ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ အဝေးပြေးကားဂိတ်များအား ဇူလိုင်လ အကုန် ၃၁ ရက်နေ့ နောက် ဆုံးထား၍ အပြီးသတ် ပြောင်းရွှေ့ရန် စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေး ဝန်ကြီးဌာနမှ ဂိတ်ပိုင်များ အား လက်မှတ် ထိုးခိုင်းထားသည်ဟု သိရသည်။
ယခု ပြောင်းရွှေ့ရမည့် အဝေးပြေး ယာဉ်လိုင်းများမှာ အေးသာယာကားကြီးကွင်းအတွင်း အသစ်ဆောက်နေဆဲ လိုင်းခန်းများကို ဝယ်ယူရမည်ဖြစ်ပြီး စာချုပ်ဖြင့် အငှားဖွင့်၍မရဟု အဝေးပြေး ယာဉ်မောင်းသူများက ဆိုသည်။
တောင်ကြီး-မန္တလေး အဝေးပြေး ယာဉ်လိုင်း ပြေးဆွဲနေသူ တစ်ဦးက “သူတို့က အေးသာယာ ကားကြီး ကွင်းမှာ အခန်းဝယ်ဖို့ ပြောတယ်။ အခုတော့ ဆောက်လို့မပြီးသေးဘူး။ လက်စသပ်နေပြီ။ သူတို့ ပြောလိုက်ရင်တော့ တောင်ကြီးမြို့ စည်ပင်သာယာလှပရေး ဘာညာနဲ့ တကယ်က ကန်ထရိုက်နဲ့ စည်ပင်ပေါင်းစားနေတာပါ။ ဂွင် ဖန်နေကြတာပါ။ ကားလိုင်းရော ခရီးသည်ရော ဒုက္ခရောက်အောင် လုပ်နေတာ” ဟု ပြောသည်။
အဝေးပြေးယာဉ်လိုင်းအများစုသည် တောင်ကြီးမြို့ပေါ်ရှိ နေရာများကို ငှားရမ်းပြီး ဂိတ်ဖွင့်ထားကြခြင်း ဖြစ်ရာ ယခုါ အဆိုပါ ဂိတ်များအားလုံး ဇူလိုင်ကုန် နောက်ဆုံးထား၍ သတ်မှတ်ထားသည့် အေးသာကားကြီးကွင်း အတွင်း ပြောင်းရွှေ့ရမည် ဖြစ်သည်ဟု အဝေးပြေးယာဉ်မောင်းသူများက ပြောသည်။
အဝေးပြေးကားများအား လိုင်းခန်း အတင်းဝယ်ခိုင်းပြီး ပြောင်းရွှေ့ရန်ပြောဆိုထားသော်လည်း ကုန်ကားများကို တစ်စုံတစ်ရာ ပြောဆိုခြင်း ရွှေ့ခိုင်းခြင်းများ မရှိသေးသည့်အတွက် အဝေးပြေးယာဉ်လိုင်းမောင်းနှင်သူများက ဝေဖန်ပြောဆိုနေကြခြင်း ဖြစ်သည်။
အသစ်ဆောက်နေသည့် အဝေးပြေး ယာဉ်လိုင်းဂိတ်များ ဖွင့်မည့် လိုင်းခန်းများကို ထိန်သာ ဆောက်လုပ်ရေးမှ တာဝန်ယူ ဆောက်လုပ်ထားခြင်း ဖြစ်ပြီး တစ်ခန်းလျှင် သိန်း ၇၀၀ ခန့် ပေါက်ဈေး ရှိသည်ဟု ယာဉ်မောင်း အချို့ နှင့် ဂိတ်ပိုင်အချို့၏ ပြောပြချက်များအရ သိရသည်။
ထို့ကြောင့် ယာဉ်လိုင်းဂိတ်များက အဆိုပါ လိုင်းခန်းများအား ဝယ်ယူရန် ခက်ခဲသည့် အခြေအနေရှိနေသည်ဟု အဝေးပြေး ယာဉ်လိုင်း ဂိတ်မှူးအချို့က ပြောသည်။
ဂိတ်နေရာ ပြောင်းရွှေ့ရန် ကိစ္စနှင့် စပ်လျဉ်း၍ ရန်ကုန်-မန္တလေး စသည့် ပြည်မမှ လာသည့် အဝေးပြေး ယာဉ် လိုင်းဂိတ်များ အနေဖြင့် အေးသာယာ ကားကြီးကွင်းအတွင်း အသစ် ဆောက်လုပ်နေဆဲ လိုင်းခန်းများသို့ ပြောင်း ရွှေ့ရမည် ဖြစ်သည်ဟု သိရသည်။
ထို့အပြင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းသို့ ပြေးဆွဲနေသော အဝေးပြေး ယာဉ်လိုင်းဂိတ် များလည်း တောင်ကြီး-တာချီလိတ် အဝေးပြေး လမ်းမကြီးပေါ်ရှိ မြို့နှင့် ၄ မိုင်ခန့် ကွာဝေးသည့် ယာဉ်ရပ်နား စခန်းသို့ ပြောင်းရွှေ့ရမည် ဖြစ်သည်ဟု ဆိုသည်။
သို့သော်လည်း လက်ရှိအချိန်တွင် ရှမ်းပြည်နယ်အတွင်း ပြေးဆွဲနေသည့် ယာဉ်ရပ်နားစခန်းမှာ တည်ဆောက်ရန် နေရာပင် မသတ်မှတ်ရသေး၍ TBG စက်သုံးဆီ အရောင်းဆိုင်၏ ခြံဝန်းထဲတွင် အငှားဖွင့်ရမည်ဟု ဆိုသည်။
“တောင်ကြီးမြို့က ကျန်တဲ့မြို့တွေထက် တည်ငြိမ်တယ်ပေါ့နော်။ စစ်ရှောင်တွေ လာစုနေကြတော့ လမ်းတွေ ကြပ်လာတယ်။ အဝေးပြေးကားတွေကို သပ်သပ်နေရာ သတ်မှတ်လိုက်ရင် မြို့ထဲနည်းနည်းတော့ ရှင်းလာ မလားပေါ့။ ကားတွေ အကုန်လုံးက အေးသာယာမှာပဲ ရပ်ရမယ် တောင်ပေါ် မတက်ရဘူး ဆိုရင်တော့ မဖြစ်နိုင် ဘူး ခက်ခဲလိမ့်မယ်။ အေးသာယာမှာ ဂိတ်ခွဲ ဖွင့်ထားမယ် ပြီးတော့ တောင်ပေါ်က ဆင်းလာတဲ့ ကားတွေက အေး သာယာမှာ အဝင်အထွက် စာရင်းပြရမယ် အဲ့လိုဆိုရင်တော့ နှစ်ဦးနှစ်ဘက် အဆင်ပြေမယ်” ဟု အဝေးပြေးကား စပါယ်ယာ (နောက်လိုက်) တစ်ဦး က ပြောသည်။
အဆိုပါ အဝေးပြးကားဂိတ်များအား ပြောင်းရွှေ့ရန် စည်ပင်မှ စာထုတ်ထားသော်လည်း မြို့တွင်းရှိ လူနေအိမ်ခန်း များတွင် ဖွင့်လှစ်ထားသည့် ကုန်တင်ကားကြီး ဂိတ်များကိုမူ တစ်စုံတစ်ရာမျှ ထုတ်ပြန်ခြင်း မရှိသေးသော ကြောင့် ကားမောင်းသူ အချင်းချင်းကြားတွင် ဝေဖန်သံများထွက်ပေါ်နေသည်ဟု သိရသည်။
ရန်ကုန်-မန္တလေး စသည့် ပြည်မ ဘက်မှလာသော အဝေးပြေး ယာဉ်လိုင်းများ အနေဖြင့် တောင်ပေါ် တက်ခွင့်မ ရပဲ အေးသာယာ ကားကြီးကွင်းတွင်သာ ကားရပ်ရမည် ဆိုပါက ခရီးသည်များ အနေဖြင့် တက္ကစီ ထပ်ငှားရမည် ဖြစ်သောကြောင့် ကုန်ကျစရိတ် ပိုလာနိုင်သည်ဟု အဝေးပြေးယာဉ်လိုင်း မောင်းသူများက ဆိုသည်။
တောင်ကြီးမြို့တွင် ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းပေါင်း ၁၀၀ ကျော်ရှိသည်ဟု သိရသည်။