PNO က ပင်လောင်းစစ်ရှောင်များကို ခြိမ်းခြောက်နေရပ်ပြန်ခိုင်း

PNO က ပင်လောင်းစစ်ရှောင်များကို ခြိမ်းခြောက်နေရပ်ပြန်ခိုင်း

သျှမ်းပြည်၊ ပင်လောင်းမြို့နယ်  ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး အတင်းအကြပ် နေရပ်ပြန်ခိုင်းနေကြောင်း  သတင်းရရှိသည်။

ပင်လောင်းမြို့နယ် ဗန်း‌မောက်ကျေးရွာတွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံ အမျိုးသားများကို ပအိုဝ်းပြည်သူ့စစ် PNO က ပြီးခဲ့သည့် (နိုဝင်ဘာလ ၉ ရက်)နေ့တွင် ခြိမ်းခြောက်ပြောဆိုကာ အတင်းအကြပ် နေရပ်ပြန်ခိုင်းနေကြောင်း အသက် ၃၅ နှစ် ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲတွေနည်းနည်းငြိမ်နေတော့ သူတို့က ပြန်ခိုင်းနေတယ်။ လုံးဝအိမ်မပြန်ရင်လည်း အိမ်ကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ကျနော်တို့ရွာကိုပဲ တခြားရွာတွေတော့ မဖြစ်ဘူး။ မိန်းကလေးတွေကိုတော့ မပြန်ခိုင်းဘူး ပေးမပြန်ဘူး။ ကိုယ့်အိမ်ကိုလည်း ကိုယ်စိတ်ပူတော့ တချို့တွေက ပြန်ရတာပေါ့။” ဟု  အသက် ၃၅ နှစ် ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုစစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့ စစ် PNO မှ နေရပ်ပြန်ရန် ခြိမ်းခြောက်ထာသည့်အတွက် စစ်ဘေးရှောင်နေသည့် အမျိုးသား ၂၀ ဝန်းကျင်သည် နိုဝင်ဘာ ၁၀ ရက်နေ့တွင် စစ်ဝတ်စုံဝတ်၍ နေရပ်ပြန်သွားခဲ့ရကြောင်း အသက် ၃၅ နှစ်ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ဆက်ဆိုသည်။

“မနေ့က အယောက် ၂၀၊၃၀ ပြန်သွားကြတယ်။ အိမ်တွေကို  စိတ်ပူလို့ရယ်၊ တချို့တွေက စပါးတွေသိမ်းဖို့ လိုတာရယ် အဲ့ကြောင့် မတက်နိုင်လို့ ပြန်ကြတာ။ မနေ့က(နိုဝင်ဘာလ ၁၀ရက်နေ့) ပြန်သွားတဲ့လူတွေကို သူတို့က စစ်ဝတ်စုံတွေ  ဝတ်ပြီးပြန်ခိုင်းတယ်။ သူတို့ရဲ့ အခြေအနေကိုတော့ မသိရသေးဘူး။”ဟု ၎င်းက ပြောသည်။

ထိုပြင် (နိုဝင်ဘာလ ၁၀ ရက်) ည ၈ နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီမှ ကား ၁၀ စီးကျော်ဖြင့် ဆောင်ပြောင်းကျေးရွာဘက်သို့ စစ်အင်အားများထပ်ဖြည့်နေကြောင်း မြင်တွေ့ခဲ့သည့် အမျိူးသားတစ်ဦးက ထပ်မံလောင်းပြောသည်။

“မနေ့ည(နိုဝင်ဘာလ ၁၀ ရက်) စစ်ကောင်စီတွေ ကား ၁၀ ဝန်းကျော်လောက်နဲ့ ဆောင်းဗြောင်းဘက်ကို သွားတယ်။ စစ်အင်အား ဖြည့်တာပေါ့။ အခြေနေကမကောင်းနိုင်သေးဘူး စိုးရိမ်နေရတုန်းပဲ။ပင်လောင်းမြို့ထဲကနေ ဖြတ်သွားတာ “၁၁၁၁”စစ်ဆင်ရေး ၁ နှစ်ပြည့်ဆိုတော့ သူတို့တွေလည်း စစ်အင်အားတွေဖြည့်နေတာ" ဟု မြင်တွေ့ခဲ့သည့် အမျိူးသားတစ်ဦးက ပြောသည်။

အောက်တိုဘာလတွင်လည်း ပင်လောင်းမြို့နယ် နောင်ဝိုးကျေးရွာ၊ လှဲလောင်းနှင့် အခြားသော နေရပ်ပြန်သွားသည့် ကျေးရွာဒေသခံများကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO က အသက် (၁၆) နှစ်မှ အသက် (၆၀) အတွင်း အမျိုးသားများကို စစ်မှုထမ်းရန် ခေါ်ဆောင်သွားပြီး အချို့ကို ရွာအတွင်း၌ ကင်းစောင့်ခိုင်းနေကြောင်း သိရသည်။

ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အကြားရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစု တို့ တိုက်ပွဲများငြိမ်သက်နေပါသော်လည်း စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

December 23, 2024
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့တွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေကြောင်း...
December 20, 2024
မြန်မာ - ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’ တပ်ဖွဲ့ UWSA အကြား...
December 20, 2024
သျှမ်းပြည်၊ သိန္နီမြို့ရှိ ဒေသခံတချို့ကို မူးယစ်းသုံးစွဲသည်ဟု စွပ်စွဲပြီး ကိုးကန့်တပ် MNDAA က...
December 19, 2024
သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက်...