တိုက်ပွဲများမှ မြန်မာဒုက္ခသည် ၄၀၀၀ ကျော်ထက်မနည်း ထိုင်းဖက်သို့ ထွက်ပြေးခိုလှုံ

တိုက်ပွဲများမှ မြန်မာဒုက္ခသည် ၄၀၀၀ ကျော်ထက်မနည်း ထိုင်းဖက်သို့ ထွက်ပြေးခိုလှုံ

မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လူနည်းစု လက်နက်ကိုင်များကြား တိုက်ပွဲများမှ ထွက်ပြေးလာကြသည့် မြန်မာဒုက္ခသည်ဦးရေသည် ပြီးခဲ့သည့် သီတင်းပတ် ကြာသပတေးနေ့မှစပြီး ၄၄၀၀ ကျော်အထိ ရှိပြီဖြစ်ကြောင်း ထိုင်းစစ်တပ်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

အရှေ့တောင်ပိုင်း ကရင်ပြည်နယ်တွင် မြန်မာ အာဏာသိမ်းစစ်တပ်နှင့် KNU တို့ကြား ပြင်းထန်သည့် တိုက်ပွဲများကြောင့် ဒုက္ခသည် များစွာက နယ်စပ်ကိုဖြတ်ပြီး တက်ခ်ပြည်နယ်သို့ ဝင်ရောက်လာကြရာ ၎င်းတို့အား ခိုလှုံရာစခန်းများနှင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများ အာဏာပိုင်များက စီစဉ်ပေးလျက် ရှိနေသည်။

ပြီးခဲ့သည့် အင်္ဂါနေ့မှ စတင်ကာ မြန်မာစစ်တပ်သည် လေးကေကော်မြို့ကို စီးနင်းပြီး ဖြုတ်ချခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီဝင်များအပါအဝင် ယင်းမြို့တွင် ခိုလှုံနေကြသော အတိုက်အခံ အင်အားစု ဒါဇင်များစွာကို ဖမ်းဆီးခြင်းဖြစ်သည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

နောက်ရက်များ၌ အင်အားသုံး တိုက်ခိုက်မှုများကို တုံ့ပြန်ရခြင်းဖြစ်သည်ဟု KNU က ထုတ်ပြန်သည်။ “မိမိတို့ KNU တပ်သည် ရန်လိုသော ဖမ်းဆီးမှုများ၊ နေအိမ်များ ဖျက်ဆီးခြင်းနှင့် အင်အားသုံး အကြမ်းဖက်တိုက်ခိုက်မှုများအား မိမိကိုယ်ကို ကာကွယ်ရေးအတွက် တုံ့ပြန်ရခြင်းဖြစ်ကြောင်း” ထုတ်ပြန်ချက်၌ ဖော်ပြသည်။

KNU အဖွဲ့အနေဖြင့် ဆယ်စုနှစ်များစွာ ပဋိပက္ခများ ဖြစ်ပြီးနောက် ၂၀၁၅ ခုနှစ်က စစ်တပ်ကျောထောက်နောက်ခံပြုသော အရပ်သား အစိုးရနှင့် အပစ်ရပ် လက်မှတ်ထိုးထားပြီး KNU ထိန်းချုပ်မှုအောက်က နယ်စပ်ဒေသများတွင် အများအားဖြင့် ငြိမ်းချမ်းသော အခြေအနေ ရှိစေခဲ့သည်။

သို့ရာတွင် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု၌ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖယ်ရှားလိုက်ချိန်မှစကာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင့် ဆန္ဒပြမှုများကို ထောက်ခံကြောင်း KNU က ရှင်းရှင်းလင်းလင်း သိစေခဲ့သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်ကာ ထွက်ပြေးခိုလှုံလာကြသည့် လူငယ်များကိုလည်း လက်ခံပြီး ပြန်လည်တိုက်ခိုက်ရေးအတွက် စစ်သင်တန်းများ ပေးခဲ့သည်။

မတ်လ၌ စစ်တပ်သည် KNU ထိန်းချုပ်ရာ နယ်မြေတစ်ခုအား လေကြောင်းထောက်ကူဖြင့် စီးနင်းခဲ့ရာ ပြည်သူထောင်ပေါင်းများစွာ တက်ခ်ပြည်နယ်သို့ တိမ်းရှောင်ခိုလှုံခဲ့ကြသည်။

Most read this week

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မန္တလေးတိုင်း၌ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများပြုလုပ်ရာ မြို့ရွာများပြမြေပုံ (မြေပုံ − SHRF)
December 20, 2024
မြန်မာနိုင်ငံအတွင်းရှိ တရုတ်အစိုးရ၏ စီမံကိန်းတခုဖြစ်သော ကျောက်ဖြူ − မူဆယ် အမြန်ရထားလမ်းကို...
December 20, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အများစု၌ ဆေးဝါးပြတ်လပ်မှု ကြုံတွေ့နေရပြီး ကျန်းမာရေးပြဿနာ‌...
ဒီဇင်ဘာ ၁၈ ရက်နေ့တွင် တော်လှန်ရေးနယ်မြေတနေရာ၌ ကျင်းပသည့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးတွင် ပါဝင်သူများ
December 19, 2024
မွန်တော်လှန်ရေးတပ်များအားလုံးပါဝင်သည့် တခုတည်းသော မွန်တပ်တော်ပေါ်ထွန်းလာရေးကို အကောင်ထည်ဖော်ရန်...
December 18, 2024
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကျောက်လှေကားကျေးရွာနှင့် နတ်ကြီးကျေးရွာတို့ကို...