KNU အောက်မှာ လွတ်လွတ်လပ်လပ် ရန်သူကို တိုက်လို့ မရလို့ ကော်သူးလေ တပ်မတော် ထူထောင်ခြင်းဖြစ် (နောဒါးမြ)

KNU အောက်မှာ လွတ်လွတ်လပ်လပ် ရန်သူကို တိုက်လို့ မရလို့ ကော်သူးလေ တပ်မတော် ထူထောင်ခြင်းဖြစ် (နောဒါးမြ)

ကရင်အမျိုးသား အစည်းအရုံး KNU အောက်ကနေ မဟုတ်သည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းအသစ် တစ်ခုကို KNU ဥက္ကဋ္ဌဟောင်း ဗိုလ်မြ၏ သားဖြစ်သူ ဗိုလ်မှူးချုပ်နယ်ဒါးမြက ဖွဲ့စည်းလိုက်သည်။

ဇူလိုင်လ ၁၇ ရက်နေ့က ဖွဲ့စည်း လိုက်သည့် ထိုအဖွဲ့ကို Kaw Thoo Lei Army ဟု အမည်ပေးထားပြီး အဖွဲ့ ဖွဲ့ စည်းရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် နယ်ဒါးမြက ယခုကဲ့သို့ ပြောသည်။

၎င်းက “အခုလောလောဆယ်က KNU ခေါင်းဆောင်တစ်ချို့ က စစ်ကောင်စီနဲ့ လက်တွဲပြီးတော့ နီးနီးကပ်ကပ် အလုပ်လုပ်တဲ့အတွက် ကျနော်တို့ KNU အောက်မှာ ဒီအတိုင်းပဲ နေမယ်ဆိုရင် မလွယ်ဘူး။ တိုက်ခိုက်လို့ မရဘူး။ ပြီးတော့ ရှေ့ဆက်သွားဖို့ အခက်အခဲဖြစ်တဲ့အတွက် ကျနော်တို့ ကွဲဖို့အတွက် လုပ်တာ မဟုတ်ဘူး။ ကျနော်တို့ အခုလို အဖွဲ့သစ်ဖွဲ့လိုက်တာဟာ တိုက်ခိုက်ရေးမှာ လျှောလျှောရှူရှူဖြစ်ဖို့ စစ်ကောင်စီကို တိုက်ခိုက်တဲ့ အဖွဲ့ တွေနဲ့ လက်တွဲမယ်။ ပြီးတော့ KNLA ပဲဖြစ်ဖြစ် KNDO ပဲဖြစ်ဖြစ် ကျနော်တို့ အတူတကွ ပူးပေါင်းပြီး ညီညီ ညွတ်ညွတ်လုပ်မယ်။ ကျနော်တို့ လုပ်လို့ရတယ်။ ဒါက အခက်အခဲ မဟုတ်ဘူး။ ကျနော်တို့ အလုပ်တွေကို ထိထိ ရောက်ရောက်လုပ်ဖို့အတွက်ဖြစ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့က ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO ဖွဲ့စည်းထူထောင်ခြင်း ၇၅ နှစ် ပြည့် အခမ်းအနားတွင် KNU က KNDO စစ်ဦးချုပ်ကို ဗိုလ်မှူးချုပ်စောရှီးလေ ဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ပြောဆိုလာသည့် နောက်ပိုင်းတွင် ဗိုလ်မှူးချုပ် နယ်ဒါးမြက Kaw Thoo Lei Army ကို ဖွဲ့စည်းကြောင်း ထုတ်ပြန် လာခြင်း ဖြစ်သည်။

ဗိုလ်မှူးချုပ်နယ်ဒါးမြက “အခက်အခဲက လူ ၂၅ ကို သတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်ကို ဖယ်လိုက်တယ်။ ပြီးတော့ ဗိုလ်မှူးချုပ် စောရှီးလေကို ရွေးလိုက်တော့ ကျနော်က ရှေ့ဆက် အလုပ်လုပ်ဖို့ အခက်အခဲဖြစ်စေ တယ်။ အဲဒါကြောင့် အခက်အခဲကြောင့် ကျနော်တို့ ခေါင်းဆောင်တွေရှိတယ်။ လုပ်ဖော်ကိုင်ဖက်တွေ အများ ကြီးရှိတယ်။ အဲဒါတွေက ဆက်နွယ် နေတဲ့အတွက် ကျနော်တို့ ငြိမ်နေလို့ မရဘူး။ ကျနော်တို့ အလုပ်လုပ်နိုင်ဖို့ အတွက် နဲ့ ရန်သူကို ဖြိုချဖို့အတွက် တစ်ခုခုလုပ်မှဆိုပြီးတော့ လုပ်ဆောင်တာဖြစ်တယ်” ဟု ပြောသည်။

KNU အောက်က မဟုတ်သည့် လက်နက်ကိုင် အဖွဲ့အစည်းသစ်ကို ဖွဲ့စည်းလိုက်ခြင်းသည် အဖွဲ့အစည်းကို ပြို ကွဲအောင်လုပ်ခြင်း မဟုတ်ပဲ ရှေ့ဆက် စစ်အာဏာရှင်ကို တော်လှန်ရာတွင် စုစုစည်းစည်းနှင့် အတူတကွ လုပ် ဆောင်နိုင်ရန်ဖြစ်သည်ဟု ဗိုလ်မှူးချုပ် နယ်ဒါးမြက ဆက် ပြောသည်။

“ကျနော်တို့ အဖွဲ့ကွဲဖို့ လုပ်တာမဟုတ်ဘူး။ ကျနော်တို့ တည့်တည့်မတ်မတ် ရပ်တည်ပြီး ကျနော်တို့ လူမျိုး အတွက်နဲ့ ရန်သူကို တိုက်ခိုက်ဖြိုချတဲ့ အဖွဲ့တွေနဲ့ အတူတကွ တွဲပြီး လုပ်ဆောင်ဖို့ဖြစ်တယ်။ ရန်သူနဲ့ တွဲပြီး အလုပ်လုပ်တဲ့သူတွေပဲ ဖြစ်ဖြစ်၊ စီးပွားရေးတွဲပြီး လုပ်တဲ့သူတွေပဲ ဖြစ်ဖြစ် အဲဒီလူတွေကိုတော့ ကျနော်တို့ ပြန်လည်တည့်မတ်အောင် လုပ်ဆောင်ဖို့ဖြစ်တယ်။ အခုလို တွဲပြီးတော့ အလုပ်လုပ်နေမယ်ဆိုရင်တော့ ကျနော် တို့ ရှေ့ဆက်ဖို့ခက်တယ်။ အခုလို တွဲပြီးတော့ အလုပ်လုပ်နေမယ်ဆိုရင်တော့ ကျနော်တို့ လူမျိုးတွေ သူများ ကျွန်ဖြစ်သွားမယ်” ဟု ပြောသည်။

အသစ်ဖွဲ့စည်းလိုက်သည့် Kaw Thoo Lei Army ၏ ထိန်းချုပ်နယ်မြေနှင့် တပ်မဟာ၊ တပ်ရင်းနယ်မြေများကို လက်ရှိတွင် မသတ်မှတ်နိုင်သေးသော်လည်း နောက်ပိုင်းတွင် တဆင့်ချင်းစီ လုပ်ဆောင်သွားမည်ဟု ပြောသည်။

ထို့အပြင် Kaw Thoo Lei Army ၏ နိုင်ငံရေး မူဝါဒ လမ်းစဉ်များကို ချမှတ်ထားခြင်း မရှိသေးသော်လည်း စစ် ကောင်စီကို အရင်တိုက်ခိုက်ဖြိုချပြီး နောက်ပိုင်းတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်ကာ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ပြီးခဲ့သည့် နှစ်က KNU တပ်မဟာ (၆)နယ်မြေ၊ ကော့ကရိတ်မြို့နယ်ရှိ ဖလူး-ဝေါ်လေ ဒေသတွင် KNDO တပ်ဖွဲ့ ဝင်များက ဆောက်လုပ်ရေး လုပ်သားဟု ဆိုသူများကို သတ်ဖြတ်သည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီက စွပ်စွဲခဲ့သည်။

အဆိုပါ စွပ်စွဲချက်နှင့် ပတ်သက်၍ KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီက ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၅ ရက်နေ့ တွင် အရေးပေါ် အစည်းအဝေးခေါ်ယူကာ ဗိုလ်မှူးချုပ်နယ်ဒါးမြကို KNDO စစ်ဦးချုပ် ရာထူးတာဝန်မှ ယာယီရပ် ဆိုင်းခဲ့သည်။

ရာထူးတာဝန်မှ ယာယီရပ်ဆိုင်းမှုကို လက်မခံကြောင်း ဗိုလ်မှူးချုပ် နယ်ဒါးမြကလည်း ဇူလိုင်လ ၁၁ ရက်နေ့ တွင် သဘောထား ပြန်လည်ထုတ်ပြန်ခဲ့သည်။

ယခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က KNDO ဖွဲ့စည်းထူထောင်ခြင်း ၇၅ နှစ်ပြည့် အခမ်းအနားတွင် KNDO စစ်ဦးစီးချုပ် ရာထူးမှာ ဗိုလ်မှူးချုပ်စောရှီးလေ ဖြစ်ကြောင်း KNU က တရားဝင် ပြောဆိုလာပြီးနောက် ဗိုလ်မှူးချုပ် နယ်ဒါးမြ က Kaw Thoo Lei Army ကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...