ဧရာဝတီတိုင်း လယ်ယာမြေများအတွင်း ရွှေခရုကျရောက်မှု ပိုမိုများပြားလာ၍ တောင်သူများ အခက်ကြုံ

ဧရာဝတီတိုင်း လယ်ယာမြေများအတွင်း ရွှေခရုကျရောက်မှု ပိုမိုများပြားလာ၍ တောင်သူများ အခက်ကြုံ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်များရှိ မြို့နယ်များတွင်ရှိ စိုက်ပျိုးပြီး လယ်ယာမြေများအတွင်း ရွှေခရုကျရောက်မှုများပိုမိုများပြားလာပြီး မည်သည့်အကူအညီမှ မရရှိသောကြောင့် ရာသီချိန်မီ ထပ်မံ စိုက်ပျိုးရန် အခက်အခဲများဖြင့် ကြုံတွေ့နေရသည်။

တောင်သူများ ဆက်သွယ်ပေးပို့လာသည့် သတင်းချက်အလက်များကို စုဆောင်းထားသည့် စိုက်ပျိုးရေးကုမ္ပဏီတစ်ခု၏ စာရင်းများအရ မြောင်းမြခရိုင်အတွင် ဧက ၈၀၀ ကျော်၊ မအူပင်ခရိုင်အတွင်း ဧက ၄၀၀ ကျော်နှင့် ဖျာပုံခရိုင်အတွင်း ဧက ၂၀၀ ကျော်တို့တွင် ရွှေခရုများ ကျရောက်ခဲ့ပြီး စိုက်ပျိုးပြီး လယ်မြေဧက၏ ၇၀ ရာခိုင်နှုန်းကို ရွှေခရုများ ကိုက်ဖြတ်စားသုံးခဲ့ကြောင်း သိရသည်။

“ စိုက်ပျိုးရေးဌာနက စာရင်းလည်း လာမကောက်သလို ဘာမှလည်း လာမကြည့်ဘူး။ ကျွန်တော်တို့ အကြောင်းကြားပါတယ် မလာတာပါ။ ကြဲခင်းချပြီးတော့ တစ်ပတ်ကျော်ပဲကြာတယ် ရွှေခရုဝင်လာပြီး အကုန်ကိုက်သွားတာ။ သင်္ဘောရွက်တွေ ဒူးရင်းခွံတွေနဲ့ ခရုကိုမျှားတာပဲ မနိုင်တော့ဘဲ အကုန်ကိုက်တာ။ ဆေးကစျေးကြီးတော့ မဝယ်နိုင်ဘူး။ အဲ့ဒါကြောင့် ပိုဆိုးသွားတယ်။ အခု ထယ်ရေးပြင်ပြီး ပျိုးထပ်ကြဲဖို့တောင် ပျိုးမရှိလို့ လိုက်ငှါးတာ မရသေးလို့ မစိုက်ရသေးဘူး” ဟု အိမ်မဲမြို့နယ်အတွင်း လယ် ၁၆ ဧက စိုက်ပျိုးခဲ့ကာ ရွှေခရုကြောင့် ၁၁ ဧကကျော် ထိပျက်စီးခဲ့ရသည့် တောင်သူတစ်ဦးက ပြောသည်။

လယ်ယာမြေများအတွင်း ရွှေခရုကျရောက်နေမှုကို စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခြင်းမရှိသလို ပျက်စီးဆုံးရှုံးမှုများကို စာရင်းကောက်ယူမှုနှင့် ပျိုးနှင့် နည်းပညာ ကူညီဆောင်ရွက်ပေးမှုများ လုပ်ဆောင်ထားခြင်းမရှိကြောင်း တောင်သူများထံက သိရသည်။

ယခုနှစ် စိုက်ပျိုးချိန်တွင် ရွှေခရုဆိုးဝါးစွာ ကျရောက်နေခြင်းမှာ တောင်သူများအနေဖြင့် သွင်းအားစုကုန်ကျစရိတ်များ လောက်ငှခြင်းမရှိခြင်းကြောင့် လယ်ယာမြေများ စတင်ပြုပြင်စဉ်ကပင် ပေါင်းသတ်ဆေး၊ ခရုသတ်ဆေး မသုံးစွဲနိုင်ခြင်း၊ ရေသွင်းရာတွင် ယင်းလိပ်အကာအကွယ်များ ဝယ်ယူအသုံးမပြုနိုင်ခြင်းကြောင့် ဖြစ်ပေါ်နေခြင်းဟုလည်း တောင်သူများကဆိုသည်။

“ ပျိုးထောင်ပြီးမှ ရွေ့စိုက်ရင်လည်း အခုလောက် အထိမနာဘူး။ ဒီနှစ်က ပျိုးထောင်စိုက်ဖို့ အရင်းအနှီးမလောက်လို့ ကြဲစိုက်တာ။ ထယ်ရေးချထဲက ထုံးလည်း မကြဲနိုင်ဘူး။ စနေးဆိုက်၊ အီရာဒီဟိုက်၊ ဂိုးဒင်းကီးတွေလည်း ဝယ်မသုံးနိုင်ဘူး။ အဲ့ဒီတော့ ခံရတာပေါ့။ အခုပြန်စိုက်ဖို့ ပျိုးမရှိတော့ဘူး။ ဆန်စပါးအသင်းက သူဌေးတစ်ယောက်ကတော့ ကျွန်တော်တို့ကို ပျိုးလှူဖို့ ပြင်နေတယ်လို့ ပြောတယ်။ ရခဲ့ရင် တော်သေးတယ်။ မရခဲ့ရင်တော့ လက်ကျန်တွေကို မျိုးအောင်မအောင်ကြဲပြီးတော့ ရသလောက်ပဲ ယူရမယ်” ဟု ကျိုက်လတ်မြို့နယ်အတွင်း ရှစ်ဧက စိုက်ပျိုးကာ ခုနစ်ဧက ကျော် ရွှေခရုကျရောက် ဖျက်ဆီးခံခဲ့ရသည့် တောင်သူတစ်ဦးကလည်း ပြောသည်။

ဧရာဝတီတိုင်းအတွင်း မိုးစပါး စိုက်ပျိုးဧကမှာ ၃ ဒသမ ၇ သန်းကျော် ရှိသော်လည်း ယခုနှစ်တွင် အမှန်တကယ်စိုက်ပျိုးနိုင်သည့် မြေဧကမှာ နည်းပါးနေကြောင်း မြေပြင်သတင်းအချက် အလက်များအရသိရသည်။

ရွှေခရုကို ကာကွယ်နှိမ်နင်းနိုင်ရန် ပျိုးခင်းများကို ကုန်းမြင့်များတွင် ဘောင်ဖြင့် စိုက်ပျိုးကာ ပျိုးသက်ရင့်စေပြီးမှ ပျိုးသက် ၂၅ ရက်မှ ၃၀ ရက်အကြားတွင် ပျိုးနုတ်ကာ စိုက်ပျိုးခြင်း၊ ကြဲခင်းများဖြစ်ပါက ပိုးသတ်ဆေးများ ကြိုတင်ပက်ဖြန်းခြင်း၊ ထယ်ရေးမချခင် တစ်ဧကလျှင် ထုံး ၁၅၀ပိဿာနှုန်း၊ ထယ်ရေးပြင်ချိန်တွင် တစ်ဧကလျှင် ဆေးရွက်ကြီးမှုန့်နှင့် တမာကြိတ်ဖက် တင်းဝက်ခန့် ထည့်သွင်းခြင်းဖြင့် ကာကွယ်နိုင်ပြီး စတင်စိုက်ပျိုးချိန်တွင် ပေါင်းမြက်များ ရှင်းလင်းခြင်း ရေသွင်းမြောင်းများတွင် ယင်းလိပ်များ အဆင့်ဆင့် ခံထားခြင်းဖြင့် ကာကွယ်နိုင်ကြောင်း ဆိုသည်။

ရွှေခရုဖျက်ဆီးမှုကို ကြုံတွေ့ခဲ့ရသည့် တောင်သူများမှာ မျိုးလိုအပ်ချက်များရှိနေပြီး အချိန်မီ မျိုးစပါးများ မရရှိပါက ယခုနှစ် စိုက်ပျိုးရာသီကို စွန့်လွှတ်ရမည်ဖြစ်နေကြောင်း တောင်သူများထံမှ သိရသည်။

Most read this week

November 28, 2024
စစ်အာဏာရှင်အစိုးရများသတ်မှတ်ခဲ့သည့် ကချင်အထူးဒေသ(၁)သတ်မှတ်ချက်ကို ဖျက်သိမ်းပြီး ဌာ‌...
ဖာပွန်မြို့သိမ်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံအချို့ (ဓါတ်ပုံ- KNU- Mutraw News) (ပုံဟောင်းဖြစ်ပါသည်)
November 27, 2024
ကရင်ပြည်နယ်၊ ဖာပွန်-ကမမောင်းလမ်းတလျှောက် စစ်ကောင်စီကစစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ...
၂၀၂၁ ခုနှစ်အတွင်း RCSS နှင့် SSPP အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန် ရှမ်းပြည်လူငယ်များ ဆန္ဒပြပုံ။
November 27, 2024
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် SSPPနှင့် RCSS သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊...
“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- AFP)
November 26, 2024
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ကိုးခုကို ဖယ်ရှားရန် ထိုင်းဘက်က...