UPDJC အတွင်းရေးမှူးအဖွဲ့ဝင် မင်းဇေယျာဦးနှင့် တွေ့ဆုံမေးမြန်းချက်

UPDJC အတွင်းရေးမှူးအဖွဲ့ဝင် မင်းဇေယျာဦးနှင့် တွေ့ဆုံမေးမြန်းချက်
by -
မွန်သတင်းအေဂျင်စီ
မင်းဇေယျာဦး (photo: MNA)
မင်းဇေယျာဦး (photo: MNA)
မွန်အမျိုးသားပါတီ MNP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မင်းဇေယျာဦးသည် ပါတီ၏တာဝန်ပေးအပ်ချက်အရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲကော်မတီ UPDJC တွင် ပါဝင်ခွင့်ရှိပြီး နိုင်ငံရေးပါတီအစုအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင် ဖြစ်ပါသည်။ မကြာမီရက်ပိုင်းတွင် မော်လမြိုင်မြို့သို့ရောက်ရှိလာသော မင်းဇေယျာဦးအား မွန်သတင်းအေဂျင်စီ သတင်းထောက် ပိုင်နွန် တွေ့ဆုံမေးမြန်းချက် ဖြစ်ပါသည်။

ပိုင်နွန်။     ။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး UPDJC အနေနဲ့ တွေ့ကြံုခဲ့ရတဲ့အခက်အခဲတွေ ပြောပြပေးပါလား?

မင်းဇေယျာဦး။    ။ ရှိတယ်၊ အများကြီးပါ၊ အမျိုးသားအဆင့်ဆွေးနွေးပွဲတွေမှာဆို UPDJC က တချို့ ဟာတွေဆို ကျွန်တော်ပြောချင်တာက တစ်ဖွဲ့နဲ့ တစ်ဖွဲ့ စဉ်းစားပုံ Concept မတူဘူး၊ မတူတဲ့အခါကြတော့ အဲ့မတူတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ အလုပ်လုပ်ရတဲ့ နေရာမှာအခက်အခဲတွေ စိမ်ခေါ်မှုတွေ အများကြီးရှိပါတယ်၊ ဥပမာဆိုကြပါဆို့ လူမျိုးအလိုက်ကျင်းပမယ်လို့ ဒီ UPDJC လုပ်ငန်းလမ်းညွှန်ထဲမှာ ပါတယ်၊ ပြီးတော့ လက်မှတ်ထိုးထားတဲ့ဒေသမှာ ကျင်းပမယ်လို့လည်း ပါတယ်၊ ပါတယ်ဆိုတော့ ဥပမာ ကျွန်တော်တို့မွန်ပြည်နယ်ဆိုလို့ရှိရင် လက်မှတ်မထိုးထားရသေးဘူး၊ အဲ့တော့ မွန်ပြည်နယ်အနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပလို့မရဘူးဆိုတဲ့ပုံစံပေါ့၊ တကယ်လို့တာ အချို့နေရာတွေမှာ လက်မှတ်ထိုးပြီးသားရှိတဲ့ ဥပမာ ဗမာလူမျိုးအတွက်ဆို ဘယ်လိုကျင်းပမလဲ သူက လက်နက်ကိုင်မရှိဘူး၊ အဲဒါဆို ဗမာကလူမျိုးမဟုတ်ဘူးလား ဒီပြဿနာတွေ ကျွန်တော်တို့ကြားထဲမှာကို အများကြီးရှိနေတယ်၊ အဲ့လိုမျိုးသေးသေးပြဿနာတွေက ကျွန်တော်တို့ကြားထဲမှာ အများကြီးရှိနေပါတယ်။

ပိုင်နွန်။   ။စိန်ခေါ်မှုတွေ ဘာတွေရှိနေမလဲ?

မင်းဇေယျာဦး။    ။ ဆွေးနွေးပွဲရဲ့ဖြစ်စဉ်က ဒီလိုပါ၊ ကျွန်တော်တို့ ဒီ UPDJC အစည်းအဝေးမခေါ်ခင်မှာ အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးခေါ်ပါတယ်၊ အတွင်းရေးမှူးတွေရဲ့အစည်းအဝေးက UPDJC အစည်းအဝေးလုပ်နိုင်အောင် အချက်အလက်တွေ စုဆောင်းပေးရတယ်၊ သူတို့ ဆွေးနွေးလို့ရအောင် ဒါလေးကတော့ ဟိုဘက် ဒီဘက် ညှိနှိုင်းပေးတယ်၊ အလျှော့အတင်းပြီးတော့ ဒီအချက်အလက်တွေကို တင်ပေးလိုက်တယ်၊ တင်ပေးလိုက်ပြီးတော့ ဒါကို UPDJC ကနေဆုံးဖြတ်တာ၊ အဲဒီအတွက်ကြောင့်မို့ နိုင်ငံတော်အတိုင်ပင်ခံကလည်း အရင်တုန်းက အစည်းအဝေးလာတက်ရင် မနက် ၁၀ နာရီကလာ နေ့လည် ၁၂ နာရီလောက်ဆို သူပြန်သွားပြီး ဒီလို ကြာချိန် ၂ နာရီ ၃ နာရီလောက်ပဲ လာတယ်ဆိုတော့ သူရှိနေတဲ့ကာလမှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချဖို့အတွက် ကျွန်တော်တို့ အဖွဲ့တွေက အရှေ့ကနေ စီပေးထားရတာပေါ့၊ အဲ့ဒီမှာ ပြန်ရှင်းပြရတဲ့ အချို့အဓိပ္ပါယ်တွေဆို ဘာကြောင့် ဒီစာကြောင်းတစ်ကြောင်း ဖြစ်ပေါ်လာသလဲ ဆိုတဲ့ဥစ္စာကအစ ကျွန်တော်တို့ကို အချိန်ပေးပါတယ်၊ အတွင်းရေးမှူးအဖွဲ့ပြီးလို့ရှိရင် အဲဒီအတွင်းရေးမှုးအဖွဲ့တွေက ကိုယ့်အဖွဲ့ဆီ ကိုယ်ပြန်သွားပြီးတော့ ရှင်းပြတယ်၊ ကျွန်တော်တို့ နိုင်ငံရေးပါတီဆို ၂၃ ပါတီကို အစည်းအဝေးခေါ်ရတယ်၊ ၂၃ ပါတီကို ဒီအချက်အလက်တွေက ဘာကြောင့်ပေါ်လာသလဲ ဆိုတာကိုရှင်းပြတယ်၊ အဲလိုပဲ တိုင်းရင်းသားလက်နက်ကိုင် EAOs တို့ကလည်း သူတို့အစည်းအဝေးတွေကို ခေါ်ယူရှင်းပြတယ်၊ အစိုးရအဖွဲ့မှာက အဲဒီလို သွားရှင်းပြလို့ အချိန်ကြောင့်လား ဘာကြောင့်လားဆိုတာကို မသိဘူး၊ နောက်ပြီး  UPDJC မှာပါတဲ့ အစိုးရအဖွဲ့မှာဆို ဝန်ကြီးတွေ ပါတာများတယ်၊ ဒီဝန်ကြီးတွေက ဝန်ကြီးဋ္ဌာနမှာ သူတို့အလုပ်တွေရှိနေတဲ့အခါကြတော့ သူတို့စုပြီး ရှင်းပြပေးဖို့ အချိန်ပဲ မလုံလောက်တာလား၊ ကျွန်တော်ဆိုလည်း မလုံလောက်လည်း ယူရမှာပဲ ဒါအရေးကြီးတဲ့ ရှုတောင့် တွေဖြစ်နေတဲ့အတွက် အဲ့ဒီအခါကြတော့ အစည်းအဝေးကိုရောက်လာတဲ့အခါကြတော့ ဒီကိစ္စက ဘယ်လိုဖြစ်လို့လဲ ဆိုတဲ့ဟာတွေနဲ့ပဲ ကျွန်တော်တို့မှာ အချိန်မလုံလောက်ပဲနဲ့ အရေးကြီးတာဖြတ် ဆိုတဲ့အခက်အခဲတွေ စိမ်ခေါ်မှုတွေ အများကြီးကြံုခဲ့ရပြီး ကျော်ဖြတ်နေရတာပေါ့။

ပိုင်နွန်။    ။ ၂၁ ရာစုပင်လုံ သဘောတူညီမှု ၃၇ ချက်အထဲမှာ ဘယ်အချက်တွေက ဆရာတို့ အဖွဲ့က အဓိက အခက်အခဲအဖြစ်ဆုံးသလဲ?

မင်းဇေယျာဦး။    ။ ဒီ ၃၇ ချက်ကို သဘောတူညီ လိုက်တယ်ဆိုပေမယ့်လည်း တိုင်းရင်းသားတွေအတွက် ကြီးကြီးမားမားနစ်နာသွားတာမျိုးတော့ မရှိပါဘူး၊ ဒီ ၃၇ ချက်က ယေဘုယျအားဖြင့်ပဲ ရှိပါသေးတယ်၊ သူ့အောက်မှာ မူဝါဒတွေအများကြီး ထပ်လာဖို့ရှိသေးတယ်၊ ဥပမာ တိုင်းဒေသကြီး/ပြည်နယ်လို့သတ်မှတ်ပြီး ဖွဲ့စည်းရမည် ရေးထားတယ်၊ အဲမှာ တိုင်းဒေသကြီး/ပြည်နယ်လို့ ရေးထားတဲ့ဥစ္စာက မျဉ်းစောင်းဆိုတဲ့သဘောက သို့မဟုတ်ပါ၊ ပြည်နယ်များနှင့် ဖွဲ့စည်းရမည်ဆိုလည်း ပြည်နယ်များနှင့် ဖွဲ့စည်းရမည်ပေါ့၊ အမျိုးသားများပြည်နယ် ဖွဲ့စည်းရမည်ဆိုလည်း ဖွဲ့စည်းရမည်လို့ပေါ့ ပုံသဏ္ဍာန်လေးတွေ ဟတာလေးတွေလည်း ရှိပါတယ်၊ အဲ့အောက်မှာ Policy တွေ ထပ်ရေးသွားဖို့ ရှိပါသေးတယ်လို့ ပြောချင်ပါတယ်။

ပိုင်နွန်။     ။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်အတိုင်းအတာအထိ ခရီးရောက်နေပြီးလဲ?

မင်းဇေယျာဦး။    ။ ကျွန်တော်က ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို တချို့က တိုးတက်လာတယ်လို့ ယူဆတယ်၊ အရင်အခြေအနေနဲ့ စာရင်တော့ သူက တိုးတက်လာတယ်၊ ကျွန်တော်ကတော့ အရွေ့လို့ပဲ ပြောချင်ပါတယ်၊ ဒီဟာကြီးက ရွေ့နေတာပေါ့၊ သို့သော် ကျွန်တော်တို့ ဘယ်အချိန်မှာ ပြီးမလဲ ဘယ်လောက်ကြာမလဲ ဆိုတာကိုတော့ မှန်းလို့မရပါဘူး၊ ပထမဆုံး ဦးသိန်းစိန်လက်ထက်က လုပ်ခဲ့တဲ့ ညီလာခံမှာတုန်းက ၃ နှစ် သို့မဟုတ် ၅ နှစ် အပြီးဆိုတဲ့ဟာမျိုး သတ်မှတ်ခဲ့တာရှိတယ်၊ နောက်တစ်ခု လက်ရှိ NLD အစိုးရ အနေနဲ့ကလည်း သူက အခုဆို ၂၀၁၇ သူ့မှာက ၂၀၁၈-၁၉ ၂၀၂၀ ဆို ရွေးကောက်ပွဲ ပြန်လာတယ်၊ သူ့မှာ နောင် ၃ နှစ်ပဲ  ရှိတော့တဲ့ကာလဖြစ်တာပေါ့ ဒါကြောင့် သူကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို လမ်းကြောင်းသစ်တစ်ခုအနေနဲ့ဖော်ဆောင်ပြီး စမှာတော့မဟုတ်ဘူး၊ သူဒီလမ်းကြောင်းကိုပဲ ဆက်သွားဖို့ပဲရှိတယ်၊ အဲ့ဆို ကျွန်တော်တို့ အဲ့ဒီအထဲမှာ ဒီလမ်းကြောင်းကိုပဲ ဆက်သွားမယ်ဆိုတော့ လောလောဆယ် အခြေခံဥပဒေကို ပြင်နိုင်တဲ့လမ်းကိုကတော့ ဖွင့်ထားတာကလည်း ဒီ NCA လမ်းကြောင်းတစ်ပေါက်ပဲရှိတယ်၊ ဒါဆိုကျွန်တော်တို့အနေနဲ့ ဒီအထဲမှာ ဘယ်လိုကောင်းအောင်ပြုပြင်မလဲ၊ အကောင်းဆုံးပြုပြင်နိုင်ဖို့ ကြိုးစားရမယ်။ ဒီအတိုင်းလိုက်ပါဖို့တော့ မဟုတ်ဘူး၊ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြဖို့ပဲ လိုတယ်။အဲ့ဒီအတွက် အားတွေအများကြီး လိုပါတယ်၊ လူငယ်တွေရော ပညာရှင်တွေရော စုပြီးလုပ်နိုင်မယ်ဆိုရင်တော့ ကောင်းမယ်၊ တစ်ခြားတိုင်းရင်းသားတွေမှာကြတော့ ကျွန်တော်မြင်ထားတဲ့ အနေအထားမှာဆို တချို့ရှမ်းမှာဆို အရမ်းကောင်းတယ်၊ ရှမ်းမှာဆို Technical အစုအဖွဲ့ဆို ရှိတာပေါ့နော်၊ တပ်မတော်မှာလည်း ရှိတယ်၊ ရှေ့လျှောက်မယ်ဆို ကျွန်တော်တို့မှာလည်း မွန် Technical အစုအဖွဲ့ရှိဖို့ လိုပါတယ်။

ပိုင်နွန်။     ။ နောက်ဆုံး ဆရာ့နေနဲ့ ဘာများ ထပ်မံဖြည့်စွက်ပြောချင်ပါသလဲ?

မင်းဇေယျာဦး။    ။ ကျွန်တော် မွန်သတင်းအေဂျင်စီကို အဓိက ပြောချင်တာက ကျွန်တော်တို့ မွန်လူမျိုးတွေမှာ နည်းပညာအထောက်အကူပြုအဖွဲ့တစ်ဖွဲ့ ဒီအချိန်မှာ အရမ်းကို လိုအပ်ပါတယ်၊ ရှုထောင့်အလိုက် ကျွမ်းကျင်တဲ့သူတွေအားလုံးပူးပေါင်းပြီး ပါဝင်တဲ့အဖွဲ့ တစ်ဖွဲ့ လိုပါတယ်။ ဘယ်သူ့ဆီမှာမှ ဘယ်သူ့ရဲ့ လမ်းညွှန်ချက်နဲ့မှ မဟုတ်ပဲနဲ့ သီးသန့်စုထားတဲ့ အဖွဲ့တစ်ဖွဲ့ လိုအပ်တယ်၊ အဲ့ဒီ Technical Team ဆိုတာက ဥပမာ Issue တစ်ခုအပေါ်မူတည်ပြီး လေ့လာမယ်၊ သူက ပြင်ဆင်မယ်၊ အကြံပေးမယ်၊ အဲ့ဒီအကြံပေးမယ့်ဥစ္စာကို နည်းလမ်းအတိုင်းသွားမယ့် ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမယ် ဆိုတဲ့ပုံစံမျိုးနဲ့ အကောင်းဘက်ကို ဦးတည်နိုင်တဲ့ Technical အဖွဲ့တစ်ဖွဲ့ လိုအပ်ပါတယ်။ အဲ့ဒါ ကျွန်တော်တစ်ခု ပြောချင်တာက မွန်လူမျိုးတွေရော လူငယ်တွေရော မွန်ပညာရှင်တွေရော အားလုံးစုပြီးတော့ လုပ်နိုင်ကြရင်တော့ အကောင်းဆုံးပါ၊ လုပ်မယ်ဆိုလို့ရှိရင် ကျွန်တော့်အနေနဲ့လည်း တတပ်တအား ပါဝင် ကူညီဖို့ ကျွန်တော်တတ်နိုင်တဲ့ဘက်က ကူညီဖို့ အဆင်သင့်ပါပဲ။ ကျေးဇူးပါ။

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...