နိုင်ငံခေါင်းဆောင်များအပေါ် ပြစ်ဒဏ်ချမှု PPST လက်မခံနိုင်သော်လည်း တွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်းကို ဆက်သွားမည်

နိုင်ငံခေါင်းဆောင်များအပေါ် ပြစ်ဒဏ်ချမှု PPST လက်မခံနိုင်သော်လည်း တွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်းကို ဆက်သွားမည်

စစ်ကောင်စီက သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ် ချမှတ်လိုက်ခြင်းသည် နိုင်ငံရေးအရ ပြဿနာများကို အဖြေရှာနိုင်ရေးအတွက် ပိုမိုအလှမ်းဝေး စေသည့် အတွက် လက်ခံ၍ မရကြောင်း PPST က ပြောသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ (ယနေ့)တွင် ကျင်းပပြုလုပ်ခဲ့သည့် PPST အစည်းအဝေး နိဂုံးချုပ် အပိတ်မိန့်ခွန်းတွင် NCA အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်း က ပြောဆိုလိုက်ခြင်းဖြစ်သည်။

နိုင်အောင်မင်းက “နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြစ်ဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍လည်း လက်ခံနိုင်ဖွယ်မရှိပါ။ ထိုကဲ့သို့ စစ်ကောင်စီ၏ ဆောင်ရွက် ချက်များကြောင့် နိုင်ငံရေးပြဿနာများကို အဖြေရှာနိုင်ရေးအတွက် ပိုမိုအလှမ်းဝေးစေတယ်လို့ ယူဆပါတယ်” ဟုပြောသည်။

သို့သော် နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းရာတွင် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကသာ အသင့်တော် ဆုံးအဖြစ် PPST က ယုံကြည်ပြီး သက်ဆိုင်ရာ နိုင်ငံရေး အစုအဖွဲ့များ၊ နိုင်ငံတကာတို့နှင့် ဆွေးနွေးပြီး နည်းလမ်း ရှာ ကြိုးပမ်းသွားမည်ဟု ပြောသည်။။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာလ ၆ ရက်နေ့က နေပြည်တော် အထူးတရားရုံးတွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် ၂ နှစ်၊ အများပြည်သူအကျိုးကို ပျက်စီးစေမှုက ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်စီချမှတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ထောင်ဒဏ် ၄ နှစ်မှ ၂ နှစ်ကို စစ်ကောင်စီမှ လျှော့ပေါ့ပေးခဲ့ပြီး ကျန်ရှိနေသည့် ထောင်ဒဏ် ၂ နှစ်ကို ၎င်း တို့ လက်ရှိ ထိန်းသိမ်းခံရသည့် နေရာတွင်ပင် ကျခံစေရန် တရားရုံးက အမိန့်ချခဲ့သည်ဟု သိရသည်။

သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းထားပြီးနောက် အမှု ၁၁ မှုဖြင့် တရားစွဲဆိုခဲ့သည်။

ထိုအမှုများထဲမှ အမှု ၂ မှုကို ထောင်ဒဏ်ချ မှတ်ခဲ့ပြီးဖြစ်သော်လည်း အမှု ၉ မှုကို ဆက်လက်ရင်ဆိုင်ရန်ရှိသေး သည်ဟု သိရသည်။

နိုင်ငံတော် သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်လိုက်ခြင်းကို လက်ခံ၍ မရ သည့်အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့က ကြည့်မြင်တိုင်တွင် ဖြစ်ပွားခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို စစ် ကောင်စီမှ အကြမ်းဖက် ဖြိုခွဲမှုအပေါ် ကန့်ကွက်ရှုတ်ချသည်ဟု PPST ၏ ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းက  ဆိုသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ကနေ ၇ ရက်နေ့အထိ ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် PPST ၏ အစည်းအဝေးတွင် နိုဝင် ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး၊ စီးပွားရေး၊ကျန်းမာရေး အစရှိသည်တို့ကို ဆွေး နွေးခဲ့ကြသည့် အပြင် PPST က ချမှတ်ထားသည့် နိုင်ငံရေး ရည်မှန်းချက် ၇ ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် ဆောင်ရွက် ပြီးစီးခဲ့ သည်များကို ဆွေးနွေးသုံးသပ်ပြီး လုပ်ဆောင်သင့်သည့် ရှေ့လုပ်ငန်းစဉ်များကို ချ မှတ်ခဲ့ကြသည်ဟု PPST က ဆိုသည်။

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ် ငန်းစဉ် ဦးဆောင်အဖွဲ့ PPST တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်အမျိုးသား အစည်းအ ရုံး KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသား တပ်ဦး CNF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချူပ် PNLO၊ ရခိုင်ပြည် လွတ် မြောက်ရေးပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုး ပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ပါဝင်သည်။

November 27, 2024
လူထုရဲ့ ဆန္ဒသဘောထားကို မထင်ဟပ်တဲ့ မည်သည့် စွက်ဖက်မှုမျိုးက မဆို လက်ရှိ ရှိနေသည့် အခက်အခဲများကို...
November 26, 2024
တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပိတ်ဆို့မှုကြောင့်...
ဖယ်ခုံမှ စစ်ရှောင်များအား တွေ့ရစဉ်) ဓါတ်ပုံ - KRC
November 26, 2024
စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည့် ရှမ်း-ကရင်နီ အစပ် ဖယ်ခုံမြို့နယ်မှ ဒေသခံ...
November 22, 2024
ကချင်ပြည် နှင့် စစ်ကိုင်းတိုင်း နယ်အစပ်၊ ဆယ်ဇင်းကျေးရွာ အနီးရှိ ရှမ်းနီအမျိုးသားများတပ်မတော်SNA...