ကချင်အထူးဒေသ(၁)သတ်မှတ်ချက် KIA ဖျက်သိမ်းပြီး ရင်းနှီးမြုပ်နှံမှုဖိတ်ခေါ်

ကချင်အထူးဒေသ(၁)သတ်မှတ်ချက် KIA ဖျက်သိမ်းပြီး ရင်းနှီးမြုပ်နှံမှုဖိတ်ခေါ်

စစ်အာဏာရှင်အစိုးရများသတ်မှတ်ခဲ့သည့် ကချင်အထူးဒေသ(၁)သတ်မှတ်ချက်ကို ဖျက်သိမ်းပြီး ဌာ‌နေပြည်သူများနှင့် ရင်းနှီးမြုပ်နှံသူများအနေဖြင့် စိုးရိမ်စိတ်မထားဘဲ ဒေသဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ရန် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO)က ဖိတ်ခေါ်လိုက်သည်။

ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေးများဆုံးရှုံးထိခိုက်မှုမဖြစ်စေဘဲ လူသားချင်းစာနာထောက်ထားမှုအခြေခံသည့် မူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ပြန်လည်ကြိုးစားတည်ဆောက်သွားမည်ဟု ယနေ့ (နိုဝင်ဘာ ၂၈ ရက်) ထုတ်ပြန်ချက်၌ KIO က ဖော်ပြထားသည်။

“မြေရှားသတ္ထုလည်းရှိပါတယ်။ ရေအားလျှပ်စစ်လုပ်ငန်းတွေ အခြားသတ္ထုတူးဖော်တာတွေလည်းရှိပါတယ်။ အဲ့တာကြောင့် အရင်ကတော့ အထူးဒေသ (၁) ဆိုတဲ့ အဖွဲ့နဲ့ ခွင့်ပြုထားတဲ့ ကုမ္ပဏီတွေ စီမံကိန်းတွေ အများကြီးရှိမှာပါ။ အဲ့တာတွေအနေနဲ့ သူတို့ရင်းနှီးမြုပ်နှံမှုတွေ ဆုံးရှုံးသွားမှာလားဆိုတာ စိတ်ပူနေသူတွေရှိမှာပါ။ ဒါကြောင့် ဘာမှ စိတ်ပူစရာမလိုတဲ့အကြောင်း ကျွန်တော်တို့နဲ့ ပြန်ပြီးပူးပေါင်းလုပ်ကြဖို့ပြောတာ ဖြစ်ပါတယ်” ဟု KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမကို ပြောသည်။

ကချင်လူမျိုးများသည် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးအတွက် ပြည်ထောင်စု ဖွဲ့စည်းမှုအဆင့်ဆင့်တွင် ပါဝင်ကြိုးပမ်းခဲ့ကြသော်လည်း လွှတ်တော်တွင်း ညှိုနှိုင်းမှုများမအောင်မြင်သည့်အတွက် မလွှဲမရှောင်သာသည့်အဆုံး လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်ဟု ရှင်းပြထားသည်။

ကချင်အထူးဒေသ (၁) နယ်မြေတွင်ဆော့လော်၊ ချီဖွေ၊ ဆဒုံး၊ပန်ဝါ၊ ကန်ပိုင်တီမြို့တို့ပါဝင်ပြီး လက်ရှိတွင် အဆိုပါဒေသတခုလုံးကို KIA မှ တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

ထိုဒေသကို KIA မှခွဲထွက်ခဲ့သည့် ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ပြည်သူ့စစ်က ထိန်းချုပ်ခဲ့ပြီးနောက် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရမှ ကချင်အထူးဒေသ (၁) အဖြစ်နယ်မြေသတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

KIOက ယနေ့ထုတ်ပြန်သည့် အချက်ခုနစ်ချက်ပါ ကြေညာချက်တွင် “ယခုမှစ၍ ကချင်အထူးဒေသ (၁) ဟူသော သတ်မှတ်ချက် မရှိတော့ပါ” ဟု ဖော်ပြထားသည်။

အဆိုပါဒေသသည် နာမည်ကျော် မြေရှားသတ္တု များထွက်ရှိရာဒေသဖြစ်ပြီး ဦးဇခုန်တိန့်ယိန်းက နှစ်ပေါင်း ၃၀ ခန့်အုပ်ချုပ်ခဲ့သည်။ မြေရှားသတ္ထုလုပ်ကွက်ပေါင်း ၃၀၀ နီးပါးရှိပြီး တကမ္ဘာလုံး မြေရှားထုတ်လုပ်မှုပမာဏ၏ ၅၀ ရာခိုင်နှုန်းကျော်သည် ယင်းဒေသမှ ထွက်ရှိပြီး စစ်အာဏာသိမ်းပြီးနောက်သုံးနှစ်ကျော်အတွင်း မြေရှားသတ္တုတရားမ၀င်တင်ပို့ရောင်းချမှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံအထိ ရှိခဲ့ကြောင်း Global Witness အဖွဲ့ က ၂၀၂၄ မေလ တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ဒေသများအနက် ကန်ပိုက်တီ တရုတ်−မြန်မာနယ်စပ်ဂိတ်သည် တရုတ်−မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ဂိတ်ကြီးငါးခုအနက် တခုဖြစ်သည်။ စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃.၂၇၉ ဘီလျံရှိပြီး ထို့အနက် ကန်ပိုက်တီနယ်စပ်ဂိတ်မှ ၂၀၈ သန်းရရှိခဲ့သည်ဟု ဆိုသည်။ လက်ရှိတွင် ကန်ပိုက်တီနယ်စပ်ဂိတ်မှာ တရားဝင်ပြန်လည်ဖွင့်လှစ်ထားသည့် အခြေအနေမဟုတ်သေးသော်လည်း ကုန်စည်ဝင်ရောက်မှုအချို့ရှိနေကြောင်း ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

Most read this week

ဖာပွန်မြို့သိမ်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံအချို့ (ဓါတ်ပုံ- KNU- Mutraw News) (ပုံဟောင်းဖြစ်ပါသည်)
November 27, 2024
ကရင်ပြည်နယ်၊ ဖာပွန်-ကမမောင်းလမ်းတလျှောက် စစ်ကောင်စီကစစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ...
၂၀၂၁ ခုနှစ်အတွင်း RCSS နှင့် SSPP အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန် ရှမ်းပြည်လူငယ်များ ဆန္ဒပြပုံ။
November 27, 2024
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် SSPPနှင့် RCSS သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊...
“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- AFP)
November 26, 2024
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ကိုးခုကို ဖယ်ရှားရန် ထိုင်းဘက်က...
ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...