပြင်ဆင်ခဲ့ရကာ ယခုကဲ့ သို့ ပြန်ရုတ်သိမ်းခဲ့ရသည့်အတွက်လည်း ငွေကျပ် နှစ်သိန်းကျော် ဆုံးရှုံးခဲ့သည်ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။
TGF အဖွဲ့အနေဖြင့် ပြီးခဲ့သည့် မတ်လ နောက်ဆုံးအပတ်တွင် အဖွဲ့ဝင် ရဲဘော် ၄ ဦး အဖမ်းခံလိုက်ရသည့်အချိန်မှ စတင်၍ ရှမ်း-ကယားနယ်စပ်၊ လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်ကာ သက်ဆိုင်ရာ PDF တပ်များတွင် တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်ဟု သိရသည်။
ထို့နောက် တောင်ကြီးမြို့တွင် ကိုယ်ထူကိုယ်ထဖြင့် စစ်ဆင်ရေးဖော်ဆောင်ရန် ပြီးခဲ့သည့် ဇွန်လက မြို့ပြသို့ ပြန် လာခဲ့ပြီး ၂ လနီးပါး အချိန်ယူခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုကဲသို့ စစ်ဆင်ရေး ပျက်စီးသွားသောကြောင့် များစွာ စိတ်မကောင်းဖြစ်ရသည်ဟု ရဲဘော်များက ပြောသည်။
“ကျနော်တို့ အပင်ပန်း ဆင်းရဲခံပြီး လုပ်ထားတာတွေက သဲထဲရေသွန်ဖြစ်သွားတော့ စိတ်မကောင်းဘူး။ တခြား မြို့တွေလို မစ်ရှင်တွေ ခဏခဏ လုပ်ချင်ပေမယ့် နောက်က ထောက်ပံ့ပေးမယ့် ငွေအင်အား၊ လက်နက် အင် အားက မပြည့်စုံတော့ မျက်နှာငယ်ရတယ်” ဟု TGF အဖွဲ့က တာဝန်ရှိသူတစ်ဦး က
ပြောသည်။
TGF အဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတုန်းကလည်း တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံတွင် ညစဉ် ကင်းလှည့်နေ သည့် ရဲနှင့် စစ်သားများအား ချိန်ကိုက်မိုင်းထောင်ထားခဲ့ဖူးရာ ပလပ်စတစ်ကောက်သူများမှ ကောက်ယူပြီး အမှိုက်ပုံးထဲသို့ ပစ်ထည့်ခဲ့၍ ထိုစစ်ဆင်ရေးလည်း ပျက်စီးခဲ့ဖူးသည်။
ထိုသို့ စစ်ဆင်ရေး ၂ ကြိမ်တိုင်တိုင် ပျက်ခဲ့ဖူးသောကြောင့် နောက်နောင်တွင် ထပ်မံသတိမပေးတော့ပဲ စစ်ဆင် ရေးများကို ဖော်ဆောင်သွားမည်ဖြစ်သည်ဟု TGF အဖွဲ့က ထုတ်ပြန်ထားသည်။
တောင်ကြီးမြို့ ပြောက်ကျားအဖွဲ့တစ်ဖွဲဖြစ်သည့် TGF အဖွဲ့ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ထို့နောက် စစ်ဆင်ရေးများ အနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း ဖေဖော်ဝါရီလက မြို့မဈေးမှ ဈေးသည်များအား ဆိုင် ခန်းခ မတရားကောက်ခံနေသည့် စည်ပင်လူကြီး ဦးခင်အေး၏ နေအိမ်အား ဖောက်ခွဲမှု၊ မတ်လတွင် ကံကြီးရပ် ကွက်၊ ရထားသံလမ်းတွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သား နှစ်ဦးကို ဗုံးခွဲတိုက်ခိုက်မှု၊ ကမ္ဘောဇဘဏ် (၂) ၏ ATM စက်အား ဖောက်ခွဲမှုတို့အပြင် အခြားသော ပြောက်ကြားအဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီ သတင်းပေး ဒလန်များစွာကိုလည်း ရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။