ဖီမော်နယ်စပ်ဂိတ် ကုန်စီးဆင်းမှုတရုတ်ကပိတ်ဆို့၊ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်း ကားသာဝင်ထွက်ခွင့်ပြုနေ

ဖီမော်နယ်စပ်ဂိတ် ကုန်စီးဆင်းမှုတရုတ်ကပိတ်ဆို့၊ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်း ကားသာဝင်ထွက်ခွင့်ပြုနေ

ကချင်အထူးဒေသ (၁) ဖီမော်မြို့ နယ်စပ်ဂိတ်ကို တရုတ်ဘက်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ ပိတ်ဆို့လိုက်ပြီး ကုန်စည်စီးဆင်းမှုတွေမရှိတော့ပေမဲ့ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းအသုံးပြုကားတွေ အဝင်အထွက်ခွင့်ပြုနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ တတိယအပတ်အတွင်း ကချင်အထူးဒေသ ၁ နယ်မြေတစ်ဝှိုက် မြို့သိမ်းတိုက်ပွဲ စခန်းသိမ်းတိုက်ပွဲတွေအကြား ပန်ဝါမြို့ကို KIA က သိမ်းပိုက်လိုက်တဲ့နောက်တရုတ်နိုင်ငံဘက်က နယ်စပ်ဂိတ်အတော်များများကိုပိတ်လိုက်တာဖြစ်ပါတယ်။

“ နယ်စပ်ဂိတ်ကနေတော့ ကျနော်တို့ဆီကိုဘာပစ္စည်းမှမဝင်တော့ဘူး ဒါပေမဲ့ တရုတ်ဘက်ကနေတော့ ကားတွေဝင်တယ်။ ကျောက်ဖြူသည်တဲ့ကားတွေပေါ့ သူတို့တော့အဝင်အထွက်လုပ်နေတယ်။ ကျနော်တို့ ဆီပဲ ဘာမှကိုမဝင်တော့တာ။ ပန်ဝါသိမ်းပြီးတစ်ခြားမြို့တွေ နယ်စပ်ဂိတ်ပိတ်သွားပေမဲ့ ကျနော်တို့ဆီမှာ ပစ္စည်းတွေဝင်သေးတာဟုတ်တယ်။ ”လို့ဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။

နယ်စပ်ဂိတ်အများပိုင်းပိတ်လိုက်ပေမယ့် အထူးဒေသ ၁ ထိန်းချုပ်မှုအောက်မှာရှိနေသေးတဲ့ ဖီမော်မြို့နယ်စပ်ဂိတ်ကနေ အောက်တိုဘာလ ၂၅ ရက်နေ့အထိ ကုန်စည်စီးဆင်းမှုတွေရှိနေခဲ့ပြီး တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းနဲ့ သံသတ္တုလုပ်ငန်းတွေ လည်ပတ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့အောက်တိုဘာလ ၂၆ ရက်နေ့မှာတော့ ဖီမော်မြို့ နယ်စပ်ဂိတ်ကနေ တရုတ်ဘက်က ကုန်ပစ္စည်းအဝင်တွေကိုရပ်တန့်လိုက်တာဖြစ်ပြီး လက်ရှိတော့ တရုတ်ဘက်ကကုန်ပစ္စည်းအဝင်တွေကို အားကိုးနေရတဲ့ ဒေသခံတွေကတော့ အခက်ကြုံလာရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ အခက်အခဲတော့နည်းနည်းစကြုံလာရတာပေါ့။ ဆီဈေးတွေလည်း တရုတ်ငွေနဲ့ဆိုအရင်က တစ်လီတာကို ၁၅ ယွမ် ဒီရက်ပိုင်းတော့ ၂၀ ယွမ်ဖြစ်သွားတယ်။ဒါကတော့ရွာတွေမှာပေါ့ မြို့ပေါ်မှာတော့ဈေးနည်းနည်း သက်သာနေသေးတယ်။ ကုန်ဈေးနှုန်းကတော့မတက်သေးဘူး အခုတော့သိပ်မသိသာသေးဘူးပေါ့။ ”လို့ဒေသခံအမျိုးသားတစ်ဦး ကပြောပါတယ်။

KIA ထိန်းချုပ်မှုအောက် တရုတ်-မြန်မာနယ်စပ်ဂိတ် KIO ဌာနချုပ် လိုင်ဇာမြို့နယ်စပ်ဂိတ်၊ လွယ်ဂျယ်နယ်စပ်ဂိတ် ပြီးခဲ့တဲ့ ရက်ပိုင်းသိမ်းပိုက်ထားတဲ့ ပန်ဝါမြို့နယ်စပ်ဂိတ်ရှိပြီး ကချင်အထူးဒေသ ၁ အောက်မှာ ကံပိုင်တည်၊ ဖီမော်နယ်စပ်ဂိတ်၊အမှတ် ၇ နယ်စပ်ဂိတ်၊ ကန့်ဖာနယ်စပ်ဂိတ်ရှိပါတယ်။



အဲဒီထဲက KIA ထိန်းချုပ်မှုအောက်ရှိ လိုင်ဇာ၊လွယ်ဂျယ်၊ပန်ဝါ ဂိတ်အားလုံးကို တရုတ်ဘက်က အောက်တိုဘာလ ၁၈ ရက်ညကစပြီး ပိတ်လိုက်သလို ကချင်အထူးဒေသ ၁ အောက်မှာရှိနေသေးတဲ့  ကံပိုင်တည်မြို့ နယ်စပ်ဂိတ်ကိုလည်း ပိတ်ထားပြီး ကန့်ဖာဂိတ်နဲ့အမှတ် ၇ နယ်စပ်ဂိတ်ကို ၂၀၂၂ ခုနှစ် ကိုဗစ်ကာလကတည်းက ပိတ်ထားတာလို့သိရပါတယ်။

ကချင်အထူးဒေသ ၁ ထဲမှာရှိနေသေးတဲ့ ဖီမော်နယ်စပ်ဂိတ်၊ ကန့်ဖာနယ်စပ်ဂိတ်၊ အမှတ် ၇ နယ်စပ်ဂိတ်၊ KIAသိမ်းပိုက်လိုက်တဲ့ ပန်ဝါနယ်စပ်ဂိတ်တွေဟာ နယ်စပ်တစ်လျှောက်နေထိုင်တဲ့ ပြည်သူတွေလိုအပ်တဲ့ စက်သုံးဆီ၊ အခြေခံစားသောက်ကုန်ပစ္စည်းတစ်ချို့အပါအဝင်၊တွင်းထွက်လုပ်ငန်းတွေမှာအသုံးပြုတဲ့ ခဲ၊ယမ်းတွေကို အဓိကတင်သွင်းတာလို့ဒေသခံတွေကပြောပါတယ်။

Most read this week

December 21, 2024
“ကျနော်တို့ လစ်လျူရှုခံရတာက မြင်သာနေတာပဲ၊ အောက်ခြေ ပြည်သူလူထုရဲ့ သဘောထားပါ မထင်ဟပ်ကြတော့ဘူး...
December 18, 2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူများ...
လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူများ (Crd- မွန်မြတ်စေတနာအသင်း)
December 13, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ စန်းခါးကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ၃...
ပုံစာ - ဒီဇင်ဘာလ ၅ ရက်နေ့ ကိုးကန့်တပ်ကို သွားရောက်ဆန္ဒပြတဲ့ အမျိုးသမီးအဖွဲ့နဲ့ ဒေသခံများ။
December 12, 2024
ရှမ်းမြောက် (ကြူကုတ်) ပန်ဆိုင်းမြို့တွင် အသက် ၂ နှစ်အရွယ် ကလေးငယ်ကို မုဒိန်းပြုကျင့်သည့်...