ရခိုင်သို့ ကုန်ပစ္စည်းတင်ပို့သည့် ကုန်ကားများကို ဖမ်းဆီးသည်သာမက လာဘ်ပေးလာဘ်ယူမှု ပြုလုပ်သည့် စစ်တပ်အရာရှိကြီးများကိုပါ စစ်ကောင်စီကဖမ်းဆီး

ရခိုင်သို့ ကုန်ပစ္စည်းတင်ပို့သည့် ကုန်ကားများကို ဖမ်းဆီးသည်သာမက လာဘ်ပေးလာဘ်ယူမှု ပြုလုပ်သည့် စစ်တပ်အရာရှိကြီးများကိုပါ စစ်ကောင်စီကဖမ်းဆီး

စစ်ကောင်စီသည် မြန်မာပြည်မမှ ရခိုင်သို့ ကုန်ပစ္စည်း တင်ပို့သည့် ကုန်တင်ကားများနှင့် စက်လှေ၊ မော်တော်ဘုတ်များကို ဖမ်းဆီးသည်သာမက အဆိုပါတင်ပို့ရာတွင် လာဘ်ပေး လာဘ်ယူမှု ပြုလုပ်သည့် စစ်တပ်အရာရှိကြီးများကို ဖမ်းဆီး အရေးယူမှုများ ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

ယခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်းမှတဆင့် ရခိုင်ပြည်ဘက်သို့ စားသောက်ကုန်တင်ထားသည့် ကုန်ကားတချို့အား အိမ်မဲမြို့နယ်၊ ကျွန်းကုန်းရွာတွင် ဖမ်းဆီးထားကြောင်း ဝါးခယ်မမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“  ဒီရက်ပိုင်းအတွင်း ရခိုင်ကို ပို့တဲ့ ကား ခုနှစ်စီးကို အိမ်မဲမှာ ဖမ်းတယ်။ အိမ်မဲမြို့က ကျွန်မတို့ ဝါးခယ်မဖက်နဲ့ဆက်စပ်နေတယ်။ ရခိုင်နဲ့  နီးတော့ ကုန်စည်အ သွားအလာက ရှိတယ်။ ဝါးခယ်မနဲ့ ရခိုင်ရေလမ်းက ကုန်သွယ်နေတာ ခေတ်အဆက်ဆက်ကြာခဲ့ပါပြီ။ အခုတလော ပိုပြီး စစ်တပ်က စစ်ဆေးနေတော့ ရခိုင်

ကိုကုန်တင်လို့မရတော့ဘူး။ ခွင့်မပြုဘူး။ စစ်တပ် စသုံးလုံးကပါ လာစစ်ဆေးနေတယ်”ဟု ပြောသည်။

အဆိုပါ ကုန်ကားများသည်  ရန်ကုန်မှ စားသောက်ကုန်ပစ္စည်း တင်လာသည့်ကုန်ကားများ ဖြစ်ကြပြီး ဧရာဝတီတိုင်းမှ တဆင့် ရခိုင်ပြည်နယ်ဘက်သို့ သင်္ဘောဖြင့် မပို့မီ အခုရက်ပိုင်း  အတွင်း ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သူမက ဆက်ပြောသည်။

စစ်ကောင်စီအား ထောက်ခံရေးသားနေသည့် တယ်လီဂရမ်ချန်နယ်တချို့တွင်လည်း အာရက္ခတပ်တော် (AA) ထံသို့ ရိက္ခာတင်ပို့မည့် ကုန်ကားခုနစ်စီးကို အောက်တိုဘာ ၂၁ ရက်တွင် ဧရာ၀တီတိုင်း အိမ်မဲတွင် ဖမ်းဆီးလိုက်သည်ဟု ဖော်ပြမှုများရှိနေကြောင်း သိရသည်။

၎င်းပြင် စစ်ကောင်စီက ရခိုင်သို့ စားသောက်ကုန်ပစ္စည်းများအား လာဘ်ယူပြီး ခွင့်ပြုပေးခဲ့သည့် စစ်တပ်က အရာရှိကြီးများကိုလည်း အောက်တိုဘာလ ပထမပတ်အတွင်း ဖမ်းဆီး အရေးယူမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

အရေးယူခံခဲ့ကြရသူများမှာ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး မျိုးညွန့်ဦး၊ စစ်ဦးစီး ဗိုလ်မှူးကြီး အောင်ဆန်းလွင်၊ ဒုတိယ ဗိုလ်မှူးကြီး ကျော်စွာထွန်း၊ ဗိုလ်မှူး စိုးရန်နိုင်နှင့် တပ်ရင်းမှူးအဆင့် နှစ်ဦးအပါအဝင် စုစုပေါင်း ခြောက်ဦးဖြစ်ကြောင်း သိရှိရသည်။

၎င်းတို့သည် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ပုသိမ်-မုံရွာလမ်းမကြီးနှင့် ဂွ-ငါးသိုင်းချောင်း လမ်းဆုံရှိ ရေနံ့သာစစ်ဆေးရေးဂိတ်တွင် စက်သုံးဆီ၊ စားနပ်ရိက္ခာ၊ ဆေးဝါးအပါအဝင် ကုန်ပစ္စည်းများအား ရခိုင်သို့ လာဘ်ငွေသိန်းထောင်ပေါင်းများစွာ ရယူခွင့်ပြုခဲ့မှုဖြင့် အရေးယူခံရခြင်း ဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

ဖမ်းဆီးခံထားရသည့် စစ်တပ်အရာရှိကြီးများ၏ ပိုင်ဆိုင်မှုများအား စစ်ကောင်စီက ချိပ်ပိတ် သိမ်းဆည်းထားသည့်အပြင် အိမ်ခြံမြေ၊ KTV နှင့် ဘဏ်စာအုပ်များကိုပါ လတ်တလော သိမ်းဆည်း ထားကြောင်းလည်း ဒေသတွင်း သတင်းများတွင် ဖော်ပြကြသည်။

 

ပြီးခဲ့သည့် ဇူလိုင် ပထမပတ်အတွင်းကလည်း ရခိုင်ပြည်နယ်သို့တင်ပို့မည့် ကျပ်သိန်းပေါင်း ခြောက်သောင်းခန့် တန်ဖိုးရှိ စားသောက်ကုန်စည်များ သယ်ဆောင်လာသည့် စက်လှေ တစ်စင်းကို ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေအနီးတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ရခိုင်နိုင်ငံရေးသမားတစ်ဦးက “ ရခိုင်ပြည်ကို လုံး၀ ကပ်ဘေးဆိုက်အောင် စစ်ကောင်စီက စီမံကိန်းတွေချပြီး လုပ်ဆောင်နေတာ။ အထူးသဖြင့် အငတ်ဘေးကျရောက်အောင် ဖန်တီးပြီး ရခိုင်ပြည်သူတွေ စစ်ကို လုံး၀ မလိုချင်အောင်၊ မကြားချင်အောင်ထိ ဖြစ်သွားအောင် လုပ်ဆောင်နေတာ” ဟု ပြောဆိုသည်။  

ယခုကဲ့သို့ လူသာမျိုးနွယ်တစ်ခုလုံး အငတ်ဘေးကျရောက်အောင်နှင့် ကျန်းမာရေးစောင့်ရှောက်မှု မရအောင် ကုန်သွယ်ရေး လမ်းကြောင်းများအား ပိတ်ဆို့ခြင်း၊ အမိန့်အာဏာဖြင့် ကန့်သတ် ပိတ်ပင်ခြင်းများသည် လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းပင်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရခိုင်ပြည်ဘက်သို့ ကုန်းလမ်း၊ ရေလမ်းများမှ ကုန်ပစ္စည်းများ သယ်ယူခွင့်ကို ရခိုင်တကျော့ပြန် တိုက်ပွဲ စတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ပြီး စစ်ကောင်စီင တင်းတင်းကျပ်ကျပ် ပိတ်ထားသဖြင့် ရခိုင်ပြည်တွင် စားနပ်ရိက္ခာများအပြင် ဆေးဝါးများလည်း ပြတ်လပ်ကာ ပြည်သူတစ်ရပ်လုံး အတိဒုက္ခကျရောက်နေကြသည်ဟု သိရှိရသည်။

Most read this week

January 22, 2025
လက်ရှိ အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များသည် ဧရာ၀တီတိုင်း၊...
January 21, 2025
ရခိုင်ပြည်၊ စစ်တွေမြို့ပြင်၊  ဝါဘိုကျေးရွာဘက်တွင် အာရက္ခတပ်တော် (AA) နှင့်...
January 17, 2025
ပုံစာ - ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃...