ဒီးမော့ဆိုနှင့် နန်းမယ်ခုံအကြား နေရာအချို့ သွားလာခြင်း မပြုရန် KNDF တားမြစ်၊ အမျိုးသမီး ကွန်မန်ဒိုများ တိုက်ပွဲ စတင်

ဒီးမော့ဆိုနှင့် နန်းမယ်ခုံအကြား နေရာအချို့ သွားလာခြင်း မပြုရန် KNDF တားမြစ်၊ အမျိုးသမီး ကွန်မန်ဒိုများ တိုက်ပွဲ စတင်

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် နန်းမယ်ခုံမြို့ ကြားရှိ ပူဖားကျေးရွာတွင် စစ်ကောင်စီတပ်နှင့် KNDF တပ်ရင်း-၆ တို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး တိုက်ပွဲများ ပြင်းထန်လာနိုင်သောကြောင့်  ထိုနေရာများသို့ ပြည်သူများ သွားလာခြင်း မပြုကြရန် KNDF တပ်ရင်း (၆) မှ သတိပေး ပြောကြားလိုက်သည်။

တိုက်ပွဲမှာ ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် ပူဖားရွာအတွင်း စစ်ကောင်စီတပ်နှင့် KNDF တပ်ရင်း-၆ တို့ ၄၅ မိနစ်ကျော် အကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ပြည်သူတွေအနေနဲ့ စစ်ကောင်စီ ရှိတဲ့နေရာတွေကို ရှောင်ပြီးသွားကြပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ရှိတဲ့ နေ ရာတွေမှာ အချိန်မရွေး ထိတွေ့တိုက်ပွဲတွေ ဖြစ်နိုင်တယ်။ ပြည်သူတွေ ဖြတ်သွားလို့ မရတဲ့ နေရာတွေကို ကျ နော်တို့အနေနဲ့ ရွာတွေမှာ စာကပ်ပြီး ကြေညာပေးတယ်။ အွန်လိုင်းပေါ်ကလည်း မကြာခဏ ကြေညာပေး တယ်။ သူတို့ရှိတဲ့ နေရာတွေကို မသွားသရွေ့တော့ ပြည်သူတွေ လုံခြုံပါတယ်။ ဒါပေမယ့် သူတို့ လက်နက်ကြီး နဲ့ ရမ်းထုရင်တော့ မတတ်နိုင်ဘူးပေါ့နော်။ သူတို့ကတော့ ရမ်းပစ်မှာပဲ။ သူတို့မှာ စစ်တိုက်တယ် ဆိုပေမယ့် စည်းတွေဘောင်တွေ မရှိဘူး။ သူတို့ ပစ်ချင်တဲ့နေရာ ရမ်းပစ်တယ်။ ရွာသားတွေကိုလည်း ဓါးစားခံ လုပ်နေ တယ်” ဟု KNDF တပ် ရင်း-၆ ၏ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောသည်။

ထိုပူဖားကျေးရွာ တိုက်ပွဲအတွင်း ပထမဦးဆုံး ပွဲဦးထွက်အနေဖြင့် KNDF တပ်ရင်း-၆ မှ အမျိုးသမီး ကွန်မန်ဒို နှစ်ဦး ပါဝင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ပူဖားကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၆၀-မမ နှင့် ၄၀-မမ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် KNDF တပ်ရင်း ၆ က ပြန်ဆုတ်ခွာခဲ့ရသည်ဟု ပြန်ကြားရေး တာဝန်ခံက ဆက်ပြောသည်။

ထိုသို့ ရုတ်တရက် ဆုတ်ခွာလာရသောကြောင့် စစ်ကောင်စီဘက်တွင် ၃ ဦးနှင့်အထက် ထိခိုက်မှု ရှိနိုင်သော်လည်း ကျဆုံးစာရင်းကို အတည်မပြုနိုင်သေးဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကြောင့် KNDF တပ်ရင်း ၆ က နှစ်ဦး ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ မရှိဘူး ဟု သိရသည်။

KNDF တပ်ရင်း (၆) မှ တာဝန်ရှိသူ တစ်ဦးက “ထိတွေ့တိုက်ပွဲ ဖြစ်ပေမယ့် ကျနော်တို့ သူတို့ဆီကို အရမ်း မချဉ်း ကပ်နိုင်ခဲ့ဘူးပေါ့နော်။ အဲ့ဒီအတွက် အားရကျေနပ်မှုတော့ မရှိဘူးပေါ့နော်။ သူတို့ လက်နက်ကြီးပစ်ကူလို့ ပြန် ဆုတ်လာရတယ်။ ဆိုတော့ မစ်ရှင် အောင်တယ်လို့တော့ ပြောလို့မရဘူးပေါ့။ တစ်ဖက်မှာကလည်း ကျနော်တို့ ဆက်တက်ရင် ပြည်သူ ထိမှာ ကြောက်တယ်ပေါ့နော်” ဟု ပြောသည်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာကျေးရွာအုပ်စု၊ ငံရိုးကျေးရွာတွင်လည်း ဇွန်လ ၁၀ ရက်နေ့၊ ည ၉ နာရီဝန်းကျင် အချိန်တွင် ငွေတောင်အခြေစိုက် ခလရ (၁၀၂) စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့သည်ဟု သိရသည်။

ဇွန်လ ၁၀ ရက်နေ့က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ငံရိုးကျေးရွာရှိ လူနေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်ခဲ့ ပြီး အိပ်မောကျနေသည့် ဦးကိုရီ အသက် (၅၄) နှစ် ပွဲချင်းသေဆုံးကာ အသက် (၅) နှစ်အရွယ် မြေးတစ်ဦး၊ အသက် (၁၈) နှစ်အရွယ် သမီးနှင့်  အသက် (၁၅) နှစ်အရွယ် ကျန်အမျိုးသမီးတစ်ဦး စုစုပေါင်း (၃) ဦး ဒဏ်ရာ ရရှိခဲ့သည်။

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မကြာခဏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ရှိနေပြီး ပြည်သူများ ထိမှန် သေဆုံးနေရသောကြောင့် ၎င်းတို့ရှိသည့်နေရာများနှင့် တိုက်ပွဲဧရိယာများမှ ရှောင် ရှားကြရန် KNDF က သတိပေးရခြင်းဖြစ်သည်ဟု ပြောသည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...