ရခိုင်ပြည်နယ်တွင် လမ်းတံတားအသုံးပြုကြေးများကို စတင်ကောက်ခံနေပြီဖြစ်ကြောင်း ကားသမားများထံမှ သိရသည်။
ထိုကဲ့သို့ လမ်းတံတားဖြတ်သန်းကြေးများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁ ရက်မှစတင်ကောက်ခံနေခြင်းဖြစ်ပြီး ကုန်တင်ကား၊ ခရီးသည်တင်ကား၊ အိန္ဒိယသုံးဘီးနှင့် တေဘာကားများကို ကောက်ခံခြင်းဖြစ်သည်။
ကောက်ခံသည့်အခါလည်း တန်ချိန်ကို ကြည့်ပြီး ကောက်ခံနေခြင်းဖြစ်သည်ဟု ကားသမားများက ပြောသည်။
ကေသီဦးကုန်စည်ပို့ဆောင်ရေးကားဂိတ်မှ မန်နေဂျာ ဦးမောင်ဝင်းရွှေက “ဘယ်နေရာတွေမှာ ဘယ်လောက်ကောက်ခံတယ်ဆိုတဲ့ ဈေးနှုန်းအတိအကျကတော့ မသိသေးဘူး။ ကောက်တော့ ကောက်နေပြီ” ဟု ပြောသည်။
လက်ရှိတွင် အမ်းမြို့နယ်မှ ပဲပဒုံကြိုးတံတား၌ ကားတစ်စီးလျှင် ၁,၃၀၀ ကျပ်နှင့် အောက်ရွာတံတား၌ ၁,၈၀၀ ကျပ် စသည်ဖြင့် လမ်းတံတားဖြတ်သန်းကြေးပေးကြရကြောင်း ကားသမားများက ပြောသည်။
တောင်ကုတ်၊ သံတွဲ၊ ဂွ မြို့နယ်တို့တွင်လည်း မြို့အဝင်ဂိတ်များတွင် လမ်းတံတားအသုံးကြေးများ ပေးနေရပြီဟု သိရသည်။
သံတွဲမြို့မှ တောင်ကုတ်သို့ (၇၀၀) ကျပ်၊ သံတွဲမြို့မှ ဂွမြို့ဘက်သို့ သွားလျှင် ၂၇ မိုင်အတွက် (၄၀၀) ကျပ်နှင့် ဂွမြို့မှ သံတွဲမြို့သို့ သွားလျှင် မိုင် ၈၀ အတွက် (၁၀၀၀) ကျပ်ကောက်ခံနေသည်ဟု ကားသမားများက ပြောသည်။
စစ်တွေနှင့် သံတွဲမြို့တို့ကို ပြေးဆွဲနေသည့် ရတနာကားဂိတ်ပိုင်ရှင် ဦးထွန်းထွန်းနိုင်က “စပြီးပေးနေရတာတော့ ဟုတ်ပါတယ်။ အမ်းကနေ ယောချောင်းကို အသွားရော အပြန်ရော ပေးရတယ်။ တောင်ကုတ်- သံတွဲ၊ သံတွဲနဲ့ ဂွကိုလည်း ပေးနေရပါပြီ” ဟု ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။
ရခိုင်ပြည်နယ်ရှိ နေရာ (၁၀) ခုတွင် လမ်းတံတားအသုံးပြုခကောက်ခံရန် ပြည်ထောင်စုသို့စာတင်ထားသည်ဟု ပြည်နယ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်တွင် နိရဥ္စရာကို ပြောဆိုထားသည်။
ကောက်ခံမည့်နေရာများတွင် ကျောက်တော်မြို့ရှိ ကစ္ဆပနဒီတံတား၊ ရာမောင်တံတား၊ ကျောက်တန်းစစ်ဆေးရေးဂိတ်နှင့် သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် ဂွစသည့်နေရာများမှ နေရာ (၇) ခုပါဝင်သည်ဟု ဆိုသည်။
အဆိုပါလမ်းတံတားအသုံးပြုခများကို ဂိတ်များဖွင့်လှစ်ကာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်မှစတင်ကောက်ခံရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက စီစဉ်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း လမ်းတံတား ကြေးကောက်ခံမှုကို ပြီးခဲ့သည့် NLD အစိုးရလက်ထက်က ဖျက်သိမ်းထားခဲ့သော်လည်း လက်ရှိ နစကကောင်စီတွင် ပြန်ကောက်ခံနေခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံး၌ မြို့ဝင်ကြေးနှင့် လမ်းတံတားအသုံးပြုကြေး ကောက်ခံသည့် ဂိတ်ပေါင်း (၃၀၀) ကျော်ကို NLD အစိုးရလက်ထက် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဧပြီလက ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။