ဆောင်းဝင်လာပြီဖြစ်သောကြောင့် တရုတ်-မြန်မာ နယ်စပ် မုံးကိုးမြို့နယ်အတွင်းက စစ်ရှောင် ၇၀၀ ကျော်အတွက် အနွေးထည်နှင့် စောင်များ အရေးပေါ် လိုအပ်နေသည်ဟု စစ်ရှောင်များနှင့် စစ်ရှောင်များအား ကူညီပေးနေသူများက ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ရှိ ခရစ်ယာန်ဘုရားကျောင်းနှစ်ကျောင်း၊ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ တရုတ်ဘာသာရေး အဆောက်အဦနှင့် တောင်ယာများတွင် ခိုလှုံနေကြသည့် စစ်ရှောင်များအတွက် လိုအပ်နေခြင်း ဖြစ်သည်ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
“အခုက လိုအပ်တာကို ပြောရမယ်ဆိုရင် အဓိက စောင်တွေလိုတယ်၊ ပြီးတော့ အနွေးထည်လိုတယ်။ စစ်ရှောင် တွေက အိမ်ပြန်လို့မရသေးဘူးဆိုတော့။ တောင်ယာတွေမှာ သွားအိပ်နေတဲ့လူတွေလည်း အများကြီးရှိတယ်။ အမျိုးတွေအိမ်မှာ သွားနေတဲ့လူတွေလည်း ရှိသေးတယ်။ အားလုံးက အခုဆို ဆောင်းတွင်းဝင်လာပြီဆိုတော့ အကုန်လုံးက လိုအပ်နေတာပဲ။ ဒီမှာက အေးလည်းအရမ်းအေးတယ်။ တခြား လိုအပ်တာကတော့ အစားအစာ ပေါ့ ရိက္ခာလည်း လိုတာပဲ” ဟု မုံးကိုး လီဆူဘုရားကျောင်းဝန်းအတွင်း စစ်ရှောင်နေရသည့် စစ်ရှောင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များနှင့် ကိုးကန့်တပ်မတော် MNDAA တို့အကြား မုံးကိုးဒေသအတွင်း နိုဝင်ဘာလ ပထမ အပတ်ထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကလည်း စစ်အင်အားတိုးချဲ့မှုများ ဆက်တိုက် လုပ်ဆောင်နေသည်ဟု The Kokang သတင်းနှင့်ပြန်ကြားရေး၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် စစ်ရှောင်များနေရပ်ပြန်ရေးမှာ ယနေ့အချိန်ထိ မဖြစ်နိုင်သေးဟုလည်း စစ်ရှောင်များက ပြော သည်။
စစ်ရှောင်များအား အကူအညီပေးနေသူ လူငယ်တစ်ဦး က “ဟို ၃ ရက်နေ့ကဆို တနေ့လုံး ပစ်ခတ်သံတွေကြား နေရတာ။ စစ်ရှောင်တွေလည်း စိုးရိမ်တာတော့ စိုးရိမ်တာ ပေါ့။ တခြားကို ထပ်ပြေးရမှာလား အဲ့လိုမျိုးပေါ့။ ဒါ ပေမယ့် ဒီလိုပဲ ဒီဘက်မှာက တိုက်ပွဲကဖြစ်တယ်၊ ပြီးရင် ပြန်ရပ်သွားတယ် အဲ့လိုဖြစ်နေတာ ကြာပြီနော်။ ဘယ်သူမှလည်း အိမ်မပြန်ရဲကြဘူး။ စစ်ရှောင်စခန်းမှာ အများနဲ့နေ တော့လည်း အခက်အခဲကလည်း ရှိတယ်။ ဒီလိုပဲ နေရတယ်။ တချို့က တောင်ယာမှာ သွားအိပ်တာတွေလည်း များတယ်။ တချို့ကတော့ အမျိုးတွေအိမ် မှာ နေကြတယ်။ လိုအပ်တာတွေက အများကြီးပါပဲ။ လောလောဆယ် တော့ ဒီဆောင်းတွင်းဆိုတော့လေ စောင်တွေက တော့ လူတိုင်းအတွက် လိုအပ်တယ်” ဟု ပြောသည်။
ယခုအခက်အခဲများနှင့် ရင်ဆိုင်နေရသည့် မုံးကိုးဒေသက စစ်ရှောင်များသည် ဩဂုတ်လကတည်းက ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော်(MNDAA) တို့အကြားက တိုက်ပွဲများကြောင့် ထွက်ပြေးနေကြရ သည့် စစ်ရှောင်များ ဖြစ်သည်။
နိုဝင်ဘာလ ၂ ရက်နေ့ကလည်း လားရှိုး နှင့် သိန္နိလမ်းကြားရှိ နာချန်ဒေသ မြောက်ဖက်တွင် စစ်ရေးလှုပ်ရှားနေ သည့် စစ်ကောင်စီတပ်များနှင့် MNDAA ကိုးကန့်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထို့အပြင် မုံးကိုးဒေသနှင့် ဖောင်းဆိုင်ဒေသတို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်စွာ ဖြစ်ပွားနေပြီး မုံးကိုးမှ ဖောင်းဆိုင်ဖက်သို့ စစ်ကူရန် ချီတက်လာသည့် စစ်ကောင်စီ၏ ယာဉ်တန်းများကို နိုဝင်ဘာလ ပထမအပတ် အတွင်း ကြားဖြတ်တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့သည်ဟု MNDAA က ထုတ်ပြန်ထားသည်။