ကရင်နီပြည်တွင် ကယန်းအမျိုးသား တပ်မတော် (KNA) ကို ဖွဲ့စည်းထူထောင်လိုက်သည်။
ကယန်းအမျိုးသား တပ်မတော် KNA က အမျိုးသား ညီညွတ်ရေး အစိုးရကို ပြည်ထောင်စု အစိုးရ အဖြစ် အသိအမှတ်ပြုပြီး စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။
တပ်ရင်း ၈ ရင်း၊ တပ်သားဦးရေ ၅၀၀ နီးပါးနှင့် စတင်ဖွဲ့စည်းခဲ့ပြီး ကယန်းလူမျိုးအများဆုံး နေထိုင်ကြသည့် လွိုင်ကော်ဒေသ၊ ဒီးမော့ဆိုဒေသ၊ မိုးဗြဲဒေသ၊ ဖယ်ခုံဒေသနှင့် အခြား ကယန်းဒေသများတွင် ပြန့်ကျဲနေသော ကယန်း လက်နက်ကိုင်တပ်ဖွဲ့များ တစ်စုတစ်စည်းတည်း ပြန်လည် ပေါင်းစည်းပြီး စစ်ကောင်စီကို တိုက်ပွဲဝင် သွားမည်ဟု ထုတ်ပြန်ထားသည်။
သို့သော် ယခု ဖွဲ့စည်းလိုက်သည့် KNA တွင် ဖယ်ခုံ၊ မိုးဗြဲဒေသတို့၌ စစ်ရေးလှုပ်ရှားနေသည့် MOD လက် အောက်ခံ PDF တပ်ရင်း (၅) တပ်ရင်း၊ 1001 မိုးဗြဲ PDF 1၊ 1007 မိုးဗြဲ PDF 2၊ 1002 ဖယ်ခုံ PDF 1၊ 1006 ဖယ်ခုံ PDF 2၊ 1004 PKS PDF နှင့် KNDF တို့ မပါဟု ဆိုကြသည်။
ကောင်းမွန်သည့် ရည်ရွယ်ချက်နှင့် ဖွဲ့စည်းထားသည့်အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အပိုင်းများတွင် ပူးပေါင်းသွားမည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အထွေထွေ အတွင်းရေးမှူး ခူးပလုရယ်က ပြောသည်။
“စစ်အာဏာရှင်နဲ့အာဏာရှင်မှန်သမျှကို မည်သည့်အဖွဲ့အစည်းကိုမဆို ကျနော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့် ရှိပါတယ် ပေါ့နော်။ ဒါကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ လူထုနဲ့ ပူးပေါင်းပြီးတော့မှ စစ်အာဏာရှင်နဲ့ အာဏာ ရှင်မှန်သမျှ တိုက်ထုတ်မယ်ဆိုတဲ့ဟာက ဒါကောင်းမွန်တဲ့ ရည်ရွယ်ချက်ဖြစ်တယ် ဒီလိုသော အင်အားစုတွေ အစု အဖွဲ့တွေနဲ့တော့ ကျနော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်လို့ ရတဲ့အပိုင်းမှာ ပူးပေါင်း ဆောင်ရွက်ဖို့ ရှိပါတယ်ပေါ့ နော်။”
သို့သော် KNA ဖွဲ့စည်းသည့်အပေါ် အသေးစိတ် သိရှိထားခြင်းမျိုးတော့ မရှိသေးဘူးဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ် ရေး ကောင်စီ IEC က ဆိုသည်။
KNA ကို အခြေခံမူ ၉ ချက်၊ အမျိုးသား ရည်မှန်းချက် ၅ ချက်တို့နှင့် ဖွဲ့စည်းထားသည်ဟု ၎င်းတို့၏ ထုတ်ပြန် ကြေညာက ဆိုသည်။
ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်ကလည်း “ဘယ်လို နာမည်နာမပဲ ခေါ်ခေါ် လူက အလုပ် လုပ်ဖို့လိုတယ်။ စုစည်းဖို့လိုတာပေါ့။ တပ်မတော် ထူထောင်တယ် ဆိုတာက သူတို့အပိုင်း သူတို့လုပ်လေ။ ကျနော်တို့ကတော့ အမြင်ကျဉ်းမြောင်းတဲ့ စိတ်မရှိဘူး လုပ်ပါ။ ကျနော် တို့ မကန့်ကွက်ဘူး။ လုပ်ချင်သလို လုပ် လို့ရတယ်။ လူ ၅ ယောက်လည်း အဖွဲ့ထူထောင်လို့ ရတယ်လေ ၅၄ နှစ် သက်တမ်းရှိပြီလေ။ ခုခံတော်လှန်ရေး မှာ လုပ်တာ KNPP မှာ စစ်ကောင်စီ ပြုတ်ကျဖို့အရေး ကျနော်တို့ လုပ်တဲ့ အချိန်မှာ တစ်ခုပြီး တစ်ခု ပေါ်လာ တာကတော့ ကျနော်လည်း နားမလည်ဘူး” ဟု ပြောသည်။
KNA ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူ ကို ဖုန်းနှင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်၍ မရခဲ့ပေ။
ကယန်းအမျိုးသား တပ်မတော် (KNA) အနေဖြင့် ကယန်းအမျိုသား တပ်မတော် ဖွဲ့စည်းတည်ဆောက်ရေး၊ ကယန်း လက်နက်ကိုင် တပ်ဖွဲ့ဝင်များ တစ်စုတစ်စည်းတည်း ပေါင်းစည်းရေး၊ အဖိနှိပ်ခံ ပြည်သူများကို အကာ အကွယ်ပေးရေးအတွက် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ကယန်းလူမျိုးများက ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသည့် ကရင်နီ အမျိုးသားများ ကာကွယ်ရေး တပ် KNDF၊ ကရင်နီ တပ်မတော် KA၊ ကရင်နီပြည်သူ့လွတ်မြောက်ရေး တပ်ဦး KNPLF နှင့် အခြားသော စစ်ကောင်စီကို တော်လှန်နေကြသည့် လက်နက်ကိုင်တပ်ဖွဲ့များတွင် ပါဝင်နေကြပြီး တော်လှန်ရေး ကာလ ၄ နှစ် အကြာမှ ကယန်း အမျိုးသား တပ်မတော် KNA ဆိုပြီး စတင်ဖွဲ့စည်းလာခြင်း ဖြစ်သည်။
ကယန်းလူမျိုးများမှာ လူဦးရေ တစ်သိန်းခွဲကျော်ရှိပြီး ကရင်နီပြည် အပြင် ရှမ်းပြည် တောင်ပိုင်းနှင့် ကရင်ပြည် တို့၌ ပြန့်ကြဲနေထိုင်ကြခြင်း ဖြစ်သည်။