“ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင် သင့်မြတ်တဲ့ပတ်ဝန်းကျင် ကောင်းမွန်တဲ့ပတ်ဝန်းကျင် ဖြစ်စေချင်တယ်”

“ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင် သင့်မြတ်တဲ့ပတ်ဝန်းကျင် ကောင်းမွန်တဲ့ပတ်ဝန်းကျင် ဖြစ်စေချင်တယ်”

ချင်းပြည်နယ်မှာ အကြီးဆုံးဘာသာရေးအဖွဲ့အစည်းဖြစ်တဲ့ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Chin Baptist Convention) အနေနဲ့ ချင်းပြည်နယ်သူများအတွက် ဥပဒေအထောက်အကူပြုအစီစဉ်ကို ပြီးခဲ့တဲ့ ဧပြီလကစပြီး လာမည့် ၂၀၂၃ ခုနှစ် မတ်လအထိ လုပ်နေပြီလို့ သိရပါတယ်။

ဘာကြောင့် ခုလိုလုပ်ဆောင်လာရတာပါလဲ။ အဓိက ဘာတွေလုပ်ဆောင်ပေးမှာပါလဲ။ ဘယ်လိုဥပဒေအထောက်အကူပြုမျိူးတွေလုပ်ဆောင်ပေးမှာလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာ လောဟာလိန်းကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အနေနဲ့ ဥပဒေဆိုင်ရာ အထောက်အကူပြုမှု လိုအပ်နေသူတွေကို ကူညီဆောင်ရွက်နိုင်ဖို့ ဥပေဒအထောက်အကူပြုအစီစဉ်စပြီးလုပ်ဆောင်နေတယ်လို့သိပါတယ်။ အဲဒီအခြေအနေကို ရှင်းပြစေချင်ပါတယ်။

ဖြေ။ ကျွန်တော်တို့ အစပဲရှိသေးတယ်ပေါ့ လုပ်ငန်းကတော့ စနေပါပြီနောက်ဒီဟာကိုလုပ်တဲ့အခါမှာ ကျွန်တော်တို့ က UNDP နဲ့ပူးပေါင်းပြီးတော့ ပူးတွဲပြီးတော့ ပရောဂျက်အနေနဲ့လုပ်တာဖြစ်တယ်၊ လုပ်တယ်ဆိုတဲ့အခါမှာ ပထမအဆင့် အနေနဲ့ ကျွန်တော်တို့ လူထုတွေကို ဥပဒေနဲ့ဆိုင်တဲ့ ပညာပေးလုပ်ငန်းတွေ၊ ကျွန်တော်တို့ လက်လှမ်းမှီသလောက် ပညာပေးလုပ်ငန်းတွေလုပ်တယ် ပညာပေးဝေစာလေးတွေကအစ၊ နောက်တစ်ခုက အကယ်၍ ထိတွေ့အဖမ်းအဆီး တွေရှိတဲ့အခါကြရင်လည်း အကျိုးအကြောင်းမေးမြန်းတာပေါ့လေ၊ နောက်လိုအပ်ရင် ရှေ့နေတွေနဲ့ အထောက်အကူလိုတဲ့ ဖမ်းဆီးခံတဲ့ပုဂ္ဂိုလ်များရဲ့အနေအထားကဘာများဖြစ်မလဲပေါ့လေ ဒါလည်း ရှေ့နေတွေနဲ့ လက်လှမ်းမှီ သလောက် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်၊ အခုကတော့ စလုပ်ဖို့ အဆင့်ပဲရှိပါသေးတယ်။

မေး။ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အနေနဲ့ အဓိက ဘာတွေကို ဘယ်လိုကူညီပြီး လုပ်ဆောင်ပေးသွားမှာလဲ။

ဖြေ။ ဥပမာ  ဖမ်းဆီးခံတဲ့အခါမှာ ကျွန်တော်တို့ လက်လှမ်းမှီသလောက်ပေါ့ သူတို့ဘယ်မှာရှိလဲ၊ နောက် ဘယ်ပုဒ်မ၊ ဘယ်လိုကိစ္စနဲ့ ဖမ်းဆီးခံရတယ်။ ကျွန်တော်တို့ ဥပဒေပိုင်းဆိုင်ရာကနေ ဘာတွေကူညီနိုင်တာရှိမလဲပေါ့၊ ဥပမာ ရှေ့နေဌားပေးတာက အစပေါ့ ကျွန်တော်တို့ ဘယ်လောက်အထိပံ့ပိုးနိုင်တဲ့ဟာဖြစ်မလဲ၊ လက်လှမ်းမီတဲ့ဟာ ဘာရှိမလဲ စသည်အားဖြင့် နောက်ပြီးတော့ မိသားစုတွေ ထောင်ဝင်စာတွေ တွေ့မယ်ဆိုရင်လည်း တရားဝင်ပေါ့ ဒီဟာက လျှိ့ဝှက်ပြီး တော့ ဘာမှလုပ်စရာမရှိဘူး။ တရားဝင်ပဲ ကျွန်တော်တို့က ထောင်ဝင်စာတွေ့တဲ့အခါမှာလည်း မိသားစုတွေကို ဘာတွေ ကူညီပေးနိုင်မလဲ အသေးအမွှားကအစ ကျွန်တော်တို့ တရားဝင် ဥပဒေဘောင်အတွင်းကနေ ဘာတွေကူညီဆောင်ရွက်ပေး နိုင်တာရှိမလဲဆိုတာကို ဆက်ပြီးတော့သွားရမယ့်ခရီး စတာပဲရှိပါသေးတယ် အဲ့တာတွေတော့ ကြိုပြီးတော့ ပြင်ဆင်ထားပါ တယ်။

မေး။ ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အနေနဲ့ ခုလိုမျိုး ဥပဒေအထောက်အကူ ပြုအစီစဉ်တွေလုပ်ဆောင်လာရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။

ဖြေ။ အဓိကတော့ ပြည်သူထုတွေကို တနည်းမဟုတ်တစ်နည်းနဲ့ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုတဲ့သဘောပဲ ဘာသာရေးဆိုတာက ကျွန်တော်တို့က ပါတီနိုင်ငံရေးလည်းမလုပ်သလို လက်နက်ကိုင်လုပ်ငန်းလည်းမလုပ်သလို အစိုးရလုပ်ငန်းလည်း မလုပ်ဘူးလေ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ လူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်ကို အတိုင်းအတာတစ်ခုအထိ အကျိုးပြုဖို့ ဘာသာရေးဖြစ်ရင်လည်းပဲ မိမိရဲ့လူမှုပတ်ဝန်းကျင်တစ်ခုကို အကျိုးပြု ဖို့လိုတယ်လေ။ အုတ်တစ်ချပ်သဲတပွင့်ပေါ့ အဲဒီသဘောပါပဲ ဘာရယ်မဟုတ်ဘူး။ မိမိပတ်ဝန်းကျင်မှာ ဥပဒေ ပညာပေးလုပ်ငန်းတွေလုပ်ဖို့ အဲ့သဘောပါပဲ။ သဘာဝပတ်ဝန်းကျင်၊ လူ့ပတ်ဝန်းကျင်ကို အကျိုးပြုပြီးတော့ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင် ကျွန်တော်တို့ သင့်မြတ်တဲ့ပတ်ဝန်းကျင်၊ ကောင်းမွန်တဲ့ပတ်ဝန်းကျင် ဖြစ်စေချင်တယ်ဆုလည်းတောင်းတယ်။

ဖြေ။ အခု ဒီဥပဒေပြုအထောက်အကူပြုအစီစဉ်က ချင်းပြည်နယ်ထဲပဲလား။ ဘယ်လောက်ထိလွှမ်းခြုံပါသလဲ။

မေး။ ယေဘုယျအားဖြင့် ကျွန်တော်တို့ချင်းပြည်နယ်တပြည်နယ်လုံးနောက် ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းရော ဒါပေမယ့် ကျွန်တော်တို့ လက်လှမ်းမီတဲ့ဟာက ချင်းဒေသတခွင်ပေါ့၊ အထူးသဖြင့် ချင်းဒေသ တခွင်ကိုတော့ ကျွန်တော်တို့ အာရုံစိုက်ထားပါတယ်။ ဒါပေမယ့် အဲ့လိုပြောတဲ့အခါမှာ တခြား တိုင်းရင်းသားညီကိုတွေကို ချန်ထားတဲ့သဘောမဟုတ်ပါဘူး။ ဒေသအလိုက် ခြုံငုံနိုင်တဲ့ ဒေသအလိုက်ကျွန်တော်တို့ လက်လှမ်းမှီတဲ့နေရာ အားလုံးအားလုံးပဲ ကျွန်တော်တို့ တိုင်းရင်းသားပေါင်းစုံ လက်လှမ်းတာမှီမယ်ဆိုရင်ဖြစ်ပါတယ်။ ချင်းပြည်နယ်ရယ် ချင်းပြည်နယ်နဲ့ ထိစပ်တဲ့ ဒေသတွေမှာရှိတဲ့ ညီကိုတွေအတွက်ပေါ့ ဒါလည်းပဲ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ကျယ်ပြန့်သလောက်လည်း ကျွန်တော်တို့ရဲ့ အလုပ်ကဘယ်လောက်ထိကျယ်ကျယ်ပြန့်ပြန့်သွားအုံးမလဲမသိဘူး။ ပြောလို့မရသေးဘူး။ လောလောဆယ်တော့ အစပဲရှိသေးတယ်။

မေး။ အခုဆရာတို့ဆီကို ဥပဒေအထောက်အကူပြုလိုအပ်တယ်ဆိုပြီး ဆက်သွယ်လာတဲ့သူ ဘယ်နှစ်ဦးများရှိပြီလဲ။ ဆက်သွယ်လာတဲ့သူတွေက ဘယ်လိုအမှုမျိုးတွေလဲ။

ဖြေ။ ရှိပါပြီ အဖမ်းဆီးခံရတဲ့သူတွေကတော်တော်များများလည်းရှိနေပြီဆိုတော့ ပြန်ပြီးတော့ လွတ်ပေးတာရှိသလို၊ ပြန်မလွတ်သေးတဲ့သူတွေလည်းရှိတော့ အဲ့စာရင်းဇယားတွေလည်း ကျွန်တော်တို့ ယေဘုယျရရှိထားတယ်။ တချို့ကြတော့ ဘာမှမဆောင်ရွက်ပေးခင် ပြန်ပြီးတော့သတင်းကြားတယ် ဆုံးသွားတဲ့သူတွေလည်း ရှိတယ်အဲ့လိုမျိုးသူတွေလည်းရှိတယ်။

မေး။ ဥပဒေအထောက်အကူပြုဆိုတဲ့နေရာမှာ ဘယ်လိုမျိုးအမှုကိစ္စကို အဓိက လုပ်ဆောင်မှာလဲ ကျနော်သိချင်တာက စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြောင်းအမျိူးမျိုးကြောင့် စစ်ကောင်စီက ဖမ်းဆီးသွားတဲ့သူတွေအတွက် အဓိက လုပ်ဆောင်ပေးမှာလားဆိုတာပါ။ ဘယ်အတိုင်းအတာထိ လွှမ်းခြုံသလဲ။

ဖြေ။ ကျွန်တော်တို့က စတာမကြာသေးဘူးဆိုတော့ ဒါကဟိုးအရင်ကတည်းကလုပ်လာခဲ့တဲ့ဟာမဟုတ်ဘူးဆိုတာ သေချာပါတယ် သို့သော်ငြားလည်း Case အမှုပုံစံနဲ့လည်း လိုက်ပေးရတဲ့အနေအထားမျိုးဘာမှမစသေးပါဘူး။ အခုမှစတာပါ။ ဆိုတော့ နောက်နောင်မှာ ရှိရင်လည်း ဆက်သွယ်လာတဲ့အခါမှာ ကျွန်တော်တို့လက်လှမ်းမီသလောက် တတ်နိုင်သလောက် ပံပိုးပေးနိုင်ဖို့လည်း အစီအစဉ်တော့ရှိပါတယ်။ အဲ့လိုပြောတဲ့အခါမှာ တရားဝင်ပေါ့ တရားရုံးမှာ ရင်ဆိုင်စရာတွေရှိတဲ့ အခါမှာလည်း  ဥပဒေလမ်းကြောင်းအရ လုပ်ဆောင်ပေးနိုင်ဖို့အထိ ရည်ရွယ်ချက်တွေတော့ရှိပါတယ်။

မေး။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိချင်းပြည်နယ်ရဲ့အခြေအနေအပေါ်မှာ ဆရာ့အမြင်ဘယ်လိုရှိလဲ ဆိုတာသိချင်ပါတယ်။

ဖြေ။ အဲ့တာတွေကျတော့ ကျွန်တော်တို့နဲ့ အလှမ်းဝေးတယ်။ ဘာမှသိပ်ထူးခြားတဲ့ မှတ်ချက်မျိုးပြောစရာမရှိပါဘူး။ သိတာလည်းအရမ်းနည်းပါတယ်။ ထည်ထည်ဝင်ဝင်သိတာလည်းနည်းတော့ အပြင်က မီဒီယာတွေစီကနေကြားရ မြင်ရတာကတဆင့်ကလွဲလို့ သိတာတော်တော်လည်း နည်းပါတယ်။

November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...