ရွာအနီး တိုက်ပွဲမဖြစ်ရန် ရှမ်းတပ်၂ ဖွဲ့အား ဒေသခံများတောင်းဆို

ရွာအနီး တိုက်ပွဲမဖြစ်ရန် ရှမ်းတပ်၂ ဖွဲ့အား ဒေသခံများတောင်းဆို
၂၀၂၁ ခုနှစ်အတွင်း RCSS နှင့် SSPP အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန် ရှမ်းပြည်လူငယ်များ ဆန္ဒပြပုံ။
၂၀၂၁ ခုနှစ်အတွင်း RCSS နှင့် SSPP အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန် ရှမ်းပြည်လူငယ်များ ဆန္ဒပြပုံ။

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် SSPPနှင့် RCSS သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ပန်းပွဲကျေးရွာတွင် စစ်ရေးတင်းမာနေပြီး အရပ်သားများ၏လုံခြုံရေးအတွက် ကျေးရွာအနီးတိုက်ပွဲမဖြစ်ရန်ဒေသခံများက တောင်းဆိုသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / ရှမ်းပြည်တပ်မတော် (RCSS/SSA)တို့သည် ပန်းပွဲကျေးရွာတွင် နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အရပ်သားတဦး သေဆုံးခဲ့သည်။ ထို့ကြောင့် ရွာအနီးတိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေသည်။

”ရွာနားမှာတော့ SSPP တပ်ဖွဲ့ဝင်တွေ ဆက်ရှိနေသေးတယ်။ တိုက်ပွဲဖြစ်မှာကို စိတ်ပူတယ်။ ရှမ်းအချင်းချင်းဖြစ်နေတာ။ ကျနော်တို့ကတော့ ရွာနဲ့ လုံးဝမပတ်သက်တာကို လိုချင်တာပေါ့ဗျာ ” ဟု ဒေသခံတဦးက ပြောသည်။

မီးရှို့ခံထားရသည့် နေအိမ်နှင့် SSPP စခန်း။

ရွာအနီး၌ တိုက်ပွဲဖြစ်ပွားပါက အရပ်သားများ ထိခိုက်နိုင်မည့် အခြေအနေကို နှစ်ဖက်တပ်ဖွဲ့ခေါင်းဆောင်များ နားလည်ရန် လိုအပ်ကြောင်းဒေသခံအချို့က ပြောသည်။

RCSSတပ်ဖွဲ့ဝင်များသည် ပန်းပွဲကျေးရွာအနီးရှိ SSPPတပ်စခန်းရှိရာကို နိုဝင်ဘာ ၂၅ ရက်နေ့က စစ်ကြောင်းထိုးလာပြီးနောက် စခန်းကိုမီးရှို့သွားကာ တပ်ဖွဲ့ဝင်ရှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း SSPP က ထုတ်ပြန်ထားသည်။ ယင်းအပြင် ပန်းပွဲကျေးရွာလူကြီး ဦးကန်ခမ်းအား ပစ်သတ်ပြီးနောက် နေအိမ်ကို မီးရှို့ကာ အရပ်သားတဦးကိုလည်း ဖမ်းဆီးသွားကြောင်း SSPP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပန်းပွဲကျေးရွာတွင် ယခင်က RCSS တပ်ဖွဲ့ဝင်များ ရှိပြီး ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းခန့်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ကာ လက်ရှိတွင် SSPP တပ်ဖွဲ့များ နေရာယူထားကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်သူလူထု၏ ဆန္ဒအတိုင်း ရှမ်းတပ်နှစ်ဖွဲ့ အပစ်ရပ်ပြီး ပေါင်းစည်းနိုင်ရန်ညိုနိုင်းရေး လုပ်ဆောင်နေစဥ် တိုက်ပွဲများမဖြစ်ပွားစေရန် ထိန်းသိမ်းနေသည်ကို RCSS က အခွင့်ကောင်းအဖြစ် အသုံးချတိုက်ခိုက်ခြင်းဖြစ်ကြောင်း SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မီးရှို့ခံထားရသည့် နေအိမ်နှင့် SSPP စခန်း။

လတ်တလော ဒေသတွင်းအခြေအနေများနှင့်ပတ်သက်၍ RCSSလက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ နောက်ဆက်တွဲအခြေအနေများကို မေးမြန်းရန် နှစ်ဖွဲ့စလုံးအား ဆက်သွယ်သော်လည်းအဆက်အသွယ် မရရှိသေးပေ။

ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နှစ်ခုသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလတွင် လဲချားမြို့၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာခဲ့သလို စိုးမိုးနယ်မြေများမှ အရပ်သားများအား ဖမ်းဆီးမှုနှင့် ပတ်သက်၍လည်း လူထု၏ ပြစ်တင်ဝေဖန်မှုခံခဲ့ရသည်။ ၂၀၂၃ နိုဝင်ဘာ ၂၉ ရက်နေ့တွင် ဗဟိုဌာနချုပ်အသီးသီး၌ နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကာ ပစ်ခတ်တိုက်ခိုက်မှုကို တရားဝင်ရပ်စဲကြောင်း ထုတ်ပြန်ခဲ့သည်။

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ အပစ်ရပ်ခြင်းကို ကြိုဆိုကြောင်းနှင့် စစ်အာဏာရှင်တော်လှန်ရေး၌ ပူးပေါင်းပါဝင်စေလိုကြောင်း ရှမ်းအရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံများက တောင်းဆိုခဲ့ကြသည်။ သို့သော်အပစ်ရပ်ကြောင်း ထုတ်ပြန်ပြီးနောက်ပိုင်းတွင်လည်း ရှမ်းတပ်ဖွဲ့နှစ်ခုကြား တင်းမာမှုများ ဆက်ရှိနေဆဲဖြစ်သည်။

RCSSသည် စစ်ကောင်စီကကိုင်စွဲထားသည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် လက်မှတ်ထိုးထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)တွင် ပါဝင်သည်။

SSPP သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) အပါအဝင် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခုနှစ်ဖွဲ့ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)အဖွဲ့ဝင် ဖြစ်သည်။

January 27, 2025
ဓါတ်ပုံ - အခမ်းအနားတခုတွင် စစ်ရေးပြနေသည့် စစ်ကောင်စီ အမျိုးသမီးစစ်သည်များ (ဓါတ်ပုံ - စစ်ကောင်စီ...
January 24, 2025
ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်တွင် စစ်ကောင်စီ၏ ဗုံးကြဲပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့်နေအိမ်များ (...
မန္တလေးတွင် လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးနေသည့် စစ်ကောင်စီတပ်။ (ပုံ – အဟောင်း)
January 23, 2025
အာဏာသိမ်းစစ်ကောင်စီက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ကာ ၂ လအတွင်း ကလေးငယ်တဦးအပါအဝင်...
January 22, 2025
ဧရာဝတီတိုင်းနယ်စပ်တွင် ပြင်းထန်လာသည့် တိုက်ပွဲများကြောင့် ချောင်းသာကမ်းခြေမှ ဒေသခံများ...