စစ်ကောင်စီ၏ ကျောက်တော်မြို့ ဗုံးကြဲမှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် လေကြောင်းအန္တရာယ်ကိုစိုးရိမ်၍ မြို့ခံတချို့သည် ယခုရက်ပိုင်းအတွင်း မြို့ကိုစွန့်ခွာမှုရှိနေကြောင်း သတင်းရရှိသည်။
ကျောက်တော်မြို့ကို စစ်ကောင်စီက ထပ်မံလေကြောင်းက ဗုံးကြဲတိုက်ခိုက်လာမည့်အန္တရာယ်ကို ကြောက်လန့်၍ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူတချို့မှာ မြို့မှ ယာယီစွန့်ခွာနေကြကြောင်း မြို့ခံများက ပြောသည်။
မြို့ခံ အမျိုးသမီးတစ်ဦးက "အခုရက်ပိုင်း ကျွန်မတို့အသိတွေ မြို့က ထွက်နေကြတာရှိတယ်။ တခြားရပ်ကွက်တွေကလည်း ထွက်နေကြတာရှိတယ်။ လေကြောင်းအန္တရာယ် စိုးရိမ်လို့" ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
သို့သော်လည်း အလုံးအရင်းနှင့် မြို့ကိုစွန့်ခွာခြင်းမဟုတ်ဘဲ ပြည်နယ်၏မြို့တော် စစ်တွေအနီး တိုက်ပွဲများဖြစ်နေစဉ် ကျောက်တော်မြို့ကို ပစ်မှတ်ထားတိုက်ခိုက်လာမည်ကို စိုးရိမ်၍ မိသားစုအချို့သာ အသီးသီး စွန့်ခွာနေကြခြင်းဖြစ်ကြောင်း ပြောသည်။
ကျောက်တော်မြို့ခံ အမျိုးသမီးက "စစ်တွေဘက်လည်း တိုက်ပွဲတွေဖြစ်နေတယ်။ စစ်တွေမှာ တိုက်ပွဲဖြစ်တော့ ပုဏ္ဏားကျွန်းနယ်ဘက်တွေလည်း ဗုံးကြဲခံရတာတွေရှိတယ်။ ကျောက်တော်ကိုထပ်ပြီး ပစ်မှတ်ထားလာမှာကို စိုးရိမ်ကြတယ်" ဟု ပြောသည်။
လက်ရှိတွင် ပြည်နယ်မြို့တော် စစ်တွေမြို့ပြင်ဖြစ်သည့် ဝါဘို၊ မင်းလှ၊ ညိုရောင်ချောင်းတို့ဘက်တွင် စစ်ကောင်စီနှင့် AA တို့ နှစ်ဘက်လက်နက်ကြီး/ငယ်ပစ်ခတ်မှုများရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး AA ၏ ဇန်နဝါရီ ၂၇ ရက် ထုတ်ပြန်ချက်တွင်လည်း "စစ်တွေမြို့ အနီးပတ်ဝန်းကျင်၌ နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်း ပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့တိုင်းရှိနေခဲ့သည်" ဟု ဖော်ပြထားသည်။
စစ်တွေတိုက်ပွဲဂယက်ကို စိုးရိမ်၍ ကျောက်တော်မြို့မှ ပြည်သူတချို့ မြို့မှ ယာယီစွန့်ခွာမှုရှိနေသည်မှာ မှန်ကန်ကြောင်း အာရက္ခပြည်သူ့အစိုးရ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ အတည်ပြုသည်။
"အများကြီး အုတ်အော်သောင်းနင်းတော့ မဟုတ်ပါဘူး။ တချို့ မိသားစုတွေလောက်သာ နယ်ဘက်တွေကို ရှောင်ကြတာတော့ တွေ့မိတယ်" ဟု ပြောသည်။
ဇန်နဝါရီလ ၁၁ ရက်ကလည်း ကျောက်တော်မြို့ပေါ် လူနေထူထပ်သည့် နေရာများကို စစ်ကောင်စီက လေယာဉ်နှင့် ၃ ကြိမ် လာရောက်ဗုံးကြဲခဲ့သည့်အတွက် အရပ်သား ၉ ဦးထက်မနည်း သေဆုံးပြီး ၁ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု AA က ထုတ်ပြန်ခဲ့သည်။
ယင်းအပြင် ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ဝ ရက်၊ ညနေပိုင်းကလည်း ကျောက်တော်မြို့ပေါ်ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၄ ဦးသေဆုံးပြီး ၂ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယခုရက်ပိုင်းအတွင်းတွင်လည်း ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်မည်ဟု ကောလဟလသတင်းများလည်း ထွက်ပေါ်လျက်ရှိရာ ပြည်သူများ စိုးရိမ်ကြောက်လန့်နေကြရသည်ဟု သိရသည်။
အချို့ဆို ဈေးရောင်းမထွက်ဘဲ ဈေးဆိုင်ခန်းများအား ပိတ်သိမ်းထားကာ နေအိမ်များအတွင်းသာ စိုးရိမ်ကြောက်လန့်စွာ နေထိုင်နေကြကြောင်း သိရသည်။
စစ်ရှုံးစစ်ကောင်စီသည် ရခိုင်လွတ်မြောက်မြို့နယ်များတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ အုပ်ရေးယန္တရားများကို မလည်ပတ်နိုင်အောင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။
လေကြောင်းဗုံးကြဲတိုက်ခိုက်ရာတွင် အပြစ်မဲ့ ရခိုင်အရပ်သားပြည်သူများသာမက AA က ကောင်းမွန်စွာထိန်းသိမ်းထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များလည်း အစုလိုက်အပြုံလိုက် သေဆုံးမှုရှိနေသည်။
ဇန်နဝါရီလ ၁၈ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ရမ်းချောင်းကျေးရွာအနီးတဝိုက် စစ်သုံ့ပန်းများထားသည့်နေရာကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်၍ စစ်သုံ့ပန်းမိသားစုဝင် အမျိုးသမီးများအပါဝင် ၂၈ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သည်။