ဧရာဝတီတိုင်း ငပုတောမြို့နယ်အတွင်း ကျေးရွာတရွာကို စစ်ကောင်စီ တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသားတစ်ဦးကို ဖမ်းဆီးသွားသည်။
ဒီဇင်ဘာလ ၂ ရက်နေ့၊ နံနက် ၉ နာရီဝန်းကျင်က စစ်သား ၅၀ နီးပါးရှိ စစ်ကောင်စီတပ်ဖွဲ့တစ်ဖွဲ့က ငပုတော် မြို့နယ် ငရုတ်ကောင်း ကမ်းခြေမြို့ တောင်သရက်ကုန်း ကျေးရွာ အတွင်း စီးနင်းဝင်ရောက်ပြီး ဖိုးရွှေတောင် အနီးနေထိုင်သည့် ဦးသာလီ အသက် ၅၀ နှစ် ကို NLD ပါတီ အမာခံ ဟု စွပ်စွဲပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
"ရွာထဲကို ရုတ်တရက် ဝင်လာပြီး သေနတ်တွေနဲ့ ချိန်ထားတယ်။ တပ်မတော်ကို ဆန့်ကျင်တယ် ဆိုပြီး အိမ်တွေ ပေါ်တက်ရှာတယ်။ ဆန်ယူတယ် ဝက်တစ်ကောင်ကိုလည်း ပစ်သတ်ယူသွားတယ်။ ကြက်တွေလည်း ဖမ်းသွား တယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
NLD ပါတီ၏ အမာခံဟု စွပ်စွဲပြောဆိုကာ ဖမ်းဆီးခံလိုက်ရသည့် ဦးသာလီအတွက် မိသားစုဝင်များ က စိုးရိမ်နေ ကြသည်ဟု ဒေသခံများက ဆိုသည်။
ဒီဇင်ဘာလ ၂ ရက်နေ့ ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကျေးရွာထဲကဝက်တစ်ကောင်ကိုလည်း ပစ်သတ် ယူသွားကြပြီး အိမ်များတွင်မွေးထားသည့် ကြက်များကိုလည်း ဖမ်းဆီးသွားသည်ဟု ဆိုကြသည်။
အဆိုပါ တပ်ဖွဲ့မှာ မည်သည့် နေရာက လာသည့် တပ်ဖွဲ့ဆိုသည်ကို မသိကြသော်လည်း ငရုတ်ကောင်းမြို့နယ် အတွင်းရှိ သရောင်းကျေးရွာ နှင့် ငရုတ်ကောင်းတောင်ကျေးရွာတို့တွင် စစ်တပ်တစ်တပ် တပ်စွဲထားသည်။
"စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့တစ်ဖွဲ့က ရွာထဲဝင်ပြီး ရိက္ခာရှာတဲ့ ပုံစံမျိုးပါပဲ။ လူကိုတော့ မေးစရာ ရှိလို့ ဖမ်းတာထင်တယ်" ဟု ငရုတ်ကောင်းမြို့ခံ တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ နှင့် နိုဝင်ဘာလတုန်းကလည်း ပုသိမ်ခရိုင် ငပုတောမြို့နှင့် ကန်ကြီးထောင့်မြို့တွင် စစ်ကောင်စီက စစ်မှုထမ်းဟောင်းများ၊ အုပ်ကြီးများ၊ ပျူစောထီးများကို စစ်သင်တန်း ၃ ကြိမ်ပေးခဲ့သည်။
ယင်းသင်တန်းဆင်းများဖြင့် စစ်ကောင်စီတပ်တို့ ပူးပေါင်း၍ သာပေါင်း၊ ကန်ကြီးထောင့်၊ ပုသိမ်၊ ချောင်းသာ၊ ငပုတော၊ ငရုတ်ကောင်း စသည့်မြို့နယ်များအတွင်းရှိ တောတောင်များထဲတွင် နယ်မြေ ရှင်းလင်းရေး အတွက် စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ရန်ရှိသည်ဟု စစ်ပြန် စစ်မှုထမ်းဟောင်း အသိုင်းအဝိုင်းထံမှ သိရသည်။