တိုက်ပွဲကြောင့် ထပ်မံတိမ်းရှောင်ရတဲ့ ပင်လောင်း-ဖယ်ခုံနယ်စပ်က စစ်ဘေးရှောင်အတွက် အကူအညီလိုအပ်

တိုက်ပွဲကြောင့် ထပ်မံတိမ်းရှောင်ရတဲ့ ပင်လောင်း-ဖယ်ခုံနယ်စပ်က စစ်ဘေးရှောင်အတွက် အကူအညီလိုအပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော တိုက်ပွဲဖြစ်ပွားနေပြီး ထပ်မံတိမ်းရှောင်ရပြီး စစ်ဘေးရှောင်တွေအတွက် အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

နယ်စပ်က ကျေးရွာခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတာ ရက်သတ္တနှစ်ပတ်ဝန်းကျင်ကြာနေပြီဖြစ်ပြီး လိုအပ်မှုတွေထဲက ဆန်၊ဆီ၊ဆား စတဲ့ အခြေခံစားသောက်ကုန် လိုအပ်နေကြတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“အဓိကက တိုက်ပွဲဖြစ်တော့ ထပ်ရှောင်တဲ့လူထုတွေပေါ့။ ရွာလုံးကျွတ်ရှောင်ကြတော့ လိုအပ်မှုက ပေါင်းစုံပါပဲ။ လတ်တလော ပိုလိုနေတာကတော့ ဆန်၊ဆီ၊ဆားပေ့ါနော်။ နေထိုင်ဖို့ အမိုးအကာတွေကအစ ပေါ့နော်”လို့ သူက ဆိုပါတယ်။

လက်လှမ်းမှီတဲ့ စစ်ရှောင်စာရင်းအရ ပင်လောင်းနယ်စပ်က တိမ်းရှောင်တဲ့ ကျေးရွာတွေဖြစ်တဲ့ စမ်းရေကြည် ၊ယာစပ်၊ နားမွန်း၊နမ့်ဖာမူ ၊ ဗန်းမောက်ကျေးရွာတွေမှာ စစ်ရှောင်ဦးရေ ၄၀၀၀ ဝန်းကျင်ရှိတယ်လို့ အဆိုပါ စစ်ရှောင်ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသားက ဆက်ပြောပါတယ်။

အလားတူ ဖယ်ခုံနယ်စပ်ဖက်က တိမ်းရှောင်ကြတဲ့ စစ်ရှောင်တွေလည်း အကူအညီ လိုအပ်နေတယ်လို့ စစ်ရှောင်အမျိုးသမီး တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ဒီဖယ်ခုံ နယ်စပ်ဖက်မှာလည်း အောက်တိုဘာလ ၂၆ ရက်‌နေ့က တိမ်းရှောင်ကြတာလည်းရှိတယ်။ ဖယ်ခုံ၊ဆောင်လန် ကျေးရွာဖက်က လူထုတွေပေါ့။အဲ့တာ အမိုးအကာ အတွက်ဝါးနဲ့ ဆန်၊ ဆီ ၊ဆားတွေအတွက် အကူအညီ လိုအပ်နေတယ်”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးကဆိုပါတယ်။

အဆိုပါ ဖယ်ခုံမြို့နယ်စပ်ဖက်က ကျေးရွာခံတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ တိမ်းရှောင်ကြတာဖြစ်ပြီး စစ်ရှောင်ဦးရေ ခန့်မှန်းခြေ ၅၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ အနီးအနားက ဗန်းမောက်၊ ကုန်းပေါ၊ ဆောင်လန်၊ လွိုင်ကျိုင်း၊ ပင့်စုံ၊လွယ်ဖွီး၊ ယာစပ်၊ နားမွန်း၊နမ့်ဖာမူ စတဲ့ကျေးရွာတွေဟာ ရွာလုံးကျွတ်တိမ်းရှောင်နေကြတာဖြစ်ပြီး လူဦးရေ နှစ်သောင်းဝန်းကျင်ရှိကာ ပင်လောင်းမြို့ပေါ်၊ နောင်တရား၊ ညောင်ရွှေမြို့နယ်ဖက်တွေမှာ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

အဆိုပါ ပင်လောင်း-ဖယ်ခုံနယ်စပ်ဖက်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ အစောပိုင်းကနေ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲအခြေအနေနဲ့ ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Most read this week

ဓါတ်ပုံ - PNLA
January 27, 2025
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသအတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် (...
January 24, 2025
ကရင်နီပြည်၊ လွိုင်ကော် အကျဥ်းထောင်က အကျဥ်းသားတွေအတွက် လိုအပ်တဲ့ အစားအသောက်၊ တစ်ကိုယ်ရေ...
ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်က ပေါင် ၅၀၀ ဗုံး ကျရောက်ပေါက်ကွဲတဲ့နေရာကို တွေ့ရစဉ်။
January 23, 2025
ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့...