KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ ဖြစ်သည့် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းတွင် ဒေသခံ PDF၊ KNU ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်က ၃ ဦး ကျဆုံးခဲ့သည်။
KNU တပ်မဟာ ၄ ထိန်းချုပ်သည့် နယ်မြေထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျော်ဝင်ရောက်လာသည့်အတွက် ဒူးရင်းပင်ရှောင် ကျေးရွာအနီးတွင် ဒေသခံ PDF၊ KNU ပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည် တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု KNU တာဝန်ရှိသူက ပြောသည်။
“သူတို့ဘက်က အကြောင်းမကြားဘဲ စစ်ကြောင်းထိုး ဝင်လာပြီး ဗုံးသီးလောင်ချာတွေနဲ့ စပစ်တယ်။ ဒီဘက် က RPG နဲ့ ပြန်ခုခံပစ်ခတ်ရာကနေ တိုက်ပွဲဖြစ်တာပါ" ဟု KNU တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၇ နာရီခွဲ အချိန်မှ ၉နာရီခွဲ အချိန်ထိ တစ်ကြိမ်၊ နံနက် ၉ နာရီ၊ မိနစ် ၅၀ အချိန်မှ ၁၂ နာရီ ၁၅ မိနစ် အချိန်ထိ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပထမအကြိမ် တိုက်ပွဲအတွင်း စစ်ကောင်တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင်တစ်ဦး လက်မောင်း ကျည် ရှပ်မှန်(မစိုးရိမ်ရ)သည့် ဒဏ်ရာ ရရှိခဲ့သည်ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့် ဖြင့် ဂျက်ဂါးကျေးရွာမှ မြို့ဟောင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုး လာခဲ့ပြီးနောက် KNU တပ်မဟာ ၄ တပ်ခွဲ ၇ ထိန်းချုပ်နယ်မြေ နယ်မြေဖြစ်သည့် ဒူးရင်းပင်ရှောင်ကျေးရွာသို့ စစ်ကြောင်းရောက်လာခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်ဟု PRDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ ထိတွေ့တိုက်ပွဲကို ပုလောဒေသ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ PRDF၊ ဒေသခံ PDF တို့ကလည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြသည်ဟု ၎င်းပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့ဟောင်းကျေးရွာ ဒေသခံရွာသား အယောက် ၃၀ နှင့် ဒူးရင်းပင်ရှောင် ကျေးရွာသား ၂ ယောက် ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု ဒူးရင်းပင်ရှောင်းသားများက ပြောသည်။
လက်ရှိတွင် ဒူးရင်းပင်ရှောင်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားပြီး ရိက္ခာနှင့် လူအင်အားဖြည့် တင်းမှုများရှိနေသည်ဟု သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့တုန်းကလည်း အဆိုပါ ဒူးရင်းပင်ရှောင် ကျေးရွားအနီးတွင် ဒေသခံ PDF၊ KNU ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။