တောင်ကုတ် အခြေစိုက် ခမရ(၃၄၆) နှင့်ခမရ(၅၄၄) တပ်ရင်းနှစ်ခုလုံးကို AA သိမ်းပိုက်

တောင်ကုတ် အခြေစိုက် ခမရ(၃၄၆) နှင့်ခမရ(၅၄၄) တပ်ရင်းနှစ်ခုလုံးကို AA သိမ်းပိုက်

ရခိုင်ပြည် တောင်ကုတ်မြို့ အခြေစိုက် ခမရ (၃၄၆) နှင့် ခမရ (၅၄၄) တပ်ရင်းနှစ်ခုစလုံးကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လိုက်ပြီဖြစ်ကာ လက်နက်မချဘဲ ထွက်ပြေးသွားသည့် စစ်သားများကို လိုက်လံရှင်းလင်းနေရာမှ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု ဒေသတွင်း စစ်ရေးရင်းမြစ်တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ မိသားစုရှိတဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ချတာများတယ်။ နောက်လက်နက်မချဘဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့လည်းရှိတယ်။ အေအေက လိုက်လံရှင်းလင်းနေတဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်” ဟု ပြောသည်။

တောင်ကုတ်မြို့ကနေ မြို့ပြင်ဘက်ကိုထွက်ပြေးနေကြပြီး ထွက်ပြေးရင်း ပြန်လည်ပစ်ခတ်နေသောကြောင့် အာရက္ခတပ်တော်မှ လိုက်လံရှင်းလင်းနေရကြောင်း နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။

“အမှတ်၅စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၅) ထဲက ခုခံတာရှိတယ်။ အဲဒီမှာကတော့ တော်တော်ပစ်ခတ်နေကြတယ်။ မနေ့က ညနေပိုင်းမှာ ခဏရပ်သွားတယ်။  ၃၄၆နဲ့ ၅၄၄က ထွက်ပြေးတဲ့ စစ်သားတွေ စကခ(၅)ထဲကို ရောက်တာလည်း ရှိတယ်။ သံတွဲ- တောင်ကုတ်လမ်းဖက် ပြေးတာရှိတယ်။ မနက်ဖန်လောက်ဆို စကခ ၅ ရော အကုန်ပြတ်လောက်တယ်”ဟု ပြောသည်။

နောက်ထပ် ဒေသခံတစ်ဦးကလည်း တပ်ရင်း ၂ ရင်းစလုံးကျသွားပြီဖြစ်ကြောင်း ပြောကြားသည်။

“တပ်ရင် ၂ ရင်းလုံးကျသွားပါပြီ။ ခိုင်လုံတဲ့ သူတစ်ဦးဆီက ဖုန်းဝင်လာပါတယ်။ သူက တောင်ကုတ်က စီးပွားရေး လုပ်ငန်းရှင်တစ်ဦးပါ။ တပ်ရင်း ၂ ရင်းကျတာ အတည်ပြုနိုင်ပါတယ်” ဟု ပြောကြားသည်။

၎င်းပြင် အမှတ် (၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အတွင်း ကျန်ရှိနေသည့်တပ်ဖွဲ့ဝင်များ အကြားတွင်လည်း  အာရက္ခတပ်တော်၏ လက်နက်ချရန် ကမ်းလှမ်းမှုအား လက်ခံသူနှင့် လက်မခံသူများအကြား သဘောထားကွဲလွဲမှုများရှိကာ လက်မခံသူများက ခုခံနေ၍ တိုက်ပွဲများ ဆက်လက်တိုက်ပွဲဖြစ်နေခဲ့ကြောင်း သိရသည်။

“ခြေမြန်တပ်ရင်းနှစ်ရင်းက အရာရှိတချို့ပြီးခဲ့တဲ့ အပတ်က ပဲခူးဘက်ထွက်ပြေးတယ် ကြားတယ်။ အဲ့တော့ စကခ(၅)က တပ်မမှူးက စိတ်ဓာတ်စစ်ဆင်ရေးတွေ လုပ်ပြီး ပြန်တိုက်ခိုင်းတာစစ်သား မိသားစုတွေရှောင်နေတာကြာပြီ။ အခုလက်နက်ချတာမှာက တပ်သားတွေ နည်းသွားပြီလို့ သိရပါတယ်”ဟုပြောသည်။

တောင်ကုတ်စကခ (၅) လက်အောက်ရှိ ခြေမြန်တပ်ရင်းခမရ (၃၄၆) နှင့်ခမရ (၅၄၄) တပ်ရင်းတို့အား သိမ်းပိုက်ခြင်းနှင့်ပတ်သက်ပြီး အာရက္ခတပ်တော်(AA)ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းထားသော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးပါ။

ယခုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများအကြား စိတ်ဝမ်းကွဲပြားကာ အောက်ခြေစစ်သားများမှာ အမိန့်နာခံမှုမရှိတော့ဘဲ ဖရိုဖရဲ ထွက်ပြေးနေကြသည်ဟု သိရသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ၂၅ရက်နေ့၊ ညနေ၄နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီသည် တောင်ကုတ်မြို့ကို Jet Fighter ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကန်ဘေးရပ်ကွက်မှ ပြည်သူပိုင် နေအိမ်အချို့နှင့်ညစျေးမီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

December 20, 2024
ရခိုင်က ဂွမြို့နယ်မှာ ပြင်းထန်စွာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့...
December 17, 2024
ရခိုင်ပြည်တွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ပြည်မဘက်သို့ စစ်ဘေးရှောင်သွားရာတွင် ဖြတ်သန်း...
December 17, 2024
အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းရှိ နေရာအများအပြားကို အာရက္ခတပ်တော် (AA...
ဓာတ်ပုံ - ပုံဟောင်းသာ
December 16, 2024
ဧရာ၀တီတိုင်း ပင်လယ်ကမ်းခြေ မြို့နယ်ခွဲတစ်ခုဖြစ်သော ငွေသောင်ယံတွင် စစ်ဘေးရှောင်နေကြသည့်...