မေး။ ။ ကျေးဇူးပြုပြီး Karen Swedish Community (ဆွီဒင်ကရင်လူမှုအသိုင်းအဝိုင်း)အကြောင်းကို နည်းနည်းလေး ပြောပြပါ။
Karen Swedish Community ကို ကျမတို့ ၂၀၀၅ မှာ စဖွဲ့ခဲ့တယ်။ ၂၀၀၅ခုနှစ်မှာ ကျမတို့ စတင်ခဲ့တုန်းက အဖွဲ့ဝင် နည်းနည်း လေးပဲ ရှိသေးတယ်။ ကျမတို့စတုန်းက လူက နှစ်ဆယ်၊ သုံးဆယ်လောက်ပဲ ရှိတယ်။ ကောင်းကောင်း စည်းရုံးလို့ မရသေးဘူး လေ။ ၂၀၀၆ကစပြီး ကောင်းကောင်းမွန်မွန်ပြန်ပြီး Organize(စည်းရုံး)လို့ ရလာတယ်။ အဲဒီမှာ Karen Swedish Community ဟာ ၂၀၀၆ က စပြီးတော့ အခုချိန်ထိ စီမံအုပ်ချုပ်မှု ကောင်းကောင်းတွေနဲ့ ရှိခဲ့ပါတယ်။
ရည်ရွယ်ချက်က ကျမတို့ ကရင်စကားကို ထိန်းသိမ်းဖို့၊ ကရင်ရိုးရာအစဉ်အလာ ထိန်းသိမ်းဖို့အတွက်၊ နေ့ကြီးရက်ကြီးတွေ၊ ကရင်အကျႌ အဲဒါတွေကို ကျမတို့ နောင်မျိုးဆက်တွေ သိရှိအောင်၊ ကျမတို့က ကရင်လူမျိုးပဲ။ ကျမတို့ ဒီနိုင်ငံကိုရောက်တာ ကျမတို့ရဲ့အတွေ့အကြံုက ဒီလိုရှိတယ်။ ကျမတို့မိဘတွေက ဒီလိုဒီလို ကြံုခဲ့တယ်။ ဒီ ဆွီဒင်နိုင်ငံထဲမှာ ကျမတို့ သမိုင်း ကြောင်းတွေ အလဟဿ မပျောက်သွားအောင်အတွက်ဆိုပြီး ရည်ရွယ်ချက်ရှိပါတယ်။
ပြီးတော့ ကျမတို့ ဆွီဒင်နိုင်ငံမှာ နေထိုင်ကြတဲ့ ကရင်လူမျိုးတွေက အခက်အခဲတွေနဲ့ မကြုံရပါစေနဲ့ ဆိုပြီးတော့ စိတ်အားငယ်မှု မရှိရစေဖို့၊ ခွဲခြားနှိမ့်ချမှုတွေ မရှိစေဖို့အတွက် ကျမတို့က ဒီမှာရှိတဲ့ကရင်တွေရဲ့အကျိုးကိုမျှော်ကိုးပြီး Organize လုပ်ထားပါ တယ်။ ဒါတင် မကသေးဘူး။ ပြီးတော့ ကျမတို့ရဲ့ အဓိက မျှော်မှန်းချက်က ပြည်ပကရင်၊ တစ်ခြားနိုင်ငံက ကရင်တွေနဲ့ အချိတ် အဆက် လုပ်နိုင်ဖို့ပါ။ ဒါကြောင့် အဲဒီကစပြီး ကျမတို့က Karen Swedish Community ဆိုတာကို ကျမတို့ စတင်ဖွဲ့စည်းခဲ့တယ်။
မေး။ ။ လက်ရှိ Karen Swedish Community ရဲ့ အဖွဲ့ဝင် ဘယ်လောက် ရှိပါသလဲ။
ကျမတို့ရဲ့အဖွဲ့ဝင် (၆၀၀)ကျော်ရှိပါတယ်။ အခု လောလောဆယ်က ကျမတို့သိရတာက ဆွီဒင်နိုင်ငံထဲမှာရှိတဲ့ ကရင်လူဦးရေ (ကလေး၊ လူကြီး အပါအဝင်) ၁၂၀၀ကျော်ရှိတယ်။ အဖွဲ့ဝင်ကတော့ (၆၀၀)ကျော်ရှိတယ်။ အခုလောလောဆယ် အဖွဲ့ဝင်က (၃၀၀)ကနေ (၄၀၀)အတွင်းပေါ့။ ရှိတဲ့အဖွဲ့ဝင်တွေကလည်း Active(တက်ကြွ)အဖွဲ့ဝင်တွေပဲပေါ့နော်။ အမှုဆောင်ကော်မတီက ၁၁ယောက်ရှိတယ်။ အမျိုးသမီးရေးရာ၊ လူငယ်ရေးရာ၊ ပညာရေးတွေ ပါတယ်ပေါ့နော်။ ကျမတို့ ကော်မတီတွေက တစ်နှစ် တစ်ခါ အစည်းအဝေးလုပ်တယ်။ ရွေးကောက်ပွဲက ၂နှစ် တစ်ကြိမ်လုပ်တယ်။
မေး။ ။ ဆွီဒင်နိုင်ငံမှာ ကရင်တွေ ဘယ်ခုနှစ်ကစတင်ပြီး သွားရောက် အခြေချ နေထိုင်ကြသလဲ။ ဘယ်လို ပုံစံမျိုးနဲ့ ရောက်ရှိ ကြပါသလဲ။
၂၀၀၄ကုန်ခါနီးမှာ လာတာတစ်ချို့ ရှိတယ်။ အနည်းငယ်လေးပဲ ရှိတယ်။ နောက်ပြီး များလာတာက ၂၀၀၅ မှာပဲ။ ၂၀၀၄ မှာ လာတာက IDP- Resettlement Program နဲ့ပေါ့။ အဲဒါတွေက ဒုက္ခသည်အနေနဲ့ မှတ်ပုံတင်ထားတာမဟုတ်ဘူး။ IDP Resettlement Program အနေနဲ့ UNHCR က သူတို့ကို ခေါ်တာဖြစ်တယ်။ သူတို့ အနည်းငယ် လာနေဖြစ်တယ်။ ၂၀၀၅-၂၀၀၆ မှာကျတော့ ဒုက္ခသည်စခန်းကနေ တိုက်ရိုက်လာတဲ့ Resettlement Program ဖြစ်တာပေါ့နော်။ ဒီ ၂၀၀၅၊ ၂၀၀၆ နောက်ပိုင်း ကျမှ များလာတာပေါ့နော်။
မေး။ ။ ကရင်လူမျိုးတွေ ဆွီဒီနိုင်ငံကို ရောက်သွားတဲ့ ဒီ ၁၀နှစ်ကျော်ကာလအတွင်းမှာ ကရင်လူမျိုးတွေရဲ့ လူမှုဘဝ၊ စာပေ၊ ရိုးရာ အစဉ်အလာ ထိန်းသိမ်းမှုအပိုင်းတွေမှာ ဘယ်လိုရှိပါသလဲ။ အထူးသဖြင့် လူငယ်တွေအပိုင်းမှာပေါ့။
လူငယ်ကတော့ ကိစ္စမရှိဘူး။ ဒါပေမယ့် ဒီမှာလာမွေးတဲ့ ကလေးတွေနဲ့ နုနုနယ်နယ်၊ ငယ်ငယ်လေးအရွယ်နဲ့ ရောက်လာတဲ့ ကလေးတွေက ကိုယ့်ဘာသာစကားကို ပြန်နားလည်ဖို့၊ ကိုယ့်ရဲ့ယဉ်ကျေးမှုတွေကို နားလည်ဖို့အတွက် တော်တော် ခဲယဉ်းပါ တယ်။ ဘာကြောင့်လဲဆိုတော့ ဒီက Society တွေနဲ့ နီးစပ်လွန်းတော့လေ။ လူငယ်တွေ (၁၅၊ ၁၆)အရွယ်တွေကတော့ အခက် အခဲ မရှိပါဘူး။ သူတို့ ကရင်စာကို ကောင်းကောင်းနားလည်တယ်။ ရေးတတ်တယ်။ ဖတ်တတ်တယ်။ ကရင်ရိုးရာတွေကိုလည်း နားလည်တယ်။ ၅နှစ်၊ ၆နှစ်အရွယ်နဲ့ ရောက်လာတဲ့ကလေးတွေကတော့ ကရင်စကားမပြောတတ်တော့ဘူး။ အဲဒါတွေက ကျမ တို့ ပထမဆုံး စိုးရိမ်သလိုပါပဲ။ KSC ရဲ့ အဓိကတာဝန်တစ်ခုကဲ့သို့ ကရင်ဘာသာစကားကို ထိန်းသိမ်းဖို့နဲ့ ကရင်ရိုးရာ၊ ယဉ်ကျေး မှုတွေကို ထိန်းသိမ်းဖို့အတွက် ကျမတို့က Campaign တစ်ခုကို အဲဒီရည်ရွယ်ချက်အတွက် လုပ်ရခြင်းဖြစ်ပါတယ်။ လူငယ်တွေ အတွက် အလုပ်အကိုင်က ရှိတယ်။
ကျမတို့ စလာတဲ့အချိန်ကစပြီး ယခုအချိန်အထိ ကျောင်းပြီးသွားတဲ့ လူငယ်တွေဟာ ၁၂၈ယောက်ရှိသွားပြီ။ ဒါက ကျမတို့အ တွက် ၀မ်းသာစရာတစ်ခုပါပဲ။ ကောလိပ်အောင်တာက တစ်ယောက်စ၊ နှစ်ယောက်စပဲ ရှိသေးတယ်။ ဒါပေမယ့် ကျမတို့ သိရတဲ့ အတိုင်း ကောလိပ်တက်တဲ့ ကျမတို့ရဲ့လူငယ်တွေ တော်တော်ရှိလာပါပြီ။ ရှေ့ဆက်လည်း များလာမှာပေါ့နော်။ ဒါကြောင့်မို့ ကျမ တို့က ကျမတို့ရဲ့လူငယ်တွေ ကြိုးစားမှာကို မျှော်လင့်တယ်။ ပညာကို ဒီထက်ပိုပြီး ကြိုးစားသင်ယူဖို့အတွက် သူတို့ကို ကျမတို့ အမြဲတမ်း တိုက်တွန်းအားပေးပါတယ်။
မေး။ ။ ကရင်လူမျိုးတွေဟာ အရင်တုန်းက တောထဲတောင်တွေထဲမှာ နေတာများတယ်။ အခု နိုင်ငံကြီးမှာ သွားနေတဲ့အခါကျ တော့ ဘယ်လို အခက်အခဲမျိုးတွေကို ရင်ဆိုင်ကြံုတွေ့နေရပါသလဲ။
တစ်ချို့အသက်ကြီးပိုင်း လူကြီးတွေက ဘာသာစကား သင်လို့မရဘူး။ ဘာသာစကားကို သင်လို့မရတဲ့အခါကျတော့ ဆွီဒင် Society ထဲကို ၀င်ဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ ဒါကြောင့်မို့ အများအားဖြင့် သူတို့တွေက လူတောမတိုးဘူး။ ကရင်တော ကိုပဲ သွားကြတယ်။ တစ်ခြားမသွားဘူး။ အဲဒါတွေက တော်တော် ခက်ပါတယ်။ ကလေးတွေ၊ လူငယ်တွေအတွက်က အခက်အ ခဲ မရှိဘူး။ လိုက်လို့မီတာပေါ့နော်။ ဒါကြောင့်မို့ ကျမတို့ ၀ိုင်းဝန်းဆွေးနွေးတယ်။ ကျမတို့ အားပေးတယ်။ ဒါပေမယ့် ကျမမြင်တာ က လူကြီးတွေ ကြီးပြင်းလာတဲ့ ယဉ်ကျေးမှုကတစ်မျိုး၊ ဆွီဒင် Society နဲ့ဆို တော်တော်လေး ကွာခြားပါတယ်။ အများအားဖြင့် သူတို့ လက်မခံနိုင်တာတွေ တစ်ချို့တော့ ရှိလိမ့်မယ်ပေါ့နော်။ အမြင်တွေမတူဘူး။ ခုနကျမပြောတဲ့ ဘာသာစကားတစ်ခုလည်း ပါတာပေါ့နော်။ ဘာသာစကားကို ကောင်းကောင်းနားမလည်တော့ သိချင်တဲ့ အချက်အလက်တွေ ရှာလို့ မရဘူး။ ဥပဒေရေးရာ တွေကို နားမလည်ဘူးဆိုတော့ အချိန်တိုင်း ကြောက်နေကြတယ်။ ဒါကို ပြောလို့ရဲလား။ ဒါကိုကော လုပ်လို့ရဲလား။ အဲဒါတွေက စိတ်ဓာတ်ပိုင်းဆိုင်ရာကို တော်တော်လေး အနှောင့်အယှက်ဖြစ်တယ်။
ဆွီဒင်နိုင်ငံမှာတော့ အများအားဖြင့် အလုပ်အကိုင်အခြေအနေက အဆင့်မြင့်တယ်။ အများအားဖြင့် သူတို့က (Educator) တွေ ကိုပဲ လိုချင်တယ်။ ဘယ်အောက်ခြေအလုပ်ပဲဖြစ်ဖြစ်၊ ဥပမာ… သန့်ရှင်းရေး အလုပ်လုပ်မယ်ဆိုရင် အိမ်တစ်လုံးပေါ်မှာ သန့်ရှင်း ရေးလုပ်ဖို့အတွက် သင်တန်းတက်ရသေးတယ်။ ဘာသာစကား နားလည်ရတယ်။ သင်တန်းအောင်ရအုံးမယ်။ ဘာပဲလုပ်လုပ် သင်တန်းက အောင်ရမယ်။ ဒါကြောင့်မို့ ဘာသာစကားကို မလိုက်နိုင်တဲ့အခါမှာ အခက်အခဲရှိတယ်။ ဒါကြောင့်မို့ လူကြီးပိုင်းတွေ က ခုန ကျမ ပြောသလိုပဲပေါ့။ အလုပ်အကိုင်မရတာ များတယ်။ အတွေ့အကြုံနဲ့ ပညာရေးပိုင်းက မမီနိုင်တဲ့အတွက်ကြောင့်ပေါ့ နော်။ အဲဒါကြောင့် စိတ်ပိုင်းဆိုင်ရာကို တော်တော်လေး ပြန်ထိခိုက်တယ်။ တစ်ချို့က ဒီမှာလာနေတာ သူတို့အတွက် တော် တော်ခက်ခဲတယ်။ ဒါပေမယ့် ကျမတို့က လူငယ်နဲ့ ကလေးတွေအတွက်ပြန်ကြည့်ရင် အခွင့်အရေးတွေက တော်တော်ကောင်း တယ်။ ကျန်းမာရေး၊ လူမှုရေးစောင့်ရှောက်မှုတွေကအစ၊ ပညာရေးကဏ္ဍပဲဖြစ်ဖြစ် အဲ့ဒါတွေအတွက် Free(အခမဲ့)ပဲ။ ဒါကြောင့် မို့ လူငယ်တွေ ဖွ့ံဖြိုးတိုးတက်ဖို့အတွက် တော်တော်လေးကောင်းပါတယ်။
မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။
ကျမ ဒုက္ခသည်တစ်ယောက်ဖြစ်တာနဲ့အညီ Resettlement program နဲ့ရောက်လာတဲ့အခါကျတော့ ကျမက ဒီလိုအကြံပေးချင် ပါတယ်။ ရွှေ့ပြောင်းအစီအစဉ်နဲ့ ဘယ်နိုင်ငံကိုပဲသွားသွား၊ ကျမတို့ လူကြီးပိုင်းက ပညာရေးကဏ္ဍမှာ လိုက်လို့မမီတော့ဘူး။ ဒါပေမယ့် ကျမတို့ရဲ့ နောင်မျိုးဆက်၊ သားမြေးမြစ်တွေအတွက် မျှော်လင့်ချက်ထားကြတာပေါ့။ ကျမတို့ရဲ့သားသမီး၊ မြေးတွေ ပညာကို ကြိုးစားသင်ယူဖို့ တိုက်တွန်းနှိုးဆော်ကြမယ်။ ကျမတို့ လုပ်နိုင်ကိုင်နိုင်တဲ့ ပညာရေးအဆင့်တွေမှာ ကြိုးစားပါ။ အဲဒီ မျှော်လင့်ချက်ကို လက်မလွှတ်ပါနဲ့။
ဘာကြောင့်လဲဆိုရင် ကျမတို့ ကရင်လူမျိုးတွေက အစဉ်အဆက် ဖိနှိပ်ခံခဲ့ရလို့ အားနည်းချက်တွေ အများကြီး ရှိခဲ့တယ်။ ကရင် ပြည်နယ်ကြီးကို လာမယ့်အနာဂတ်မှာ တည်ဆောက်ဖို့အတွက် ပညာရှိတွေ လိုအပ်တယ်။ ကျမတို့က ပညာရှင်တွေ အများကြီး လိုတယ်။ ကျမတို့ရည်မှန်းထားတာက လူငယ်တွေနဲဲ့ နောင်တက်လာမယ့် မျိုးဆက်တွေပါပဲ။ ဒါကြောင့်မို့ ကျမတို့က ပညာရေး ပိုင်းကို အများဆုံး ဦးတည်ကြမယ်။ တစ်နေ့မှာ ကျမတို့တိုင်းပြည်ကို ပြန်ကူညီနိုင်အောင်၊ အကျိုးပြန်ပြုနိုင်အောင်ပေါ့။
ကျမတို့က ကရင်လူမျိုးဖြစ်တဲ့အတွက် ကရင်လူမျိုးကို မေ့ထားလို့မရဘူး။ ကျမတို့မှာရှိတာ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကျမတို့ ပြည်တွင်းမှာရှိတဲ့ အမျိုးသားတွေကို ကြိုးစားပြီး သတိရကြမယ်။ အခြေအနေပေးသလို တတ်နိုင်သလောက် ၀ိုင်းကူကြ မယ်။ ကျမတို့ တတ်နိုင်တာလေးနဲ့ ပြန်ပြီး ၀ိုင်းကူနိုင်မယ့်နေ့တစ်နေ့ကို အမြဲတမ်း သတိရပါလို့ ပြောချင်ပါတယ်။