စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ခေါင်းဆောင်များသည် မိုင်တဲလ် ဆက်သွယ်ရေးလုပ်ငန်းကို အသုံးပြု၍ အဂတိလိုက်စားမှုများရှိနေပြီး အဆိုပါ ဆက်သွယ်ရေး လုပ်ငန်းမှ တဆင့် စစ်တပ်ဖွဲ့စည်းပုံ အသေးစိတ် အချက်အလက်များ ဗီယက်နမ်စစ်တပ်ထံသို့ ပေါက်ကြားမှုများရှိနေကြောင်းသိရသည်။
ထို့သို့ မိုင်တဲလ် ဆက်သွယ်ရေးလုပ်ငန်းမှ တဆင့် စစ်ခေါင်းဆောင်များ အဂတိ လိုက်စားမှုများရှိနေကြောင်းကို Justice for Myanmar အဖွဲ့က ဇွန်လ ၁၈ရက်တွင် ထုတ်ပြန်ခဲ့သည်။
မိုင်တဲလ် ဆက်သွယ်ရေးလုပ်ငန်းသည် လေးနှစ်နီးပါးအတွင်း မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်များနှင့် ပြည်သူ့ဝန်ထမ်းများထံ သိန်းပေါင်းများစွာသော မိုင်တဲလ်ဆင်းကတ်များကို အခမဲ့ပေးအပ်ခဲ့ပြီး အဆိုပါဆင်းကတ် သုံးစွဲသူများသည် စစ်ဘက်ထောက်လှမ်းရေး၏ စောင့်ကြည့်ခြင်းကို ခံနေရသည်ဟု Justice for Myanmar အဖွဲ့က ဆိုထားသည်။
မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် “နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး” အကြောင်း အမြဲတမ်းပြောဆိုလျက်ရှိသော်လည်း ၎င်းတို့၏ စီးပွားရေး နှင့် ကိုယ်ကျိုးစီးပွားကိုသာ ပထမဦးစားပေးအဖြစ် ထားရှိကြောင်းကို မိုင်တဲလ်၏ ၂၀၁၈ ခုနှစ် ရောင်းချမှု အစီအစဉ်များက ပြသနေသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မိုင်တဲလ် လုပ်ငန်းကို Telecom International Myanmar ကုမ္ပဏီက လုပ်ကိုင်ဆောင်ရွက်ပြီး ၎င်းကုမ္ပဏီ၏ ရှယ်ယာရှင်များတွင် ဗီယက်နမ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global Investment နှင့် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ပါဝင်နေသည်။
မြန်မာစစ်တပ်သည် ဗီယက်နမ် စစ်တပ်ပိုင် ဗီယက်တဲလ်ဝန်ထမ်းများကို ကန့်သတ်ထားသည့် စစ်ဘက်အခြေခံ အဆောက်အအုံများ အထိ သွားရောက်ခွင့် ပေးအပ်ခဲ့ပြီး ထိုဝန်ထမ်းများက တာဝါတိုင်တည်ဆောက်ရေးအတွက် စစ်တပ်အခြေစိုက် စခန်းများ၏ မြေပုံများကို စုဆောင်းပြုစုခဲ့ပြီး ဖြစ်သည်ဟု Justice for Myanmar က ဖော်ပြသည်။
ထို့ပြင် မိုင်တဲလ်၏ အရောင်းမြှင့်တင်ရေး အစီအစဉ်အရ မိုင်တဲလ်ဝန်ထမ်းများသည် စစ်အခြေစိုက်စခန်း တစ်ခုချင်းဆီသို့ သွားရောက်ခဲ့ပြီး ဒေသခံတပ်ရင်း/တပ်မမှူးများ၏ အကူအညီဖြင့် စစ်ဘက်ဝန်ထမ်းများ၏ အမည်၊ ရာထူး၊ ကိုယ်ပိုင်နံပါတ် အပါအဝင် အချက်အလက်များကို ကောက်ယူခဲ့သည်။
ထိုသို့ကောက်ယူရာတွင် မြန်မာစစ်တပ်၏ စုစုပေါင်း အင်အားမှာ တပ်ရင်းတပ်ဖွဲ့ပေါင်း ၃၇၉ ခုတွင် စစ်သည်အင်အား ၃၈၆,၅၀၀ ဦး ရှိသည်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
“မြန်မာစစ်တပ်သည် ၎င်း၏ရာဇဝင်တွင် တစ်ခါမျှ မရှိခဲ့ဘူးသော စစ်တပ်၏ ဖွဲ့စည်းမှုပုံစံနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဗီယက်နမ် စစ်တပ်သို့ လက်လွှဲပေးအပ်ခဲ့သည်” ဟု Justice for Myanmar က ထုတ်ပြန်သည်။
လက်ရှိ တာဝန်ထမ်းဆောင်ဆဲ မြန်မာစစ်တပ်အဖွဲ့ဝင်များအားလုံး မိုင်တဲလ်ဆင်းကတ်ကို မသုံးမနေရ သုံးစွဲရန် လုပ်ဆောင်ထားသည်။ စစ်တပ် တပ်ရင်းတပ်ဖွဲ့ တစ်ခုချင်းစီ၏ ခေါင်းဆောင်များက ၎င်းတို့ကွပ်ကဲမှုအောက်ရှိ စစ်သည်များကို မိုင်တဲလ်ဖုန်းကွန်ရက် အသုံးပြုစေရန်နှင့် ပုံမှန်ဖုန်းငွေ ဖြည့်သွင်းစေရန် တို့အတွက် တာဝန်ယူဆောင်ရွက်ရသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
အဆိုပါ အစီအစဉ်၏ ရလဒ်အဖြစ် တာဝန်ထမ်းဆောင်ဆဲ စစ်မှုထမ်းများ၏ ၉၀ ရာခိုင်နှုန်း ဝန်းကျင်သည် မိုင်တဲလ်ကို မဖြစ်မနေ အသုံးပြုနေကြပြီး ထိုမှတဆင့် မြန်မာကျပ်ငွေ ကျပ်သန်းထောင်ပေါင်းများစွာသော ပမာဏရှိသည့် အမြတ်ဝင်ငွေကို လည်း နှစ်စဉ်ရရှိနေခြင်းဖြစ်သည်ဟုဆိုသည်။
မိုင်တဲလ်ဆက်သွယ်ရေးလုပ်ငန်းသည် မယုံနိုင်လောက်အောင် အမြတ်အစွန်း ကြီးမားသည့် လုပ်ငန်းဖြစ်ပြီး လုပ်ငန်းလည်ပတ်မှု ငါးနှစ်မြောက်မှစပြီး ဆယ်စုနှစ် တစ်ခုအတွင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ထက် ကျော်လွန်သည့် ဝင်ငွေရရှိလိမ့်မည်ဟု Justice For Myanmar က ခန့်မှန်းတွက်ချက်ထားသည်။
“စစ်တပ်ကို စီးပွားရေးနယ်ပယ်မှ ဖယ်ရှားခြင်းသည်သာလျှင် မြန်မာနိုင်ငံ၏ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရေးတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ပေလိမ့်မည်” ဟု Justice For Myanmar က ဆိုသည်။
စစ်ရာဇဝတ်ဂိုဏ်းအား လုံးဝဖျက်သိမ်းရန်၊ မိုင်တဲလ်ကို သပိတ်မှောက်ရန်၊ Telecom International Myanmar ကို အရေးယူဒဏ်ခတ်ပိတ်ဆို့ရန် ပြည်တွင်းနှင့် နိုင်ငံတကာကို တိုက်တွန်းထားကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။